ဦးပုည တေးထပ်များ ၁

ဦးပုညတေးထပ်တွေ စိတ်ကူးချိုချိုက ပြန်ထုတ်တဲ့ စာအုပ် ရထားတယ်.. ပြန်ရိုက်တင်ပေးဖို့ စိတ်ကူးပါတယ်..
ခုလောလောဆယ် သဘောကျတဲ့ ၃ ပုဒ် အရင် တင်ပေးလိုက်တယ်..
enjoy !! :D

ကိုရုပ်ဆိုး
            ထိတ်စရာ လိပ်ပြာလှုပ်၊ ပြိတ္တာရုပ်သဖွယ်၊ မဲချက်က ကဲတက်ကြွယ်၊ ကျွဲနက်ဝယ်မခြား၊ ချေးသူဌေး မီးသွေးငယ်သည်၊ ကျီးမွေးကို ရှုံးရတကား၊ ညစ်ထေးလို့ ပြစ်ထွေးမှောင်တယ်၊ သစ်စေးရောင်အလား၊ အနက်တွင် မက်လင်သားပါပဲ၊ မျက်မြင်အား အမှန်၊ အမူမှာ ငါးခူရှုံ့ရ၊ လဒူမုံ့ကျွမ်းသည့်သဏ္ဍာန်၊ သပိတ်နှင့် ငချိတ်ဆန်လို၊ မနိပ်ဟန်ဆင်ကွဲပ၊ မင်ခဲနှင့် ပုလင်းဖင်လို၊ မဲမှောင်လို့ညို၊ မီးလောင်သည့် တုံးငုတ်တိုမှာ၊ ပုံးစုတ်ကို စွပ်ထားသို့လေး။
(အရုပ်ဆိုးဖွဲ့)

လေးမောင့်စံကျောင်း
            မြတ်လေးရုံတောစ၊ ဒေါနလမ်းမြေညီ၊ လျှောကျစမ်း ရေသင်းကြည်တယ်၊ ရွှေနှင်းဆီကန်ချောင်း။ လွမ်းမတတ် စကားဝါဂူမှာ၊ နံ့သာဖြူ လေးမောင့်စံကျောင်း စံပယ်ချပ် သရဖီချောင်မှာ၊ ခွာညိုတောင်ခိုအောင်း။ ရွှေသဇင် စုပေါင်းလို့၊ နုညောင်စောင်းထက်မှာ၊ ပဒုမ္မာ ကြာသင်္ကန်းငယ်နှင့်၊ ခါဆင်မြန်း တောမွေ့ပျော်ရာ။ ပန်းသော်က တံတိုင်းကာသည်၊ ဇီဇဝါမုခ်ခြားလို့၊ တံခါးက ချရားကြိုင်၊ သင်းတဲ့ဂနိုင်။ ယုဇန မဟာမြိုင်မှာ၊ တစ်ဝါပိုင်ကြိုးချင်ပေါ့လေး။
(တောထွက်ဖွဲ့)

ညစ်ပတ်တော်မူလွန်းသူ
            အသားတော် အရောင်ထွက်တာက၊ မှောင်နက်လို့ မဲညို၊ ထောင်ထွက်နှင့် မကွဲလိုတယ်၊ သူရဲဆို ဇာတိ။ ခံတွင်းကသာ ထုတ်ဖော်လျှင်၊ အာပုပ်စော် ထိုးလှပါဘိ။ သူ့ပါးစပ် အပြီးပေတယ်၊ သွားချီးတွေ အပြည့်။ အနီးလေ လွန်မကြည့်ချင်ဘု၊ ရွံစလိ ကြောက်ဖွယ်။ ဘုတ်တစ္ဆေ ရုပ်ရေကျအောင်၊ ဗြုတ်တွေက ပေါလိုက်လေတယ်။ ကိုယ်နံ့က ခွေးသူငယ်လို၊ မွှေးပေတယ် မသဒီပျို့အောင်ပ၊ ညှီစို့စို့ လင်းတစော်၊ နည်းတူရဲ့နော်။ ဂျီးထူချက် ရှစ်ထပ်ကျော်အောင်၊ ညစ်ပတ်တော်မူလွန်းလှလေး။
(ညစ်ပတ်ဖွဲ့)

2 comments:

  1. လေးမောင့်စံကျောင်းပဲသတိရတယ်... ကျောင်းတုန်းက စသင်တာကိုသူပြောတဲ့အတိုင်းနားမထောင်ပဲ အထွန့်တက်တာ.. တောထွက်မယ့်လူက ဟိုမှာနေချင်တယ် ဒီမှာနေချင်တယ်နဲ့ ဂျီးများနေရသေးလားလို့... ဒါနဲ့ ဘယ်ဗားရှင်းကအမှန်လဲ... ကျောင်းသုံးစာအုပ်ထဲမှာ (ယုဇနမဟာမြိုင်မှာ ကမ္ဘာတိုင်မှီးမယ်ပလေး..။ ) လို့ပါတယ်.. ဒီမှာက (ယုဇန မဟာမြိုင်မှာ၊ တစ်ဝါပိုင်ကြိုးချင်ပေါ့လေး) လို့ဖြစ်နေတယ်.. :?

    ReplyDelete

your comment please

Powered by Blogger.