နွေနှစ်ကူး

မြန်မာနှစ်သစ်ကူးချိန် ရောက်ပြန်ပြီ..
ဒီနှစ်တော်တော်လေး မျက်စိနောက်သက်သာနေသလိုပဲ..
ကြောင်ကြောင်ကြားကြား ကို့ယို့ကားယားတွေ အရင်လောက်မမြင်မိဘူးထင်တယ်.. အသိမိတ်ဆွေတွေတော်တော်များများ ခရီးသွားဖို့ ပြင်နေကြလေရဲ့.. ကိုယ်တိုင်လည်း တောင်ကြီးမဟုတ်တဲ့ တခြားတစ်နေရာကို ခရီးသွားဖြစ်မယ်.. ခဏတော့ နေရစ်ခဲ့ဦး ရန်ကုန်..

သင်္ကြန်ကို ဘာလို့ရင်မခုန်တာလဲလို့ တခါတလေပြန်တွေးကြည့်မိတယ်..
နေပူပူထဲမှာ ရေစိုရတာကို မကြိုက်ဘူး.. ပုံပျက်ပန်းပျက် မူးရူးအော်ဟစ်နေကြတွေကို မကြည့်ချင်ဘူး.. ရိုးရာအမွေနှစ်တွေပျောက်ပြီး သင်္ကြန်ဆိုတဲ့ရသပျောက်နေတာကိုလည်း မနှစ်သက်နိုင်ဘူး.. ပိတောက်ကိုလည်း မချစ်ဘူး.. နှစ်တိုင်းနှစ်တိုင်း သင်္ကြန်ဟာ ကိုယ်နဲ့ အဝေးကြီးကနေ မသိမသာစီးဆင်းမြဲ..

သင်္ကြန်နဲ့ပတ်သက်တဲ့ ဒီဇိုင်း ၃ ခု ၄ ခု လုပ်ဖြစ်တယ်..
တစ်ခုက လုံးဝ သင်္ကြန်ဖော်မယ်လ်.. ပိတောက်ပန်းနဲ့ ဖလားနဲ့.. ကောင်မလေးလှလှလေး နှစ်ယောက်က ပြုံးရယ်လို့ လက်အုပ်ချီထားတယ်.. နှစ်သစ်ဆုတောင်းကလည်း တခမ်းတနား.. နောက်တစ်ခုက လူငယ်တွေဦးစီး စီစဉ်တဲ့ သင်္ကြန်မဏ္ဍပ်တစ်ခု.. အနက်ကို အဓိကအရောင်အနေနဲ့ထားတယ်.. တောက်တောက်ပပ ပေါ်လွင်တဲ့အရောင်တွေ သုံးတယ်.. လုံးဝခေတ်သစ်သင်္ကြန်.. နောက်တစ်ခုက နှစ်မျိုးစပ်ခေါ်ရမယ်.. ပိတောက်မပါ ဖလားမပါ.. သို့သော် အခန့်အထည် သပ်ရပ်တောက်ပတဲ့ အရောင်တွေကိုသုံးတယ်.. လူတိုင်း လူတိုင်း သို့မဟုတ် အဖွဲ့အစည်းတိုင်းဟာ သင်္ကြန်ကို ကိုယ့်ပုံစံနဲ့ ကိုယ်ဖြတ်သန်းကြတာချည်းပဲထင်တယ်..

သင်္ကြန်တိုင်းမှာ ကိုယ့်နေရာတွေက ပြောင်းနေတာလည်း ဘာလို့လဲမသိဘူး..
မတည်မငြိမ်တဲ့ အလုပ်အကိုင်ကိုပဲ သဘောကျနေတာလည်းပါမယ်.. ကိုယ်တိုင်ကိုက ပြောင်းလဲ လှုပ်ရှားရတဲ့သဘာဝကို နှစ်သက်တာကိုး.. နောက်နှစ် တိုင်းရင်းသားဒေသတစ်ခုခုမှာ သင်္ကြန်ကျချင်နေတယ်.. ခရီးသွားမယ် ခရီးသွားမယ်.. တစ်နေရာထဲမှာ ငြိမ်သက်ပိတ်မိနေရရင် သေသွားမယ်ထင်တယ်..

ဘယ်လိုပဲဖြစ်ဖြစ် ကောင်းသောနှစ်သစ်တစ်ခုကို စိတ်ချမ်းသာစွာ ကြိုဆိုမယ်..
ကောင်းတာတွေ ဆက်ပြီး ထိန်းသိမ်းသယ်ဆောင်.. မကောင်းတာတွေ တတ်နိုင်သလောက် ချန်ခဲ့.. မကောင်းမှန်းသိပေမယ့် မစွန့်ချင်တာတချို့လည်း ယူလာဦးမယ်.. မကောင်းတာမရှိရင် ကိုယ့်ကောင်းတာလေးတွေ မပေါ်လွင်ဘဲနေမှာလည်းစိုးလို့ပါ..း)

5 comments:

  1. သင်္ကြန်မှာလဲ သိပ်မပျော်ဘူး ပိတောက်ကိုလဲ မချစ်ဘူး
    သိပ်ပြီးလဲ ယဉ်ကျေးမနေဘူး ဘုန်းကြီးကျောင်းလဲ မသွားချင်ဘူး
    မူးရူးခုန်ပေါက်ပြီးလဲ မနေချင်ဘူး သပြေခက်နဲ့ ရေပက်ရမယ့်ခေတ်လဲ မဟုတ်တော့ဘူး
    ဒါပေမယ့် သင်္ကြန်မှာ ပိတောက်ပန်းလေးတွေ ပွင့်ပြီး တူးပို့ တူးပို့ (ခေတ်သစ် တူးပို့တူးပို့ မဟုတ်ပါ)လေးတွေ ကြားရပြီး သူများတွေ ကောင်းကောင်းမွန်မွန် ရေကစားနေတာ မြင်ရင်တော့ စိတ်ချမ်းသာတယ်.... :)

    ReplyDelete
  2. ကိုယ်လည်း သင်္ကြန်ကို ရင်မခုန်ဘူး။ သင်္ကြန်နံ့ကို ရပြီး အိမ်ထဲမှာ စာထိုင်ဖတ်နေရရင် လုံလောက်တယ်။

    ဒီမှာကတော့ !_!

    ReplyDelete
  3. သင်္ကြန်ဆိုတာ ဘာလဲခညလို့ ပြန်မေးရမလိုတောင် ဖြစ်နေပြီ။
    တကယ်တော့ သင်္ကြန်တွင်းမှာ ဘာလုပ်သည်ဖြစ်စေ မလုပ်သည်ဖြစ်စေ ကိုယ့်နိုင်ငံ၊ကိုယ်ဇာတိအတွင်းမှာ ရှိချင်တာတော့အမှန်ပဲ။
    ပျော်သည်ဖြစ်ဖြစ် မပျော်သည်ဖြစ်ဖြစ် သင်္ကြန်ရဲ့အငွေ့အသက်ကို ခံစားချင်တယ်။

    ReplyDelete
  4. ဟုတ်ပ ဟုတ်ပ

    ReplyDelete
  5. သင်္ကြန် ကိုမကြိုက်ဘူး မူးတာ ကိုပိုပြီး မကြိုက်ဘူး

    ကျိုင်းတုံမှာ ဒီနှစ်ရှမ်း ရိုးရာ သင်္ကြန် ကိန်ကှောင် ခေါ်တယ် နှစ် ၆၀၀ ပြည့်
    အရမ်းစည်မှာ
    ယိုးဒယားကတောင် အများကြီး သွားကြဖို့ ရှိတယ်

    အဲ့တာတော့ စိတ်ဝင်စားတယ်
    နန်းညီ က တိုင်းရင်းသား ဒေသ တခုခု ဆိုလို့ပါ

    ခုလောလောဆယ်တော့ အမေ နဲ့ညီ ရောက်နေတယ်
    မောင် ရယ် ကိုယ်ရယ် အမေ ရယ် ညီ ရယ်
    ဖူးကက်သွားကြမယ်

    ReplyDelete

your comment please

Powered by Blogger.