နေရောင်အောက်၌ အိပ်စက်ခြင်း
နေရောင်အောက်မှာ သူအိပ်နေပုံက မနာလိုချင်စရာ တော်တော်ကောင်းသည်..
သော်ကဖြင့် လမ်းခရီးတလျှောက် ကားပေါ်မှာလည်း ချမ်းလာ.. ညောင်းညာလာသည့်အပြင် ကားအောက်ဆင်းလိုက်တော့လည်း နွေးမသွားဘဲ အညာဆောင်းလေ အေးစိမ့်စိမ့်က တကိုယ်လုံးပါ တုန်ရီလာစေတော့ အချိန်စောပြီး ကြိုစောင့်မနေသည့် ကိုကို့ကို အပြစ်တင်ငြူစူနေမိတာ..
မနက် ၆ နာရီနေသည် သူတို့ ဒေသခံတွေအတွက်တော့ နွေးထွေးစေဖို့ လုံလောက်ပြီလား မပြောတတ်ပေမယ့် သော့်အတွက်ကတော့ ရေအေးအေးတောင် မသောက်ချင်လောက်အောင် ဖြစ်နေဆဲ.. ကားဂိတ်ရောက်ပြီး ကိုကို့ကို ရှာသော်လည်းမတွေ့ရဘဲ "မြင်းလှည်းနဲ့သွားမလား".. "ဆိုက်ကားလား အမ၊ ဆိုက်ကား".. "ကားငှားမလား.. ဆိုင်ကယ်လား".. အသံတွေစုံလျက် အင်္ကျီထုတ်ကိုလည်း တယောက်တလက် ၀ိုင်းဆွဲကြသည့် လူအုပ်ကြားမှာ စိတ်ရှုပ်ထွေးသွားခဲ့ရသည်.. အားလုံးကို လက်ကာပြ ခေါင်းခါပြလျက် မြန်မြန်ဆန်ဆန် ကားဂိတ်အဆောက်အဦထဲ ပြေးဝင်လိုက်မှ အသက်ရှူဝတော့၏..
ကိုကို့ဆီ ဖုန်းဆက်တော့လည်း ဖုန်းမကိုင်သည်မို့ လာကြိုဖို့ ထွက်လာနေပြီလို့တော့ တွက်ဆနိုင်သား.. သော်သည် နေပူထဲ ထွက်ရပ်နေနိုင်လျှင် ခဏချင်း နွေးလာမည်ကို သိလည်း ကားငှားသူ ကားအငှားခံသူတွေ ရှုပ်လျက်ရှိသည်မို့ ခပ်ငြိမ်ငြိမ်ကုပ်ကုပ်ပဲ ကားဂိတ်က ခုံတန်းလေးမှာ ထိုင်နေရင်း မလှမ်းမကမ်းက နေပူထဲမှာ သူအိပ်နေပုံကို ကြည့်လျက် မနာလိုဖြစ်စပြုလာသည်.. အားမကျစကောင်း သူ့ဘ၀ကို အားကျလာသလိုလိုပင်..
ကြည့်ပါဦး.. တလောကလုံး ဘာပဲ ဖြစ်နေပါစေ.. စိတ်ပူပန်တာတွေ သောကတွေ မကောင်းတာတွေဟာ သူ့အပေါ်လုံးဝ မကျရောက်လာနိုင်ဘူးဟု စိတ်ချယုံကြည်စွာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေလိုက်တာ.. နေရောင်သည် သူ့ မျက်တောင်မွှေးလေးများပေါ်အထိ ထိုးဆင်းကျရောက်နေပြီး လင်းဖြာနွေးထွေးစေသည်ထင်၏.. နှစ်ခြိုက်စွာ အိပ်ပျော်စေသည်ထင်၏.. အိပ်မက်များလည်း ဆန်းကြယ်လှပစေမည်ထင်၏..
ဘေးမှာ လူတွေ ဘယ်လောက်ဆူညံနေပေမယ့် သူ့ကို အနှောင့်အယှက်ဖြစ်စေပုံမပေါ်.. လက်များကို ကွေးချိတ်၍ သူ့လက်ပေါ်သူ မေးတင်ကာ သက်တောင့်သက်သာရှိနေသည်.. သော်သာ လက်ပေါ်မေးတင်ပြီး အိပ်တတ်မည်ဆိုလျှင် တညလုံး ကားပေါ်မှာ အိပ်ရေးဝမည်ပင်.. ခုတော့ သော်သည် ခရီးသွားတိုင်း ကားထိုင်ခုံခပ်ကျဉ်းကျဥ်းတွေကြားမှာ ခြေကို ခေါက်ကွေးမရ.. တင်လို့မရ.. လက်ကိုဘယ်နားထားရမည်မသိ.. ကသိကအောင့်ဖြင့် တညလုံး အိပ်ရေးပျက်ရစမြဲ..
ကြည့်နေရင်းမှာပင် သူသည် မျက်လုံးများကို ဖြေးဖြေးစင်းစင်း ဖွင့်ကာ ပတ်ဝန်းကျင်ကို တချက်အကဲခတ်သလို ကြည့်လိုက်၏.. ခေါင်းတော့ ထောင်မထလာ.. ရီဝေေ၀မျက်လုံးများက အိပ်ချင်စိတ်ပြေသေးဟန်လည်းမတူ.. သူ မျက်လုံးပြန်မှိတ်ပြီး အိပ်သွားပြန်တော့ မက်လက်စ အိပ်မက်ပင် ပြန်မက်ဦးမလားဟု သော်တွေးမိသေးသည်.. လွန်လွန်းတာပေါ့ကွယ်.. သူများတကာတွေ တက်တက်ကြွကြွလှုပ်ရှားနေကြပြီလေ.. မနက် ၆ နာရီသည် မြို့ပြကြီးများမှာတော့ စောသည်ဟု ဆိုနိုင်သော်လည်း ဒီလို မြို့ကလေးအတွက်တော့ စောသည်ဟု မဆိုနိုင်ပါဘူး..
သော့်ဘ၀မှာ အပူအပင်ကင်းကင်း အနှောင့်အယှက်ကင်းကင်း အိပ်မက်ကင်းကင်းဖြင့် အိပ်ရေးဝခဲ့သော ည ဘယ်နှစ်ညလောက်များ ရှိသလဲလို့ ပြန်စဉ်းစားနေမိသည်.. မရှိခဲ့ဖူးတာတော့ မဟုတ်.. သူ့လောက်တော့ များများစားစား မရှိနိုင်ပါဘူးလို့ အားကျသလိုလို မနာလိုလိုသလိုလို တွေးပြန်၏.. ငါ့နှယ်.. မနာလိုစရာမရှိ ရှာကြံ မနာလိုနေပြန်ပြီလို့လည်း ကိုယ့်ကိုကိုယ် ရယ်ချင်မိပြန်သည်..
ဘယ်လောက်တောင် သူ့ကို စိုက်ငေးနေမိလဲမသိ.. ကိုကို အနားရောက်လာတာ မသိလိုက်ချေ.. ပါးကို အေးစက်စက်လက်နှင့် အနောက်ကနေ အုပ်ကိုင်လိုက်ကာမှ အလန့်တကြား နောက်လှည့်ကြည့်မိသည်.. ကိုကို ပြုံးနေ၏.. ကြည်လင်နေ၏.. သော့်ကို မြင်ရလို့ ပျော်သွားဟန်လည်းရှိသည်.. ဆိုင်ကယ်ပေါ်တက်ခါနီး သိုးမွှေးဦးထုပ်ကို သော့်ခေါင်းပေါ်မှာ နေသားတကျ ဆောင်းပေးသေးသည်.. ကျေးဇူးတင်ဖွယ် နွေးထွေးသွားလေသည်..
ဆိုင်ကယ်ပေါ်ရောက်မှ သူ့ကို တချက်ပြန်လှည့်ကြည့်လိုက်တော့ အိပ်ပျော်နေဆဲ.. အကြာကြီး စိုက်ကြည့်သွားပြီး မနာလိုဖြစ်နေသည့် မိန်းမတစ်ယောက်ကိုလည်း သူသိလိုက်မှာတောင် မဟုတ်ဘူးဟု တွေးမိတော့ ပြုံးမိသွားပြန်သည်.. သို့သော် ကိုကိုက ဆိုင်ကယ်ကို မောင်းထွက်လိုက်ချိန်မှာ နောက်က မြင်းလှည်းကလည်း ထွက်အလာမို့ လမ်းဘေးချရပ်လိုက်ပြန်တော့ ..
ရုတ်တရက် ဗရုန်းသုန်းကား သူ့အနားရောက်လာသည့် ဆိုင်ကယ်စက်သံကြောင့် လန့်ဖျတ်ကာ အမြီးလေးကုတ်၍ တအီအီ အော်ရင်း ထပြေးလေတော့သည်..
ခွေးလေး ဇိမ်ပျက်သွားရှာပြီ..
သော်၏ မနာလိုခြင်း အမှုလည်း ထိုအခါရပ်တန့်လေတော့သည်။

No comments:
your comment please