သူနဲ့တွေ့တဲ့ညနေ

လမ်းထဲကို ချိုးကွေ့လိုက်သည်နှင့် တပြိုင်နက် လမ်းထိပ်မှာ သူ့ကိုမြင်လိုက်ရတော့ သော် တော်တော်လေးအံ့သြသွားသည်.. ဟုတ်မှ ဟုတ်ရဲ့လားလို့ သေချာစူးစိုက်ကြည့်လိုက်ရ၏.. မီးတိုင်အောက်နားလေးမှာ ရပ်နေသော သူက ပြုံးပြလိုက်တော့မှ လုံးဝသေချာသွားတော့သည်.. ဆွေလင်း.. သော့်ရဲ့ လင်း.. ဘယ်တုန်းက ဘယ်လိုပြန်ရောက်နေတာလဲမသိ.. ပိုပြီးထူးဆန်းသည်က ဒီအချိန်ကြီး သော်တို့ လမ်းထိပ်မှာ ရောက်နေတာ.. အပြေးအလွှား အနားသွားလိုက်တော့ သူက လှမ်း၍ ဖက်လိုက်တော့မလို လက်ဆန့်တန်းကြိုဆိုနေ၏.. သူ့လက်များကို သော်ဆွဲယူဆုပ်ကိုင်ထားလိုက်ပါသည်..

“လင်း ဘယ်လိုလုပ် ဒီကိုရောက်နေတာလဲ”
“ဘယ်လိုရောက်နေလဲ ဆိုတော့ လာလို့ရောက်နေတာပေါ့ဗျာ”
“ဟာ မဟုတ်ဘူးလေ.. ပြန်လာမယ်ဆိုတဲ့အကြောင်းလည်း ပြောသံမကြားပဲနဲ့ ရုတ်တရက်ကြီး လမ်းထိပ်မှာ မြင်လိုက်တော့..”

သော်က အံ့သြစွာ အလောတကြီးပြောနေပေမယ့် သူက ဘာမှ ပြန်မပြောဘဲ ပြုံးလို့သာနေသည်.. သော်အားမလို အားမရဖြစ်သွားလျက် သူ့လက်များကို တင်းတင်းဆုပ်ကိုင်လိုက်မိပါသည်.. လက်များ အေးစက်နေ၏.. ဆောင်းရာသီ၏ ညဦးပိုင်းမို့ ညသည် အတော်အတန်အေးလျက်ရှိပြီ.. သူ ဘယ်အချိန်ထဲက ဒီနေရာမှာ သော့်ကို စောင့်နေလဲမှ မသိတာ..

“လင်း ဘယ်ချိန်ကတည်းက ဒီမှာစောင့်နေတာလဲ.. သော့်အိမ် ဘယ်လိုသိလဲ.. သော် အလုပ်ဆင်းရင် ဒီကပြန်တတ်မှန်းရော သေချာသိလို့လား”
“ဖြည်းဖြည်းမေးမှပေါ့.. ကျနော် ရောက်တာ မကြာသေးပါဘူး.. အိမ်ကတော့ဗျာ.. ခင်ဗျားပေးထားတဲ့လိပ်စာအတိုင်း လာတာပေါ့.. ဒီကပြန်တတ်မှန်းလည်း ခင်ဗျားပြောဖူးလို့ သိတာပဲ”
“လင်း ပြန်လာမယ်လည်း မပြောပါလား.. အွန်လိုင်းမှာ ၃ ရက်လောက်မတွေ့တော့ နေမကောင်းဖြစ်ပြန်ပြီ ထင်နေတာ”

သူက ပြုံးပြန်လျက် “အစီအစဉ်မရှိဘဲ ပြန်လာဖြစ်တာ”ဟု ခပ်တိုးတိုးဖြေ၏.. ခုနက အံ့သြလွန်းသဖြင့် ရင်ခုန်ဖို့ မေ့နေသော သော်သည် ယခုမှပင် ရင်များတဒိတ်ဒိတ်ခုန်လျက် ပျော်ရွှင်လာသည်.. ကြည့်စမ်း.. သူ့ကို မြင်ဖူးရပြီ.. သူ တကယ်ကြီးကို ပြန်ရောက်လာပြီပေါ့.. သော့်ကို တကယ်ကြီးကို လာတွေ့ပြီပေါ့.. သော် ဆုပ်ကိုင်ထားတာ သူ့လက်ပါလား.. ၂ နှစ်တိတိ လူချင်းမမြင်ဖူးဘဲ စာဖြင့် ဖုန်းဖြင့် ရင်းနှီးစွာ ခင်မင်ခဲ့.. (သော့်ဘက်ကတော့ စွဲလန်းစွာ ချစ်ခင်ခဲ့).. အခုတော့ သော် သူ့ကိုတွေ့ရပြီ..

“လင်း အပြီးပြန်လာတာလား”

သူက မဖြေဘဲ လမ်းထဲကို တချက်လှမ်းမျှော်ကြည့်၏.. လမ်းထဲမှ မိသားစုတစ်စု ထွက်လာနေသည်.. ရုတ်ရုတ်သဲသဲ ဆူညံစွာ.. မြန်မာမိသားစု မြန်မာဓလေ့ မြန်မာစကားသံများနှင့် ဝေးကွာနေတာ ကြာပြီဖြစ်သော သူက စူးစိုက်လျက်သာ ကြည့်နေသည်.. လမ်းထိပ်မှာ ယောက်ျားလေးတစ်ယောက်နှင့် မျက်နှာချင်းဆိုင်လျက် လက်ကိုဆုပ်ကိုင်ကာ စကားပြောနေသော သော့်ကို မိသားစုမှ အဖေနှင့်အမေဖြစ်သူက စပ်စုစွာကြည့်၏.. သော် ပြုံးပြလိုက်ပါသည်.. ယနေ့ညအဖို့ သော့်အတွက် ဘယ်အရာမဆို ပြုံးရွှင်ချိုသာစရာများသာ ဖြစ်နေတော့မှာပါပဲ..

“လင်း အိမ်ကို လိုက်လည်မယ်မဟုတ်လား”

မိသားစုဆီမှ အကြည့်ကိုလွှဲပြီး သော့်ကို စူးစိုက်ကြည့်လာပြန်သည်.. ဓာတ်ပုံတွေမှာ မြင်ဖူးတဲ့အတိုင်းပဲ မျက်နှာက ချောင်ကျလျက် ဖြူဖျော့ဖျော့ပါးပြင်နှင့် မျက်ဝန်းနက်နက်များ.. ထူးလည်းထူးဆန်းနေသလိုပဲ.. မိုင်ပေါင်းများစွာဝေးကွာနေရာမှ ရုတ်တရက်ကြီး သူ သော့် အိမ်အပြန်ကို စောင့်ကြိုနေတာ.. အနည်းငယ်မှောင်ရီနေချိန်ဖြစ်ပေမယ့် မြင်မြင်လိုက်ချင်းလည်း သူမှန်း သော်ခံစားသိလိုက်ရတာ.. သူကလည်း သော်မှန်းသေချာစွာ ပြုံးပြနှုတ်ဆက်ခဲ့တာ.. သော်တို့ တကယ့်ကို စိတ်ချင်းနီးစပ်ကြသည်လား..

“ဟင်လို့.. သော့် အိမ်ကိုလိုက်လည်မယ် မဟုတ်လား.. လင်းပဲ ပြောတယ်လေ.. ပြန်လာဖြစ်ရင် ပြန်ရောက်ရောက်ချင်းနေ့မှာ သော်နဲ့ ညစာတူတူစားမှာဆို..”
“ဟင့်အင်း သော်.. ကျနော် မလိုက်သေးဘူးနော်.. နောက်မှ”
“ဟာ.. လင်း.. ”

သော် မကျေမနပ်ဖြင့် ဆုပ်ကိုင်ထားသော လက်ဖျားများကို လွှတ်ချပစ်လိုက်တော့ သူက သဘောကောင်းစွာပြုံးလျက် သော့်လက်များကို ပြန်လည်ဆုပ်ကိုင် လာပါသည်.. လင်း အရမ်းချမ်းနေပြီထင်တယ်.. လက်တွေ သိပ်အေးနေပြီ.. နှုတ်ခမ်းစူလျက် မော့ကြည့်နေသော သော့်ကို စိတ်ရှည်စွာ ပြုံးလျက်ကြည့်ပြန်သည်.. လင်း ပြုံးလိုက်တိုင်း အသက်အောင့်ထားမိတာ ဘာကြောင့်လဲမသိ..

“ကျနော် ဒီနေ့ မလိုက်နိုင်သေးဘူး သော်.. ကျနော် သိပ်ပင်ပန်းလာတယ်.. ခင်ဗျားကို တွေ့ချင်လွန်းလို့သာ ရောက်အောင်လာခဲ့တာ.. ကျနော် သွားမှဖြစ်မယ်.. နောက်မှပေါ့.. နော်”
“ထမင်းမစားရင်တောင် လိုက်တော့ လည်ဦးပေါ့.. လင်းပြန်လာပြီဆိုတာ မေကြီးကိုပြောပြဦးမယ်လေ”
“ဟင့်အင်း”

သူက တွင်တွင်သာ ငြင်းလျက်ရှိသည်.. သော် လက်လျှော့လိုက်ပါသည်.. လင်းကို ဘယ်တုန်းကမှ သော် ပြောလို့မနိုင်ဖူးပါ.. ကလေးဆန်စွာ အတင်းကာရော ငြင်းခုန်ကြလျှင်တော့ သော့်ထက် အသက်များစွာကြီးသည့် လင်းက အလျှော့ပေးတတ်မြဲဖြစ်ပေမယ့် ကျိုးကြောင်းဆီလျော်စွာ ပြောဆိုကြလျှင် သော် ဘယ်တုန်းကမှ မနိုင်ခဲ့ဖူး..

“ဒါဆိုလည်း အိမ်ရှေ့ထိတော့ လိုက်ပို့”

သော်က ထပ်၍ ဂျီကျတော့ သူက မေးဆတ်လျက် သွားလေဟု ပြောသည်.. လမ်းထိပ်နဲ့ အိမ်က မဝေးလှပါ.. သော်တို့လမ်းက လူလည်း မရှုပ်လှဘဲ လမ်းမီးများတော့ ထိန်လင်းလျက်ရှိနေသည်.. သော် သူ့လက်မောင်းကို တွဲခိုလျက် လျှောက်လာခဲ့သည်.. ဘာကြောင့်ရယ်မသိ.. ထိုအပြုအမူကို သူ လက်မခံဘဲရှိမည်ဟု ထင်နေသော်လည်း သူက အသာတကြည်ပင် သော့်လက်ကိုတောင် ပြန်၍ အုပ်ကိုင်ထားသေးသည်... အနားကို သိပ်နီးကပ်နေမိပြန်တော့ သူ့ဆီမှ သင်းသင်းပျံ့ပျံ့ မွှေးရနံ့တစ်ခုကို ရနေ၏.. ဆပ်ပြာနံ့လား ခေါင်းလိမ်းဆီနံ့လား ဘော်ဒီိလိုးရှင်းလား ရေမွှေးနံ့ဆိုရင်လည်း အတော်ကောင်းတဲ့ရေမွှေးဖြစ်ရမည်.. ခြံဝရောက်တော့ သော် စိတ်မလျှော့ချင်သေးသလို “တကယ် ပြန်တော့မှာလား” ဟု မေးတော့.. သူက ခေါင်းညိတ်၍သာ ဖြေပါသည်.. ပြီးတော့.. ရှေ့ကိုတလှမ်းတိုးလျက် သော့် နဖူးကို သူ မွှေးနမ်းသွား၏.. အချိန်ကြာမြင့်စွာ.. ပြီးတော့ တရှိုက်မက်မက်.. စက္ကန့်ပေါင်း ဘယ်လောက်ကြာသွားသည်လဲ.. မိနစ်ပေါင်းများစွာလား.. သော့်စိတ်ထဲမှာတော့ နာရီပေါင်းများစွာကြာမြင့်သည် ထင်မိ၏.. ဒူးများညွတ်ကျလုမတတ်..

သူ နောက်ပြန်ဆုတ်ရပ်လိုက်ပြီးတော့ တာ့တာ ပြကာ လှည့်ထွက်သွားသည်.. လမ်းကွေ့လေးမှ သူကွေ့သွားပြီး ကျောပြင်ကို မမြင်ရတော့မှ သူဘာနဲ့ လာသလဲဟု သော်မမေးလိုက်မိတာ သတိရသွား၏.. ချော်တွင်းကုန်းနဲ့ ဒီနဲ့ ဝေးတော့ဝေးတယ်.. သူ ကားငှားစီးလာသလား.. ကိုယ်တိုင်တော့ မမောင်းလာလောက်ဘူးထင်ပါရဲ့.. မနက်ဖြန် ဖုန်းဆက်ဖို့တို့ဘာတို့.. ဘာမှလည်း မမှာလိုက်မိ.. သော် ညံ့ပါသေးသည်..

အိမ်ထဲကို ရောက်တော့ အိမ်မှာ ညီထွေးရောက်နေသည်ကိုတွေ့ရသည်.. အတော်ပဲ ဒီကောင့်ကို ကြွားရမယ်.. လင်းနှင့်သော်၏ အွန်လိုင်းဆက်ဆံရေးကို ဘယ်တုန်းကမှ မနှစ်မြို့ခဲ့သည် ညီထွေး.. အခု လင်း တကယ်ပဲ ပြန်ရောက်လာပြီး သော့်ဆီအပြေးအလွှားလာတာသိရလျှင် ဘယ်လိုနေမည်မသိ..

“ညီထွေး ငါနင့်ကို ပြောစရာရှိတယ်”
“ငါတို့လည်း နင့်ကို ပြောစရာရှိတယ် သော်”

ညီထွေးမျက်နှာမကောင်းပါ.. သော် စူးစမ်းစွာ ညီထွေးကို ကြည့်နေခိုက် သော့် မေမေ အနားရောက်လာသည်.. မေမေလည်း မျက်နှာမကောင်းလှ.. အိမ်မှာ ဘာတွေဖြစ်နေပြီလဲ..

“ခုနကပဲ Melbourne က ဖုန်းလာတယ်”

ထုံးစံဖြစ်နေလို့လားတော့မသိ.. ရုတ်ကနဲ ပျော်သွားပြီးမှ.. မဟုတ်သေးပါဘူး ဟု တွေးမိသွားသည်.. လင်းကဖြင့် ဒီပြန်ရောက်နေပြီ.. ဘာကြောင့် ဟိုက ဖုန်း ဝင်နေရသေးတာလဲ.. ပြီးတော့ ဘာကြောင့်ရယ်မသိ.. သော် ရင်ထိတ်လာသည်.. ပူပန်လာသည်.. ညီထွေးကို လှမ်းကြည့်မိပြန်တော့ သူငယ်ချင်းလေးက ကြင်နာစွာပြုံးပြရင်း စကားစ၏..

“ကိုဆွေလင်း သူငယ်ချင်းလို့ပြောတယ်.. ကိုဆွေလင်း နေမကောင်းပြန်ဖြစ်နေတာကြာပြီ.. လွန်ခဲ့တဲ့ ၃ ရက်လောက်ကတည်းက အရမ်းဆိုးလာလို့ ဆေးရုံတင်လိုက်ရပြီး.. မနေ့က နေ့လည်ကပဲ.. သေ.. အဲ... ဆုံး သွားတယ်တဲ့.. အဲ့ဒါ သူ့ Phone Contact တွေထဲကနေ သူ့အိမ်ဖုန်းနဲ့ နင့်ဖုန်းကို ရှာပြီးအကြောင်းကြားပေးတာပြောတယ်... ”

မနေ့က နေ့လည်ကပဲ.. .. ဆုံးသွားတယ်... ...
ဟင့်အင်း.. မဖြစ်နိုင်တာ.. မဟုတ်တာ.. လင်းက ဒီကိုပြန်ရောက်နေတာပါ... နေမကောင်းတဲ့ပုံလည်း မဟုတ်ပါဘူး.. လင်းကို သော်ကိုယ်တိုင်မြင်ခဲ့ရတာ.. လင်းရဲ့ ကိုယ်နံ့ကိုတောင် အခုထိ ရနေတုန်းလိုပဲ.. ပြီးတော့ သော်နဲ့တောင် စကားတွေ ပြောနေသေးတာ မဟုတ်လား.. အေးစက်စက်လက်ကလေးများဖြင့် သော့်လက်ကိုတောင် ဆုပ်ကိုင်ထားခဲ့သေးတာမဟုတ်လား.. သော့်ကိုတောင် ဒီအိမ်ရှေ့ထိပြန်ပို့ပေးခဲ့သေးတာ မဟုတ်လား.. သော့် နဖူးကိုတောင်.... .. ဟင့်အင်း.. မဖြစ်နိုင်လိုက်တာ..

“မယုံဘူး”
“သမီး”
“သော်...”

ထိတ်လန့်စွာ သော် ကြောင်အနေရာမှ အော်ဟစ်လိုက်မိတော့ မေမေရော ညီထွေးပါ စိုးရိမ်ပူပန်သွားကြသည်.. သော် ကမန်းကတမ်းပင် ဖုန်းနံပါတ်များမှတ်ထားသည့် စာအုပ်လေးကိုထုတ်လျက် လင်း၏ ချော်တွင်းကုန်းအိမ် ဖုန်းနံပါတ်ကို ရှာသည်.. ဖုန်းဆက်ကြည့်မယ်လေ.. လင်း အိမ်ကို ဖုန်းဆက်ကြည့်ရမယ်.. သော်နဲ့ တွေ့ခဲ့တာ လင်းပါ.. သော့်ကို နွေးထွေးစွာ ပြုံးပြခဲ့သေးတာ.. သော့်အနားမှာ အမြဲနေတော့မလို့ သူပြန်လာတာ.. “ကျနော် ရုတ်တရက်သေသွားရင်လား.. ခင်ဗျားဆီလာခဲ့မယ်လေ”ဟု တစ်ခါက လင်းပြောဖူးတာကို သတိရသွားတော့ သော် ကယောင်ချောက်ချားဖြစ်လာပြန်သည်.. ဟာ.. မဟုတ်ဘူး.. လင်း ဒီနေ့လည်ပဲ ရန်ကုန်ကို ပြန်ရောက်လာတာမဟုတ်လား.. အိမ်မှာ အနားတောင်မယူသေးဘဲ သော့် အိမ်အပြန်ကို လာစောင့်ကြိုနေတာ.. သူ့ မေမေနဲ့အတူ ညစာစားဖို့ ပြန်သွားတာ.. ခရီးပမ်းလာလို့ အိမ်မှာ သူအနားယူနေဦးမှာ.. ဟုတ်တယ်.. အဲဒီလိုပဲ ဖြစ်မှာပါ.. လင်း သူငယ်ချင်းဆိုတဲ့လူဟာ နောက်စရာ ရှားလို့ကွယ်..

ဖုန်းမြည်နေပြီ.. လာကိုင်မည့်သူ မရှိသေး.. “ကြီးမေလား.. သော်ပါ.. လင်းအိပ်နေပြီလား.. စကားခဏပြောချင်လို့နော်” လို့ ခွင့်တောင်းလိုက်လျှင်..
“အေး.. သော်.. ခဏလေးကိုင်ထားနော် သမီး” ဆိုပြီး.. “သားကြီးရေ.. သော့် ဆီကဖုန်း... ”လို့များ ခေါ်ပေးမှာလား.. ခေါ်ပေးပါနော် ကြီးမေ.. လင်းနဲ့ ခဏလေးဖြစ်ဖြစ် စကားပြောပါရစေ.. သူငယ်ချင်းတွေက အဲလိုပဲ သိပ်နောက်တတ်တာလို့ သော့်ကို ပြန်ဖြေတာကို ကြားပါရစေ.. “ခင်ဗျားကလည်းလေ..”လို့ အရင်လို ညဉ်းတွားပြောဆိုသံကို ကြားပါရစေ... ကပျက်ကချော်နဲ့ရယ်တတ်တဲ့ အသံချိုချိုလေးကို ကြားပါရစေ....

ဖုန်းက မြည်နေဆဲ.. လာကိုင်မည့်သူ မရှိသေး.. ကြီးမေ ဖုန်းကိုင်ပါတော့.. ဒါမှမဟုတ် လင်းကိုယ်တိုင် ကိုင်လိုက်ပါတော့.. ဒါမှ မဟုတ်လည်း တစ်ယောက်ယောက်.. ဘယ်သူဖြစ်ဖြစ်.... ..

ဖုန်းကမြည်နေဆဲ...
သော့် လက်ဖျားများ အေးစက်လာပါသည်.. ... .

No comments:

your comment please

Powered by Blogger.