အလင်းနှင့်အမှောင်
ကောင်းကင်သည် ညိုမည်းမှောင်မှိုင်းလျက် တိမ်စိုင်တိမ်လိပ်များဖြင့် လေးလံကျပ်တည်း၍နေသည်.. မိုးသားများကြောင့် ကောင်းကင်က နက်မှောင်နေသော်လည်း တိမ်စိုင်များကတော့ ကျနေခြည်၏ အလင်းကြောင့် အနည်းငယ် စိုလက်တောက်ပနေဆဲ.. တိမ်တွေ နူးညံ့ပေါ့ပါးတယ်လို့ ဘာကြောင့် သင်ထင်နေပါသနည်း.. ပျော့ပျောင်းသိပ်သည်းသောအရာများသည် ပို၍အသက်ရှုကျပ်စေတတ်ပါသည်.. သတိမမူမိခင်မှာပင် ရက်စက်စွာ နာကျင်စေပြီးဖြစ်စေလိမ့်မည်ထင်သည်..
ပို၍ အမှောင်သမ်းလာသောအခါ ကောင်းကင်ပြင်လုံး အပြာရင့်ရင့်.. သို့သော် ကြည့်တတ်သူအဖို့ ရွှေရောင်ရောသော အလင်းများကို မြင်ပါလိမ့်မည်.. ဟိုး ခပ်လှမ်းလှမ်းက ရွှေတိဂုံသည် ခပ်မှောင်မှောင် အပြာမှာ လင်းထင်းစွာ ပြီးတော့ အချိုးအစားကျစွာ လှပလျက်.. ဘုရားစေတီများကို နေ့ခင်းအချိန်များထက် ညဘက်များတွင် မြင်ရခြင်းအား အမြဲပင်နှစ်သက်ခဲ့သည်.. ရွှေရောင်.. ချမ်းသာခြင်း အောင်မြင်ခြင်းနဲ့ ဥာဏ်ပညာခွန်အားတို့ရဲ့ ကိုယ်စားပြု.. အထွတ်အမြတ်ရှိခြင်းနှင့် ကြီးစိုးလွှမ်းမိုးနိုင်ခြင်း.. ထုံးစေတီများကိုတော့ ဘာကြောင့် စွဲစွဲထင်ထင် မနှစ်သက်မိပါလိမ့်..
သစ်ပင်အုပ်များဆီမှာ ငှက်များ ရုတ်ရုတ်သဲသဲ လူးလာခတ်နေသည်.. အိပ်တန်းပြန်ငှက်တို့ အလုပ်များဆဲပဲဖြစ်လိမ့်မည် ထင်၏.. သစ်ပင်အုပ် မှောင်မှောင်များ ပူးကပ်ဆက်တန်းသွားသောအခါ ဘာပင်တွေမှန်း မသဲကွဲလှတော့ဘဲ အကောင်တစ်ကောင်ကောင်၏ သဏ္ဍာန်လိုလို.. တစ်ယောက်ထဲ အားငယ်နေတတ်သောအချိန်များမှာ ကြည့်မိလျှင် ခြောက်ခြားစေနိုင်မည်လားမသိ.. ထိုသစ်ပင်တန်းများ ရှေ့နားဆီမှ တိုက်တွေမှာ နေထိုင်သော လူတွေ ဘယ်လိုများ ကြည့်ရှုကြမည်လဲ.. အခုတော့ အခန်းမီးများ လင်းထိန်လျက် တိုက်မြင့်မြင့်တွေသည် စည်ကားလို့နေဆဲ.. အလင်းရှိနေချိန်မှာတော့ အမှောင်ကို သတိမပြုမိကြဘူးနဲ့တူပါသည်..
လမ်းမမှာလည်း ကားများက တဝေါဝေါ ဖြတ်သန်းသွားလာဆဲ.. ကတ္တရာလမ်းမမှာ မိုးရေစက်များ တင်ကျန်ရှိနေတုန်းပင်.. လမ်းမီးများထွန်းထားပေမယ့် ကတ္တရာလမ်းမှောင်မှောင်ကိုတော့ နေရာစုံအောင် မလင်းစေနိုင်ချေ.. ကားတစ်စီးအရှိန်ပြင်းစွာ ဖြတ်မောင်းသွားသည်.. ရေစက်များ ဘေးဘက်သို့ လွင့်စင်ထွက်သွားသောအခါ မာကျူရီမီးရောင်အောင်မှာ အလင်းမှုန်များ လက်ကနဲ.. မီးပွိုင့်မိသောအခါ ကားများအားလုံး အနီရောင်မီးများပြလျက် ငြိမ်သက်သွားပြန်သည်.. တရွေ့ရွေ့ချင်း.. ကားလမ်းကူးလာသော လူတစ်ယောက် ဒီဘက်လမ်းသို့ရောက်သောအခါ.. လှပသော မီးပုံးရောင်စုံများကို ငေးလျက်ကြည့်နေသောကြောင့် ရေအိုင်ကိုသတိမမူမိ.. သူ ခြေထောက်ရေစို သွားမည်ထင်ပါသည်..
မီးပုံးများသည် သီတင်းကျွတ်ပွဲတော်နီးသောကြောင့် ထွန်းထားခြင်းဖြစ်၏.. အနီ အဝါ အပြာ အစိမ်း လိမ္မော် အရောင်စုံလှသည်.. မှန်ပြတင်း၏ အတွင်းမှာမို့ အပြင်မှ မိုးရေစက်များ မစိုနိုင်.. ဖုန်သဲများ မကပ်ညိ.. လင်းဆဲ တောက်ပဆဲ လှဆဲ.. လေမတိုးသောကြောင့် အတွင်းမှ ဖယောင်းတိုင်သည် ယိမ်းထိုးလှုပ်ရှားခြင်းမရှိ.. သို့သော် အတွင်းမှာ ထည့်ထားတာ ဖယောင်းတိုင်များမဟုတ်ဘဲ လျှပ်စစ်မီးသီး အသေးလေးများ ဖြစ်မည်ဟု ပြောင်း၍ ကောက်ချက်ချလိုက်မိပြန်သည်.. ဖယောင်းတိုင်၏ မီးခိုးမှိုင်းတို့ ကပ်ညိခြင်းမရှိသောကြောင့်လည်း ဒီလောက်လှပနေတာဖြစ်လိမ့်မည် ထင်သည်..
တံခါးမှ ခေါင်းလောင်းလေးများ အသံသာသာဖြင့် မြည်သွားကြပြန်သည်.. ကော်ဖီဆိုင်ဝန်ထမ်းများဆီမှလည်း “မင်္ဂလာပါ”ဟူသော နှုတ်ဆက်သံ ချိုချိုများ တပြိုင်နက်ကြားရသည်.. ပြတင်းပေါက်အပြင်ကို ငေးနေရာမှ လှည့်ကြည့်လိုက်မိသည်.. သူလာပြီ.. ထုံးစံအတိုင်း ချိုလွင်တောက်ပသော အပြုံးဖြင့် ဝန်ထမ်းများကို ပြန်လှန်နှုတ်ဆက်နေသည်.. ကော်ဖီဆိုင်တွင်းမှ မီးပုံးလေးများ အပြင်အဆင်ကိုလည်း သူချီးကျူးလျက်ရှိသည်.. ကျနော့် ရှေ့ကခုံမှာ ဝင်ထိုင်လိုက်ပြီးသည်အထိ သူ့နှုတ်ခမ်းက အပြုံးတောက်တောက်က မပျောက်သွားသေး.. အမြဲပင်ဖျတ်လက်ပေါ့ပါးနေတတ်သူပဲ.. ဒါကြောင့်လည်း ကျနော့်ရင်ကို သိပ်သည်းစွာလေးလံနာကျင်စေတာ ဖြစ်လိမ့်မည်..
မှောင်ရိပ်ကျသည့်ဘက်ခြမ်းမှာ သူထိုင်သောကြောင့် မျက်နှာကို သေချာမမြင်ရသော်လည်း သူ့မျက်နှာက လှပစွာခက်ထန်နေမှာ သေချာသည်.. အလင်းထဲမှာ ထိုင်နေသော ကျနော် သူ့ကိုကြောက်နေပါသည်.. သူ စကားစပြောသောအခါ ကျနော့်နားထဲမှာ အသံလှိုင်းမှုန်များ လက်ကနဲ.. သို့သော် ပြောသော စကားတိုင်းသည် အနီရောင်မီးများပြလျက် ကျနော့်ထံမှ တရွေ့ရွေ့ချင်း ထွက်ခွာ.. အချိန်ကြာမြင့်စွာ ကျနော့်ရင်ကို နာကျင်စေသော စကားများ ပြောပြီးသောအခါ တစ်ချက်ပြုံးပြလျက် ပြန်လည်ထွက်ခွာသွားပြန်သည်.. ကျနော် ဘာမှ အယူခံမဝင်နိုင်လောက်အောင်ပင် အပြုံးသည် ကြီးစိုးလွှမ်းမိုးနိုင်စွမ်းရှိသည်.. ပြီးတော့ ထုံးစံအတိုင်း ရှောင်လွဲ၍လည်းမရနိုင်.. ငေးစိုက်လျက်ကြည့်နေမိပြန်သည်..
ကျနော့်ခြေထောက်လည်း ရေစိုသွားမည်ထင်ပါသည်..

No comments:
your comment please