ပို့စ် ၁၀၀၊ ဗီလိန်နှင့် Mirror

၆.. ရာပြည့်ရန်ဒမ်
by ဗီလိန်
နန်းညီ နန်းညီ အို နန်းညီ
ပန်းချီဆွဲတဲ့ မယ်နန်းညီ။
နန်းညီလေးက ဘလော့ရေး
Random ရေးတဲ့ ဘလော့ဂါလေး။
ရေးလိုက်တာ ၁၀၀ ပြည့်
ပို့စ်တွေကလည်း ကောင်းပါပေ့။
Photoshop တွေ ကလိနေ
နန်းညီလေးက တော်ပါပေ။
လုပ်ပေးပါဦး Banner တစ်ခု
လုပ်ရပြန်ပြီ တစ်ခုပြီးတစ်ခု။
မငြီးမငြူ လုပ်ပေးသူ
ကိုဗီကလည်း ချေးများသူ။
စိတ်တိုင်းကျအောင် လုပ်ပေးရ
စေတနာက ဗလပွ။
ငပေါများရဲ့ အမှုဆောင်
စည်းရုံးရေးမှာ သူခေါင်းဆောင်။
လက်ဖျားခါအောင် ပေါတာများ
မစ္စတာဘင်းန်တောင် စိတ်ညစ်သွား။
Gtalk ထဲမှာ သီချင်းဆို
စလင်းဒီယွန်နဲ့ အင်မလီလို။
ရုံးမှာနေ ထိုင်ကာ Chat
အလုပ်ပြုတ်မယ် သတိချပ်။
:)
စလင်း ဒီယွန် = Celin Deon အင်မလီ = Amy Lee from Evanescence

...................................................................................................................

၅.. Untitled
by Mirror
ဒီစာကို ကျမရဲ့ချစ်လှစွာသော....သူ့ကိုယ်သူဆိုးတယ်လို့ အတိအလင်းဝန်ခံထားတဲ့...ညီမလေးညီညီရဲ့ ပိုစ့်တစ်ရာမြောက်အဖြစ်..ရေးပေးဖြစ်ပါတယ်။တစ်သက်လုံး ကိုယ့်ထက်ကြီးတဲ့အစ်ကို၊အစ်မ ဘလောဂ့်ဂါတွေအပေါ် အနိုင်ကျင့်ဗိုလ်ကျခဲ့သမျှ....ခုတော့ ကျမလဲ ပြန်လုပ်နေပေးရတာတူပါရဲ့....။ရေးပေးမယ်လို့ ပြောပြီး အပျင်းထူးတာ၊အလုပ်မအားတာ၊စိတ်ကြည်လင်မှုမရှိတာ...အဲ့ဒါတွေနဲ့ပဲ မရေး၊မရေးနဲ့ ကြာနေခဲ့တာ...ကဲ..ညီမလေးညီညီရေ...ကောင်း၏၊မကောင်း၏ သဘောမထားပဲ....ရှိသမျှအားအင်နဲ့ ဖြစ်ညှစ်ထုတ်လို့ ငါတို့ ၂ ယောက်ရဲ့ဖြစ်တည်မှုအတိတ်အကြောင်းလေးကို သတိရသလောက်၊ခံစားမိသလောက် ရေးပေးလိုက်ပါပြီ....ရေးခိုင်းတဲ့အတွက်လဲ ကျေးဇူးတင်ပါ၏။
***************************
အစ.... အဲ့ဒိအင်တာနက်ကဖေးလေးထဲကို ခြေလှမ်းချချခြင်းမှာပဲ ကျမမျက်လုံးက နံရံထက်က ပန်းချီကားတွေဆီရောက်သွားခဲ့တယ်..။အိုး..သိပ်လှတဲ့ ပန်းချီတွေနဲ့ သိပ်ခမ်းနားတဲ့အင်တာနက်ဆိုင်လေးပါလား...လို့လဲ စိတ်ထဲကနေ မှတ်ချက်ပေးမိတယ်..။ဒေးဗစ်ဘက်ခမ်းပုံ၊မိုက်ကယ်အိုဝင်ပုံ၊ရှာရာဗိုပါပုံ နဲ့ Akon ပုံ စတာတွေနဲ့ယဉ်ပါးနေတဲ့မျက်လုံးက ဒီလိုအင်တာနက်ဆိုင်လေးကိုတွေ့လိုက်ရတော့ ထူးဆန်းလို့နေတယ်...။(မှတ်ချက် မြန်မာပြည်မှာက ပန်းချီကားတွေကိုအများအားဖြင့် ကော်ဖီဆိုင်ကြီးတွေမှာလောက်ပဲ တွေ့ရတတ်တာ).....ခုတော့ဒီလိုမဟုတ်...။ပြောရရင် ပန်းချီကားတွေနဲ့တန်ဆာဆင်ထားတဲ့ အခန်းငယ်လေးတစ်ခုထဲကနေ ကျမအင်တာနက်သုံးဖြစ်ခဲ့တယ်မြင်မြင်ချင်းမှာပဲ ဘယ်က၀ယ်တာလဲဆိုတော့ ၀ယ်တာမဟုတ်၊အစ်မတို့ညီမလေးတစ်ယောက်ဆွဲပေးထားတာလို့ ဆိုင်ကအစ်မတစ်ယောက်က ပြောတယ်.။လိမော်နဲ့ အ၀ါကိုတောင် ကွဲပြားအောင်မကြည့်တတ်တဲ့ကျမက ပန်းချီပညာကိုဘာမှ နားမလည်ပေမယ့်ပန်းချီရဲ့အလှကိုတော့ခံစားတတ်ပါတယ်။ပြီးတော့ ဒီပန်းချီကားတွေကို ဖန်တီးသူက ညီညီဆိုတဲ့ ယောက်ျားလေးနာမည်နဲ့ မိန်းကလေးတစ်ယောက်ဖြစ်နေတာတွေက ကျမရဲ့ စိတ်ဝင်စားမှုကို ပိုစေခဲ့တယ်...။

တစ်နေ့...အင်တာနက်သုံးပြီးလို့ပြန်ခါနီးမှာ ကျမကအဲ့ဒိပန်းချီကားတွေကို သွားငေးနေတုန်းမှာ အစ်ကိုတစ်ယောက်က" အဲ့ဒါလေ...ညီညီဆိုတဲ့ အစ်ကို့ ညီမလေးဆွဲတာ...ငပေါမလေးပါကွာ "တဲ့... ပေါတယ်လို့သာ သူကပြောလိုက်တာ..သူ့မျက်လုံးထဲက သူ့ညီမလေးအပေါ်လေးနက်မှုတွေကိုလဲ ဖျတ်ခနဲကျမ တွေ့လိုက်မိရဲ့......။ပေါတာ..မပေါတာနဲ့ အနုပညာနဲ့ ဘာမှတော့မဆိုင်ပါဘူး...နော်..ဟုတ်တယ်မလား...။ကျမက သူ့အနုပညာကိုပဲ ခံစားတာ...လေ။အဲ့ဒိလို ပန်းချီကားနဲ့၊အဲ့ဒိပန်းချီကားကို ဖန်တီးသူရဲ့ အမည်နဲ့ကို မိတ်ဆက်ပေးခဲ့တာက ခု littlebrook ဆိုပြီး ဘလောဂ့်ပေါ်တက်ပြီး ပန်းချီတွေ၊ကာတွန်းတွေကို ဆွဲတစ်လှည့်၊မဆွဲတစ်လှည့်လုပ်နေတဲ့ နန်းညီရဲ့ အစ်ကိုကြီးပါ...။ဒီလိုနဲ့ပဲ ပန်းချီကားပိုင်ရှင်ရဲ့ နာမည်နဲ့တော့ ရင်းနှီးခဲ့ရပြီး လူချင်းရင်းနှီးဖို့တော့ ကျမဘက်ကလဲမကြိုးစားမိသလို ............အဲ့ဒိပန်းချီဆရာမလေးနဲ့ ကျမနဲ့ တွေ့ဖို့ဆုံဖို့ ဖြစ်လာမယ့်လို့ မထင်မှတ်ခဲ့မိပါဘူး......။

မနှစ်က တောင်ကြီးတန်ဆောင်တိုင်ပွဲကိုသွားလည်ဖို့ တောင်ကြီးကိုတက်မယ့်ည....။ မသွားခင်လေးအင်တာနက်ဆိုင်ပြေးတယ်။ပြန်ခါနီးတော့ ကျမတို့ခရီးထွက်ကြမလို့..တော်တော်နဲ့လာဖြစ်ဦးမှာ မဟုတ်ဘူးလို့ ပြောတော့ လစ်တဲလ်ဘရွတ်ကြီးက " အဲ..ဟုတ်လား..ဒီမယ် ဟော့ဒိ ကောင်မလေးလဲ သွားချင်နေတာ ကားလက်မှတ်မရလို့ မတက်ရဘူးဖြစ်နေတာ.."တဲ့.........။ကျမ တစ်ချက်တော့ လှည့်ကြည့်ဖြစ်တယ်..ဒါပေမယ့် သိပ်ပြီးတုံးအတဲ့၊ပတ်ဝန်းကျင်လေ့လာအကဲခတ်မှု အားနည်းတဲ့ကျမက အဲ့ဒိမိန်းကလေးဟာ ကျမစိတ်ဝင်စားတဲ့၊တွေ့ဖူး၊မြင်ဖူးချင်နေတဲ့ နံရံပေါ်က ပန်းချီကားတွေရဲ့ဖန်တီးသူမှန်း ကျမ ဆက်စပ်ပြီး မတွေးကြည့်ခဲ့မိဘူး။မေးလဲ မကြည့်ဖြစ်ဘူး။ နောက်ပြီး ကျမနဲ့ တစ်ခါမှမမြင်ဖူး၊မတွေ့ဖူးတဲ့ သူစိမ်းတစ်ယောက်နဲ့ ခရီးထွက်ဖို့ကိုလဲ အဆိုးမြင်တတ်တဲ့ကျမက မ၀ံ့စားလို့...ဒါထက်....အဲ့ဒိ လစ်တဲလ်ဘရွတ်ကရော..စကားအဖြစ်ပဲ ပြောတာလား၊တကယ်ရော ဒီကောင်မလေးက လိုက်ချင်တာသေချာရဲ့လား..စသဖြင့် အတွေးပေါင်းများစွာကြောင့် လိုက်ခဲ့ပါလားလို့ မခေါ်ဖြစ်ခဲ့ဘူး။တကယ်တော့ အဲ့ဒိတုန်းက သွားမယ်လူက သုံးယောက်ရယ်၊ခုံက လေးခုံဝယ်ထားပြီးကျမ တစ်ယောက်ထဲ၂ ခုံထိုင်ဖို့ စီစဉ်ထားခဲ့တာပါ...(ဖွင့်မပြောဖြစ်ပေမယ့် ဒီပိုစ့်ကနေပဲ တောင်းပန်ပါတယ်..ညီမလေးရေ...ကိုယ့်ကြီးကျယ်မှုကြောင့်လူတစ်ယောက်ရဲ့ ပျော်ရွှင်မှုကိုဖြည့်ဆီးမပေးနိုင်ခဲ့သလိုဖြစ်ခဲ့တဲ့ အတွက်.ပါ..)
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
အလယ်.... ဒီလိုနဲ့ ...နောက်ပိုင်းမှာ အဲ့ဒိအင်တာနက်ဆိုင်က အစ်ကို၊အစ်မတွေရဲ့ ကောင်းမှုနဲ့ပဲ သူနဲ့ကျမ ...အပြင်မှာပါ ရင်းနှီးခင်မင်လာခဲ့တယ်...။ကျမရေးတဲ့ မိန်းကလေးတစ်ယောက်လုပ်ချင်ရက်နဲ့ မလုပ်နိုင်တဲ့ "ကျမဆန္ဒများ"ဆိုတဲ့ ပိုစ့်မှာ....သူလာမန့်သွားတာက မဖြစ်နိုင်တာ ဘာမှမရှိဘူး၊လုပ်ပေါ့.တဲ့...။ကျမတို့တွေ အဲ့လောက်ကို ကွာခြားခဲ့ကြပါတယ်...။ဒါပေမယ့် ကျမတို့တွေ ရင်းနှီးခင်မင်ခဲ့ကြတယ်။လေးပင်တဲ့ စကားဝိုင်းတွေ၊ပေါ့ပါးလွတ်လပ်ပြီး ပျော်စရာကောင်းတဲ့ စကားဝိုင်းတွေ.....အဲ့လို စကားဝိုင်းတွေများစွာနဲ့ အချိန်တွေကို စီးဆင်းပစ်လိုက်ခဲ့တယ်.........။ "
ဒီညနေ..လာခဲ့ဟာ..ငါပျင်းလို့ .." လို့ ကျမခေါ်တဲ့အခါ.."မလာနိုင်၊မဖြစ်...နောက်ကျမှာစိုး .."စသဖြင့်အဲ့လို အတိုအပြတ်စကားလုံးတွေနဲ့သူမလာချင်တဲ့အခါ ငြင်းဆန်တတ်ပြီး ညနေ ၅နာရီရုံးဆင်းတော့မယ်...လေးနာရီခွဲကျော်ကာမှ " အစ်မ...ညီညီလာခဲ့မယ်...။ဘယ်နားမှာ စောင့်.."စသဖြင့်ပြောတတ်သေးတယ်......။ ကျမတို့ ဖြတ်သန်းခဲ့ရတဲ့ မိသားစုအခြေအနေ....ကြီးပြင်းခဲ့ရတဲ့ပတ်ဝန်းကျင်၊လူနေမှုပုံစံ...အဲ့ဒါတွေအားလုံးမှာ လုံးဝနီးပါးခြားနားပေမယ့်....ကျမတို့ရဲ့ ယုံကြည်ရာတွေတူတယ်။နာကျည်းချက်တစ်ချို့တူညီတယ်....။ မျှော်လင့်ချက်တွေ ကိုယ်စီပေမယ့်....နောက်ဆုံးပန်းတိုင်တွေ တူတယ်..........။ခေတ်မှီမှုကို တမ်းတပုံချင်း တူညီကြတယ်။ ကျမတို့တွေ ခုချိန်ထိတစ်ယောက် ၀ါသနာ၊တစ်ယောက်မမေးမြန်းဖြစ်သေးပါ...။ တစ်ယောက်ရဲ့ကိုယ်ရေးကိုယ်တာကိုလဲ နောက်တစ်ယောက်ကစိတ်ဝင်တစား မစပ်စုခဲ့ဖူးသေးပါ...။ ဒါပေမယ့်ကျမတို့မှာဘယ်အချိန်က ဖြစ်တည်ခဲ့မှန်းမသိတဲ့ ခင်မင်ရင်းနှီးမှုတွေ ရှိနေခဲ့တယ်။ လူချင်းမတွေ့ခင်၊စကားမပြောဖူးခင်ထဲကတစ်ယောက်ရေးထားတဲ့စာထဲက ခံယူချက်တွေကို နောက်တစ်ယောက်က ထိတွေ့ရင်းနှီးပြီးသားဖြစ်နေလို့လဲ ဖြစ်နိုင်ပါတယ်.။ ဆုံးဖြတ်ချက်တစ်ခုချဖို့ ကျမက နှောင့်နှေးကြန့်ကြတတ်သလောက်....သူက လွယ်ကူမြန်ဆန်တတ်တယ်...........။ အမြဲပြုံးရယ်နေတတ်တဲ့သူနဲ့တွေမှ....တင်းမာခက်ထန်နေတဲ့ မျက်နှာကြောတွေ သူ့အလိုလိုပြေလျော့လာခဲ့တယ်........။ပြန်ပြီး ပြုံးတတ်၊ရယ်တတ်ဖြစ်လာတယ်...။ဒီအတွက် ကျေးဇူးပါ ညီမလေးရေ.....အစ..အလယ်နဲ့ရေးထားခဲ့ပေမယ့် အဆုံးလို့တော့ ရေးစရာခုလောလောဆယ်မရှိသေးပါဘူး...။ရေးဖြစ်စရာအကြောင်းလဲ မရှိသေးဘူး ထင်ပါရဲ့..လေ။....။
*********************************
မှတ်ချက်များ ကြုံရာကျပန်းလို့ နာမည်တပ်ထားတဲ့ ဒီဘလောဂ့်ကို အလည်ရောက်ဖို့နဲ့ ဘန်နာကိစ္စဆက်သွယ်ပေးခဲ့တဲ့ ပန်းချီကားတွေနဲ့အင်တာနက်ဆိုင်မှ အစ်ကို၊အစ်မများ... လစ်တဲလ်ဘရွတ်ကြီးနဲ့...........ဘလောဂ့်ရပ်ဝန်းကို ကျေးဇူးမှတ်တမ်းတင်ပါသည်...။(သူ့ပိုစ့်တစ်ရာမှာ ကိုယ်ကပါ ၀င်ပြီးကျေးဇူးတင်ပေးလိုက်တာ..:)...) နောက်ဆုံးမှတ်ချက်တစ်ခုကတော့.....ဒီနေ့တစ်နေ့လုံး ပူလောင်အိုက်စပ်နေတဲ့ အင်တာနက်ဆိုင်ထဲမှာ ဒီအကြောင်းအရာကို ထိုင်ရေးနေခဲ့တာပါ။ဒါပေမယ့် ပေါ့ဆတဲ့လူအတွက်ဒဏ်ခတ်ခံရတာက ဖြုန်းဆိုမီးကပြတ်သွားတာ..။ကွန်ပြူတာကြီးက ပိတ်ကျသွားတော့ရေးထားသမျှ အကုန်ပျောက်သွားတော့ပြန်ရှာလဲမရတော့ပါဘူး။ဆိုတော့ကာ ဒီစာသည် ရေးရတဲ့ရည်ရွယ်ချက်က တစ်ခုထဲပေမယ့် ၂ ခါပြန်ပေါင်းပေါ့..ပေါင်းအိုးထဲဝင်နေရသလိုအခန်းထဲမှာ ၂ ခါပြန်ရေးထားရတာမို့ပါ...:)

9 comments:

  1. ရောက်တယ် ညီမရေ... ပို၁၀၀ပြည့်တွေဖတ်သွားတယ်။ နန်းညီကို အတုယူပြီး.. ပို့၁၀၀ ပြည့်ရင် နန်းညီကို ရေးခိုင်းရမယ်

    ReplyDelete
  2. ဒေါက်ဒေါက် ရေးပီးဘီနော် ဒါဗြဲ။ :P

    ReplyDelete
  3. ဗီလိန် ..ပေါမှန်း ခုမှပိုသိတော့တယ် သူလည်းအလုပ်မှာ chat နေတာကိုများး)

    ReplyDelete
  4. Celin Deon နဲ့ Amy Lee တို့လိုလည်း သီချင်းဆိုကောင်းတယ်တဲ့လား။ နားထောင်ချင်လိုက်တာနော်။

    ReplyDelete
  5. သီချင်းဆိုပြပါဗျို့ :)

    ReplyDelete
  6. ငါလဲ လာဖတ်ပါတယ်..။ကိုဗီ့ကဗျာလေး ကြိုက်တယ်..။

    မကြေးမုံ

    ReplyDelete
  7. လိန်လိန်ရေ...ရွတ်လို့ကောင်းလို့ ထိုင်ရွတ်နေတယ်..သင်္ကြန်အတွက် ရေးထားတာလား..:P

    ပေါင်းအိုးထဲမှာ ဒုက္ခခံရေးထားတဲ့ ပိုစ့်လေးကို အလေးအနက် ဖတ်ပါတယ်..
    နန်းညီ နဲ့ ဒေါ်ကြေးမုံ ခင်မင်မှု သက်တော်ရာကျော် ရှည်ပါစေ..
    စိတ်တူတဲ့ တက်လူငယ်လေးတွေ စိတ်သွားတိုင်းကိုယ်ပါ အောင်မြင်ကြပါစေ..
    နာကျည်းတဲ့စိတ်ကို လောင်စာအနေနဲ့သုံးပြီး လောကခရီးကို ပိုမို အားသွန်နိုင်ပါစေ...

    ReplyDelete
  8. တယ်.....တောက်.ဘာလာရှုပ်သူများကြား....တော်တော်ယကြားကြိုက်လား....

    ReplyDelete
  9. အပေါ်က ဘာကြီးလဲဟ နာမည်မဖော်ဘဲ ပေါက်ကရတွေလာအော်နေတာ ဘာကြီးလဲ...

    ReplyDelete

your comment please

Powered by Blogger.