ကျွန်မနှင့် ဂရေဟမ်ဘဲလ်
ဖုန်းကို စတင်တီထွင်သူသည် ဂရေဟမ်ဘဲလ်ဖြစ်သည်ဟူသော စာကို နှုတ်တိုက်ကျက်မှတ်ရသည့်အချိန်တွင် ကျွန်မတို့အိမ်မှာ ဖုန်းမရှိသေးပါ.. ဖုန်း၏အရေးပါမှု အသုံးကျမှုကိုလည်း မသိသေးပါ.. အသက် ၈ နှစ်အရွယ် ကျွန်မအဖို့တော့ ဖုန်းသည် ကျွန်မအဖွား၏ ဆူပူမှုကို မကြာခဏခံရအောင် ပြုလုပ်ပေးသော အရာဝတ္တုတစ်ခုသာ ဖြစ်ခဲ့သည်..
ကျွန်မ၏အဖွားသည် ထက်မြက်ထူးချွန်သော အမျိုးသမီးတစ်ယောက်ဖြစ်သည်.. သားသမီး ၈ ယောက်ကို ပျော်ရွှင်စွာ.. သူ့လိုပင်ထက်မြက်စွာကြီးပြင်းလာအောင် ပြုစုပျိုးထောင် နိုင်ခဲ့သည်.. ဆူးလေမြို့လည်က လမ်းတစ်ခုမှ အိမ်ခန်းတစ်ခုကိုပိုင်ဆိုင်ထားပြီး ကွန်ပျူတာစာစီစာရိုက်နှင့် စာအုပ်.. စက္ကူရောင်းဝယ်ရေးကို လုပ်ကိုင်သည်.. ကျွန်မအမေအပါအ၀င် ကျန်ဦးလေး အဒေါ်များအားလုံး ဖွားဖွားဆီမှာ အလုပ်ဆင်းကြသည်.. ကွန်ပျူတာစာစီသူကစီ.. စာအုပ်ချုပ်.. စက္ကူရောင်းဝယ်လုပ်သူကလုပ်.. အားလုံး တက်ကြွညီညွတ်စွာ ပျော်စရာကောင်းခဲ့သည်ထင်ပါသည်.. အမေတွေက အလုပ်ဆင်းတော့ သားသမီးတွေကလည်း အဖွားအိမ်ကို လိုက်လာကြရသည်.. မောင်နှမ၀မ်းကွဲတွေ အားလုံးစုံတော့ ဖွားဖွားအိမ်အပေါ်ထပ်မှာ ဆော့လိုက်ကြသည်မှာလည်း ဗြောင်းဆန်လို့.. ရန်ဖြစ်လိုက်ကြ.. စိတ်ကောက်ကြ.. တစ်ခါတလေ စိတ်ကောက်ပြီးအောက်ဆင်းသွားလျှင် ထိုဆင်းသွားသောလူကို ဖွားဖွားက ခေါ်ကာ အလုပ်ပေးထားလေ့ရှိသည်.. စက္ကူချိုး တာပဲ ဖြစ်ဖြစ်.. သားရေပင်တွေ ရှင်းပေးရတာမျိုး.. စာအုပ်တွေစီပြီးထပ်တာမျိုး.. စာအုပ်ချုပ် ထားသော ပင်တွေကိုပြားသွားအောင် တူလေးနဲ့ထုပေးရတာမျိုး.. ကျွန်မတို့အရွယ်တွေနဲ့ လိုက်ရာ သင့်ရာအလုပ်လေးတွေ အမြဲရှိနေတတ်ပြီး အလုပ်ပြီးလျှင် မုန့်ဖိုးလည်းရတတ်ပါသည်..
သို့သော် ပြဿနာက ဖုန်း.. ဖွားဖွားက ဖုန်းလာလျှင် ဘယ်လိုဖြေ.. ဘယ်လိုပြော စသည်ဖြင့်သင်ထားပေးပါသည်.. တစ်ခါတရံဖုန်းကိုင်ခိုင်းတတ်သည်.. ကျွန်မကလည်း ဖုန်းဆိုလျှင် မကိုင်ချင်.. ကိုင်ရမှာအလွန်ကြောက်သည်.. ဖွားဖွားသင်ပေးထားသလို “ဟုတ်ကဲ့ အမိန့်ရှိပါရှင်” ပြောရုံနှင့် ပြီးသွားတယ်ဆိုရင်တော့ ဟုတ်တာပေါ့.. ခုတော့ ဟိုတစ်ဖက်ပြောသည့်လူက ဘာတွေဆက်ပြောမှန်းမသိ.. ကျွန်မကလည်း ခဏလေး ကိုင်ထားပါနော်ဟုဆိုကာ အဒေါ်တစ်ယောက်ယောက်ကို လွှဲပေးလိုက်တာပါပဲ.. ထိုစဉ်ကတော့ ကျွန်မစိတ်ထဲမှာ မျက်နှာမမြင်ရသူတစ်ယောက်နဲ့ စကားပြောရသည့်ကိစ္စကို ဘယ်လိုမှ ခံစားလို့မရနိုင်ခဲ့.. ဖုန်းကို ပြေပြေလည်လည် ပြည့်ပြည့်စုံစုံ မဖြေကြားတတ်သည့်အတွက်.. သူသင်ပေးထားသလိုတွေ မပြောသည့်အတွက် ဖွားဖွားဆူပူတာကို မကြာခဏခံရလေ့ရှိပါသည်.. “ဂျစ်ကန်ကန်နဲ့” တဲ့..
ကျွန်မအသက် ထို့ထက်ပိုကြီးလာတော့ တယ်လီဖုန်းနှင့် ဆက်သွယ်မှုကိစ္စတွေ လုပ်တတ်လာသည်.. ဖုန်းကို အဆင်ပြေအောင်ပြောတတ်လာသည်.. ဖုန်းလက်ခံတတ်လာသည်.. ဖုန်းဟာအရေးပါတယ်လို့လည်း ကျွန်မလက်ခံခဲ့ပါသည်.. ကျူရှင်ကအချိန်ပိုသင်မှာမို့ နောက်ကျမယ်ဆိုတာပြောဖို့.. နေလို့သိပ်မကောင်းဘူး လာကြိုပေးပါလို့ပြောဖို့.. သူငယ်ချင်းတွေကို စာလှမ်းမေးဖို့.. အပြင်သွားရန်ချိန်းဖို့.. ကျန်းမာရေးကိစ္စ အရေးပေါ်ကိစ္စတွေပြောဖို့.. တယ်လီဖုန်းသည် မရှိမဖြစ်လိုအပ်ပါသည်..
ကျွန်မတက္ကသိုလ်နောက်ဆုံးနှစ်မှာ ရန်ကင်းကနေ တောင်ဒဂုံသို့အိမ်ပြောင်းရသည်.. ကျောင်းက ပါမောက္ခဆရာများအတွက် စီစဉ်ပေးသော အိမ်ဖြစ်ပြီး ရန်ကင်းအိမ်ထက် အများကြီးပိုကျယ်ဝန်းကာ အများကြီးပိုကောင်းပါသည်.. ကျွန်မသူငယ်ချင်း ကောင်လေးများမှာ ကျောင်းဘေးနားတိုက်ခန်းများမှာ အဆောင်နေကြသူများဖြစ်လို့ ကျွန်မနဲ့ အများကြီးနီးသွားပါသည်.. သူတို့အတွက် စားအိမ်သောက်အိမ်တိုးလာသဖြင့် သူတို့ကပျော်ကြသလို .. ကျွန်မအတွက်ကလည်း သူတို့နဲ့လက်ဘက်ရည်ဆိုင်ထိုင် အပြင်လျှောက်သွား.. တွဲသွားတွဲလာနှင့် အရမ်းပျော်ဖို့ကောင်းသွားပါသည်.. သို့သော်.. ကျွန်မတို့အိမ်မှာ ဖုန်းမရှိပါ.. အိမ်ကကျောင်းဝင်းထဲမှာ .. ပါမောက္ခအိမ် ၄ လုံးထဲသီးသန့် မြေနေရာလေးနှင့်ထားသည်မို့.. ကျောင်းဝင်းအပြင်ထွက်ရန်လည်းမနီးပါ.. ဖုန်းဆိုင်လည်း အနီးအနားမှာမရှိပါ.. ကျွန်မတို့အိမ်မှာ ဟန်းဖုန်းကိုင်နိုင်သူလည်းမရှိပါ...
အပြင်ထွက်လည်.. ဒါမှမဟုတ် သင်တန်းတစ်ခုခုထွက်တက်ပြီး အပြန်နောက်ကျမည့်အခြေအနေ တစ်ခုခုဖြစ်ခဲ့လျှင် ဆက်သွယ်စရာဘယ်မှာမှမရှိလို့ ကျွန်မအလွန်စိတ်ညစ်ပါသည်.. ၅ နာရီပြန်ရောက်မည်ပြောခဲ့လျှင် ဘာအကြောင်း ကြောင့်နှင့်မျှ ကျွန်မနောက်ကျ၍မရနိုင်တော့.. ကျွန်မသူငယ်ချင်းများနှင့် အဆက်အသွယ် လုပ်ချင်လျှင် မလွယ်ကူတော့.. ကျွန်မတို့ စိတ်ပျက်လွန်း ဂျီကျလွန်းတော့ နောက်ဆုံးတွင် ဖုန်းတစ်လုံးအိမ်မှာ ပိုင်ဆိုင်ခဲ့သည်.. ပျော်လိုက်သည့်ဖြစ်ခြင်း.. လွယ်ကူလိုက်သည့် ဖြစ်ခြင်း.. အလုပ်ကအပြန် တခြားနေရာတစ်ခုခုကို ကျွန်မသွားချင်လျှင် လမ်းဘေးဖုန်းဆိုင် လေးမှာရပ်ပြီး ဂဏန်းလေး ၆ လုံးနှိပ်လိုက်ရုံပဲ.. ဘယ်လောက်အဆင်ပြေလဲ.. အခု ဘယ်နားကို ရောက်နေပြီ ဘယ်ကိုသွားဦးမယ်.. ဘယ်အချိန် ဘယ်မှာကြိုပေးပါ.. ကဲ.. ဘယ်လောက်ကောင်းလိုက်သလဲ..
ကျွန်မတို့အိမ်မှာ မနက်စောစောစီးစီးလာတတ်သောဖုန်းများသည် ကျွန်မညီမအတွက် ဖုန်းများဖြစ်လေ့ရှိသည်.. တက္ကသိုလ် ဒုတိယနှစ်ကျောင်းသူတစ်ယောက်အတွက် ဖုန်းသည် ကျူရှင် ဘယ်အချိန်လဲ. ကျောင်းတက်မှာလား.. ဒီနေ့ဘာအချိန်တွေပါလဲ..စသည်ဖြင့်ပေါ့လေ.. (တစ်ခါတရံ နင်ဒီနေ့ဘာဝတ်လာမလဲ ဆိုတာတွေလည်း ပါတတ်သေး သည်).. ကျွန်မညီမဖုန်းပြောပုံက ခပ်ပြတ်ပြတ် မာရေကျောရေ.. တစ်ခါတရံ ရန်ဖြစ်စိတ်ဆိုးနေလားတောင် ထင်ရတတ်သည်.. နေ့လည်ဘက်ဖုန်းများကတော့ ကျွန်မအဖေ၏ အလုပ်ကိစ္စများ ဖြစ်တတ်သည်.. ကျွန်မက နေ့လည်တွေဆို အိမ်မှာ မရှိတတ်သဖြင့် နေ့လည်ဖုန်းများကို စိတ်မ၀င်စားမိပါ.. ညနေပိုင်းနှင့် ညဦးပိုင်း ခပ်စောစော များအချိန်တွင် လာတတ်သည့်ဖုန်းများကတော့ ကျွန်မအမေဖုန်းများဖြစ်သည်.. သူတို့ ညီအစ်မအချင်းချင်း အိမ်အကြောင်း သားသမီးအကြောင်းတွေပြောမည်.. ကျွန်မအဖွား၏ အတင်းများပြောမည်.. (ကျွန်မအဖွားက အခုတော့ ဘာအလုပ်မျှမလုပ်ဘဲ သစ်ပင်လေးစိုက်၍သာ အေးချမ်းနေတော့သည်).. ကျွန်မအမေဖုန်းပြောလျှင် ကြာတတ်ပါသည်.. ကျွန်မတို့ သားအဖတွေက အမေ သူ့ညီအစ်မတစ်ယောက်ယောက်နှင့် ဖုန်းပြောနေပြီဆိုလျှင် “She's start blogging”လို့ ပြောင်တတ်ကြသည်.. ဘာအဓိပ္ပါယ်လဲတော့ ကျွန်မမသိ.. အဲ့သည့်စကားက ကျွန်မအဖေတီထွင်ထားသော စကားဖြစ်သည်..
ည ၉ နာရီကျော်မှ လာတတ်သောဖုန်းများကတော့ ကျွန်မဖုန်းများဖြစ်သည်.. အဲသည့်အချိန်ဖုန်းလာရင် အိမ်ကမိသားစုများက ဖုန်းနဲ့ ဘယ်လောက်နီးနေပါစေ ဘယ်သူမျှမကိုင်ပါ.. ခပ်တည်တည်ပဲ ဖုန်းသံကိုပေပြီး နားထောင်နေလေ့ရှိကြသည်.. ဖုန်းကိုင်လေလို့ ကျွန်မကများ မပြောမိစေနှင့်.. ကိုယ့်ဖုန်းကိုယ်ကိုင်ပါလားလို့ သံပြိုင်ပြောကြမည်.. ကျွန်မဆီကို ဖုန်းဆက်မည့်သူက သိပ်များများစားစားမရှိပါ.. ကျွန်မနှင့် သိပ်ချစ်ခင်သော ၀မ်းကွဲအစ်ကိုတစ်ယောက်.. နယ်မှ ညီမလေးတစ်ယောက်.. နိုင်ငံခြားမှ သူငယ်ချင်းတစ်ယောက်.. ရန်ကုန်မှဆိုလျှင် ဘလော့ဂါအစ်မတစ်ယောက်.. သူငယ်ချင်းကောင်လေးတစ်ယောက်.. နယ်မှညီမလေးနှင့် ၀မ်းကွဲအစ်ကိုကတော့ ဆက်လျှင်နည်းနည်းစောတတ်သည်.. ကျန်သူတွေက ၉ နာရီနဲ့ ၉ နာရီခွဲဝန်းကျင်မှာ ဆက်လေ့ရှိပြီး.. ည ၁၀ နာရီခွဲနဲ့ ၁၁ နာရီကြားဖုန်းများကတော့ နိုင်ငံခြားမှ သူငယ်ချင်းပဲဖြစ်ပါသည်..
ငယ်ငယ်က ဖုန်းပြောရမှာကြောက်သော ကျွန်မသည် အခုတော့ ညဘက်တွေဆို ဖုန်းမျှော်သောအကျင့်ရှိလာသည်.. ဒီဇိုင်နာအလုပ်ကို စ၀င်ကတည်းက လူတွေနဲ့ စကားပြောခြင်းဆိုသည်မှာ စကားလုံးများမှတဆင့်သာဖြစ်ခဲ့ရသည်.. အလုပ်ထဲမှာ တစ်ယောက်နဲ့တစ်ယောက် ကြာရှည်လေးမြင့် စကားမပြောဖြစ်ပါ.. ကိုယ့်နားလည်ရာ ခင်မင်ရာလူများနှင့် ချက်တင်မှတဆင့်စကားပြောကြမည်.. အီးမေးလ်တွေနှင့် အလုပ်လုပ်မည်.. နေ့တိုင်းပြောဆို ဆက်ဆံနေရသောကြောင့် ချက်တင်မှလူများသည် ပိုပြီးရင်းနှီးကျွမ်းဝင်လွယ်ပါသည်.. အပြင်မှာထက်စာရင် ဘာမဆို ပွင့်လင်းစွာလည်း ပြောဖြစ်သည်မဟုတ်လား.. ကျွန်မ အလုပ်ဝင်ပြီး ၅ လလောက်မှာ အဲသည့် ချက်တင်ကမ္ဘာ နှင့် အင်မတန်အသားကျခဲ့သည်.. ကျွန်မအရင်က စကားပြောနေကြ အစ်ကိုနဲ့ စကားမပြောဖြစ်တော့ပါ.. တိုင်ပင်ဆွေးနွေးခြင်းဆိုသည်က ဝေလာဝေးခဲ့သည်.. အပြင်ကမ္ဘာမှ လူများနှင့် စကားမပြောတတ်တော့ဘဲ.. ကမ္ဘာအတုထဲမှာ ကျွန်မပျော်ဝင်နေသည်ကို ကျွန်မအစ်ကိုက သဘောကျပုံမပေါ်ပါ.. သို့သော် အဲလိုမှ ကမ္ဘာအတုလေး မတည်ဆောက်ထားရင် ကျွန်မမှာ ပျော်စရာဆိုတာရှိတော့မှာ မဟုတ်ဘူးလို့ သူသဘောပေါက်ပုံရပါသည်.. အကောင်းဆုံးနည်းလမ်းဖြစ်သည့် ဖုန်းနှင့် စကားပြောခြင်းကို သူကျင့်သုံးခဲ့သည်.. လုံးဝစကားမပြောတော့တာထက်စာရင်.. လူချင်းမျက်နှာချင်းဆိုင် မပြောရဘူးဆိုရင်တောင် ဖုန်းထဲကနေ လုံးစေ့ပတ်စေ့ ရှည်လျားစွာ.. အကြောင်းအရာ များစွာ.. ပွင့်လင်းစွာ စကားပြောခြင်းကိုသုံးတတ်ဖို့ သူက ကျင့်ပေးခဲ့သည်.. ကျွန်မစကားပြန်ပြောတတ်လာပါသည်..
အခုဆို ညတွေမှာ ကျွန်မ စကားတွေပြောသည်.. အစ်ကိုနဲ့ တစ်နေ့တာအဖြစ်အပျက်တွေ ခံစားမှုတွေ.. ကျွန်မရှေ့ဆက်လျှောက်ရမည့်လမ်းတွေ.. အခက်အခဲတွေအကြောင်း.. ဘလော့ဂါအစ်မနှင့်ဆိုလျှင်တော့ ဘလော့မှပို့စ်များအကြောင်း စာရေးဆရာတွေ အကြောင်း.. လူတွေအကြောင်း.. နိုင်ငံခြားမှ သူငယ်ချင်းနှင့်ကတော့ ကျွန်မက နားထောင်သမားသက်သက်.. သူပြောသမျှတွေ နားထောင်.. သူ့အကြောင်းတွေကို စိတ်ထဲမှတ်ထား.. ရယ်စရာဆိုရယ်လိုက် မောစရာဆိုမောလိုက်.. တားစရာရှိတားပြီး မြှောက်ပေးစရာရှိ မြှောက်ပေးလိုက်သည်..
ပြောနေရသည်ဖြစ်စေ နားထောင်သည်ဖြစ်စေ.. ဖုန်းပြောရခြင်းကို ကျွန်မနှစ်သက်ပါသည်.. ဖုန်းစောင့်ရသည်ကိုလည်း ပျော်စရာအလုပ်တစ်ခုဟု ကျွန်မမြင်လာပါသည်.. တိတ်ဆိတ် နေသော ညဘက်ဖုန်းမြည်လျှင် ဘယ်လောက်ပဲမျှော်လင့်ထားထား လန့်သွားတတ်သော် လည်း ဖုန်းထဲမှ “ညီညီလား” “ညီညီရှိပါသလားခင်ဗျာ” “ညီမလေး”.. အဲသည်လို ကြားလိုက်ရလျှင် ကျွန်မစိတ်ထဲမှာ ပျော်ရွှင်သွားသည့် ကြည်နူးမှုမျိုးကို ဘယ်လို ထုတ်ဖော်ပြောရမှန်းတောင် မသိပါ.. အဲသည့်အသံတွေကို ကျွန်မသိပ်ချစ်ပါသည်.. စွဲလန်းပါသည်.. ကျွန်မဆီဖုန်းဆက်တတ်သူများကိုလည်း ကျွန်မချစ်ပါသည်.. ပြီးတော့ ဖုန်းကိုစတင်တီထွင်ခဲ့သူ ဂရေဟမ်ဘဲလ်ကိုလည်း အထပ်ထပ်အခါခါ ကျေးဇူးတင်နေမိပါ သည်..

ငါကတော ဖုန်းဆို အသေမုန်းတာ။ ဖုန်းမြည်တဲ့အသံကြားရင် ဘယ်လိုဒေါသတွေ ထွက်ထွက်လာမှန်းကိုမသိဘူး။
ReplyDeleteinn
ReplyDeleteအင်း (ဗမာလို အင်း သွားပါသည်)
ReplyDeleteထပ်တူထပ်မျှပါ ညီ... မမလည်း ကဘာတုထဲမှာပျော်သလို ဖုန်းသံကိုလည်း ချစ်ပါတယ်။ ဖုန်းမျှော်ရတာကိုလည်း ပျော်ပါတယ်။ ဂရေဟမ်ဘဲလ်ကိုလည်း ကျေးဇူးတင်ပါတယ်။
ReplyDeleteကမ္ဘာတုထဲ စိတ်ဖြေသူ of mice and men ကိုသတိရပါ
ReplyDeleteနင်က လင်နီစမောပေါ့ ညီညီ...
ဟဲလို..ဖုန်းခေါ်နေပါတယ်..း)
ReplyDeleteဟားဟားဟား ငါ့ကိုလင်နီစမောတဲ့... အခုမှ တကယ့် လင်နီစမောကသူဖြစ်နေသကိုး ဟိုးဟိုး
ReplyDeleteဟားဟား
ရန်ကုန်က ဘလောဂ့်ဂါဆိုတာ ဘသူ့ကိုပြောတာလဲဟင်....:)))
ReplyDeleteဆန့်ကျင်ဘက်ပဲ ပြောသလိုတော့ဖြစ်နေပြီ...ငါကတော့ နားညည်းတယ်..
မဖြစ်သာလို့သာ ဆက်ရ၊ပြုရလုပ်နေရတာ..
အန်ဒီ့လိုပဲ..ကြားတာနဲ့ စိတ်ကတန်းတိုတော့တာ
ဟီးဟီး
Mirror
ဘာလို့ ဖုန်းမကိုင်ရတာလဲ... ခေါ်နေတယ်လေ
ReplyDeleteရန်ကုန်ကသူငယ်ချင်းကောင်လေးတစ်ယောက်တဲ့
ReplyDeleteအေးပါ ဖုန်းဆက်ရတာပျော်စရာပါ ဒါပေမယ့် ငါကချည်းပဲ ဆက်နေရတာတော့ မကောင်းဘူးပေါ့ဟာ့ ဖုန်းခကုန်တယ်ဟ