ဖိနပ်ဆိုင်မှာ

မနေ့က ကိုရီးယားသွားတုန်းက ခင်ခဲ့တဲ့သူငယ်ချင်းနဲ့ တွေ့ဖို့ချိန်းထားလို့ ရုံးကခွင့်ယူလိုက်တယ်.. သူငယ်ချင်း “ဂျွန်ဘုတ်” က ပန်းချီကျောင်းသား.. သူရယ် သူ့စီနီယာ “ဂျူနို”ရယ်နဲ့ သူတို့ပါမောက္ခ.. ၃ ယောက်.. မြန်မာကို လေ့လာရေးအလည်အပတ်ပေါ့လေ..(သူတို့ရဲ့ Visual Art တွေအကြောင်း သေသေချာချာ ရေးပေးဦးမယ်.. အတော်လေး အားကျဖို့ကောင်းလို့ပါ.. စိတ်ဝင်စားသူများ မျှော်ပေတော့).. အဲဒါ ဟိုနေ့ကတည်းက လေဆိပ်သွားကြို.. ဟိုတယ်ကိုပို့ပေး.. နောက်ပိတ်ရက်ဆို သူတို့ကပုဂံကို သွားတော့မှာ.. မသွားခင် ဒီကမြန်မာနိုင်ငံ ပန်းချီပညာရှင်များအစည်းအရုံးနဲ့ တွေ့ဖို့ချိန်းဆိုထားလို့.. လိုက်ပေးရမယ်ပေါ့.. သူတို့က မြန်မာပြည်လည်းမရောက်ဖူး.. အင်္ဂလိပ် စကားကလည်း လျှာလိပ်လိပ် ၀ဲလည်လည်နဲ့ဆိုတော့.. .. ထားတော့.. အဲဒါက အဓိကအကြောင်းမဟုတ်ဘူး..
(ဂျူနို..နန်းညီ..ဂျွန်ဘုတ်နဲ့သူတို့ပရော်ဖက်ဆာ)
အဲဒါနဲ့ အဲ့မနက်က ခပ်စောစောလေး.. သံဈေး ၁၈ လမ်းနားကိုရောက်လို့ လမ်းကြုံတယ်လေဆိုပြီး ဈေးထဲက ဖိနပ်ဆိုင်ကို ၀င်ဖြစ်တယ်.. နန်းညီက ယောက်ျားစီးအောကတ္တီပါကို သားရေစိမ်းနဲ့စီးရတာကြိုက်တယ်.. အဲဒါ အပြင်မှာ ဆိုင်တွေမှာရောင်းတာတွေက ကတ္တီပါလည်းမကောင်း ကြာရှည်လည်းမခံဘူးလေ.. ၁၈ လမ်းဈေးထဲမှာ ဖိနပ် ဆိုင်တစ်ဆိုင်က အတော်လေးကောင်းတယ်.. တကယ်က တောင်ဥက္ကလာဘက်မှာ သူတို့ဆိုင်ပင်ရင်း.. ဒီမှာက လူစည်ရာနေရာ နာမည်ရအောင်ရောင်းတဲ့သဘောပဲပေါ့..

အဲဒိမှာပဲ ၀ယ်နေကျမို့ ဆိုင်ရှင်အစ်မကြီးနဲ့ကလည်း ရင်းနှီးနေပြီ.. နန်းညီရောက်သွားတာနဲ့.. အနက်လား လေးညင်းလားပဲမေးတယ်.. ဘာပုံ ဘာဆိုက်မှ မေးနေစရာမလို.. အဲဒါနဲ့ လေးညင်းရောင်ဖိနပ်ကိုယူ.. မေကြီးကလည်း မှာလိုက်လို့ မေကြီးအတွက် ဖိနပ်ရှာနေတုန်း.. နန်းညီအရှေ့အရင်ရောက်နေတဲ့ ဖွားဖွားကြီး တစ်ယောက်ကို သတိထားမိတယ်.. ဖွားဖွားကြီးသာပြောရတာ.. တကယ်တော့ ဖွားဖွားသေးသေးလေးပါ.. အရပ်ပုပုပျပ်ပျပ်.. ပိန်ပိန်ကလေး.. အသားရောင်ကညိုညစ်ညစ်.. ခြင်းတောင်းလေးဘေးချပြီး ဖိနပ်တွေ အများကြီးကြားထဲက ဟိုဟာလေး ကောက်ကိုင်လိုက်.. ဒီဟာလေးကောက်ယူလိုက်နဲ့..

မေကြီးမှာတဲဖိနပ်ကလည်း ရှာရခက်နေတုန်း.. ဖွားဖွားကြီးက ဖိနပ်လေးတစ်ရံကိုအပြီးသတ်ရွေးလိုက်ပြီး တစ်ထောင်တန်တစ်ရွက်ထုတ်ပေးတယ်.. အစ်မကြီးကလှမ်းပြောတယ်..
“အဲဒါ ၁၄၀၀ အဖွား.. ၁၀၀၀ မရဘူး.. အပါးက ၁၀၀၀.. အဲဒါက ခုံအထူ”
သူ တွန့်သွားတယ်.. ပိုက်ဆံလေးကိုကြည့်လိုက် ဖိနပ်ကိုကြည့်လိုက်နဲ့.. သူ့ပိုက်ဆံရှိသလောက် ၁၀၀၀ တန်အပါးကိုပဲ မယူပဲ ဘာလို့ အထူကိုမှ ယူတာလည်းတော့ အဲဒိတုန်းက နန်းညီမစဉ်းစားမိဘူး.. ဒါပေမယ့် အဲဒိတုန်းကတော့ သူက ၁၀၀၀ တန်လေးအတင်းပေး.. အစ်မကြီးကလည်း ၁၄၀၀ မို့ မလျှော့နိုင်ဘူးပြော.. ကြားထဲကနေ အနေခက်နေမိတယ်..

အစ်မကြီးဘက်ကကြည့်လည်းဟုတ်ပါတယ်.. ၁၄၀၀ တန်ကို ၁၀၀၀ လျှော့ပေးရအောင်..သူတို့က ကိုယ်တိုင်ချုပ်ရောင်းနေတာ.. အမြတ်အများကြီးမရှိဘူးဆိုတာ သိနေတာ.. အဲဒါနဲ့ သူတို့က ငြင်းနေ.. ဖွားဖွားကြီးကလည်း သူ့ဖိနပ်အစုတ်လေးပြပြီး ဒါလေးဘယ်လိုမှစီးမရတော့လို့ လာဝယ်ရတာပါတဲ့.. အဲဒါနဲ့ နန်းညီလည်း “ကဲ အစ်မ.. ၁၀၀၀ နဲ့ပဲပေးလိုက်ပါ.. လိုတာ ညီမစိုက်ပေးပါ့မယ်” ပြောပြန်တော့.. “နေ နေ” လို့ လက်ကာပြလေရဲ့.. နောက်ဆုံးတော့ အစ်မကြီးကပဲလျှော့ပေးလိုက်တယ်.. ၁၀၀၀ နဲ့ပဲယူသွားပါပေါ့လေ..

ဖွားဖွားကြီးထွက်သွားမှ.. “မဟုတ်ဘူး ညီမရဲ့.. သူက ခဏခဏအဲလိုလာတယ်.. သနားစရာကလည်းကောင်း.. အမြဲ ဈေးဝယ်သူကြုံရင် ၀ယ်သူကစိုက်သွား.. မကြုံရင်လည်း အစ်မကပဲ လျှော့ပေးနဲ့.. ခဏခဏပဲ” တဲ့.. “အသက်ကြီးသူဆိုတော့ တစ်ခွန်းကနှစ်ခွန်းပြောလာရင် အစ်မကလည်း မနေနိုင်ဘူး.. တစ်ခါတလေ အကြွေးဆိုပေး.. တစ်ခါတလေလည်း အဲလိုပဲလျှော့လိုက်နဲ့” တဲ့.. ဟင် .. အဲလိုလားပေါ့နော်.. အူကြောင်ကြောင်ဖြစ်သွားပြီး ဘာပြောရမှန်းလည်းမသိဘူး.. မေကြီးမှာတဲ့ဖိနပ်ပုံကလည်း မရဘူး.. အဲဒါနဲ့ ပိုက်ဆံရှင်းနေတုန်း.. ဖွားဖွားကြီးက ပြန်ရောက်လာပြန်..
“သမီးရယ် မရမ်းသီးလေးတွေ.. စားရအောင် တ၀က်ယူထားပါလား” တဲ့.. အစ်မကြီးကလည်း “မယူပါဘူး အမေရယ်.. အမေစားပါ” ပေါ့.. ဟိုကလည်းမရဘူး.. အများကြီးပဲ တ၀က်ယူထားပါ.. ဘာညာ.. ပိုက်ဆံပေးပြီး ပြန်ထွက်လာခဲ့တာနဲ့ သူတို့ဘာဆက်ဖြစ်သေးလဲတော့ မသိတော့ဘူး..

တမျိုးကြီးပဲ.. ဘာကို မကျေနပ်မှန်းမသိ.. ထွက်လာခဲ့ရတယ်.. အတွေးတွေကလည်း ပလုံစီပွထလို့.. ဖြစ်ချင်တော့ နေ့လည်ကျ ဂျူနိုတို့ ဂျွန်ဘုတ်တို့နဲ့ စကားတွေပြောဆိုကြ.. သွားလာကြရင်းနဲ့.. သူတို့တွေ့ခဲ့တဲ့ သူတောင်းစား သားအမိအကြောင်း သူတို့ကလာပြောနေကြပြန်.. သူတို့ကအကောင်းပြောတာပါ.. သူတို့ဆီမှာလည်း အဲဒါတွေရှိတယ်.. ဆင်းရဲချမ်းသာ ညီမျှတယ် မညီမျှတယ်.. လူတန်းစားလိုက် ပညာပေးရေး ဘာညာ.. ဒါပေမယ့် မနက်ကဖွားဖွားကြီးကိုပဲ တွေးမိပြီး ဘာရယ်မသိ ဒေါသတွေထွက်လာပြန်တယ်.. သူတောင်းစားတော့ မဟုတ်ပေမယ့် အဲဒိဖွားဖွားကြီးလိုဖြစ်နေတဲ့လူတွေ ဘယ်လောက်များများရှိနေလဲ.. သူကရော တမင်အဲဒါမျိုးလုပ်နေတာလား.. တကယ်ပဲအခက်အခဲရှိတာလား.. မှတ်တိုင်တွေမှာ လက်ဘက်ရည်ဆိုင်တွေမှာ လမ်းမှာ.. လမ်းစရိတ်ပြတ်သွားလို့ပါ.. ဖိနပ်ပြတ်လို့.. ဆေးဖိုးလိုလို့.. ဘာဖြစ်လို့ ညာဖြစ်လို့ ဆိုပြီး အဖိုးကြီး အဖွားကြီးတွေ.. ကလေးလေးတွေ.. ဘယ်လိုစိတ်မျိုးနဲ့ သူတို့ကိုလှူသင့်ပါသလဲ.. “ကန်တော့ပါသေးရဲ့.. အကြွေမရှိဘူး..” အဲဒါတွေပဲ ပြောနေရမလား.. နန်းညီကတော့ ကြုံရင်လှူလိုက်.. ပြီးရင် ဘာမှမတွေးဘူး.. မလှူချင်ရင်လည်း အရှင်းမလှူတော့ဘူး.. အဲဒါကရော မှန်သလား.. ဂျူနိုတို့ကိုလည်း အဲဒိအတိုင်းပဲပြောလိုက်တယ်.. ဒေါသကတော့ ထွက်တုန်းပဲ.. ဘာကိုမှန်းမသိတာက ခက်တယ်.. ခု ရေးနေချိန်အထိ.. ဖြစ်ချင်တော့ အဲဒိနောက်နေ့ပဲ လင်းအရုဏ်ရဲ့ပို့စ်ကို ဖတ်မိတော့.. တိုက်ဆိုင်နေပြီး .. ဒေါသ... အမလေး .. အကုသိုလ်တွေ..

တော်ပြီ ဆက်မရေးချင်တော့ဘူး..

7 comments:

  1. တော်ပြီ ဆက် မဖတ်ချင်တော့ဘူး... စိတ်လေတယ်...
    ATN

    ReplyDelete
  2. အဲလိုအလှူခံတွေနဲ့တွေ့တုံးက ဘယ်လိုတုန့်ပြန်မိခဲ့သလဲလို့
    ကိုယ့်ဘာသာ ပြန်စဉ်းစားနေမိတယ်.....။

    ReplyDelete
  3. ရှောင်ပြေးချင်တဲ့ သူတွေကသိပ်များတယ်လေ ငါတို့မတတ်နိုင်ပါဘူး...ဘာလုပ်လို့ရမှာလဲ အဲလိုတွေးပြီးပြေးနေသရွေ့ အဖြေမရှိဘူး ကိုယ့်စိတ်ဓါတ်နဲ့ ခံယူချက်ကိုလည်း ပြင်သင့်တယ် တကိုယ်ကောင်းဆန်နေသရွေ့ အဲဒါတွေ မြင်နေရဦးမှာပဲ
    ပြဿနာရဲ့ အဖြေကဘယ်မှာလဲ တတိယနေရာကိုရွေ့မပစ်နဲ့

    ReplyDelete
  4. အင်း မပြောချင်ရင်လဲ မပြောတော့ပါဘူး

    ReplyDelete
  5. လစ်တဲဘရွတ်ကြီးပြောတာ မှန်သဗျ..။ငါတို့ မတတ်နိုင်ပါဘူး။
    ဒါမဲ့ ငါတို့တတ်နိုင်သလောက်လေးတော့ လုပ်ရဦးမယ်။
    (တတ်နိုင်တဲ့တစ်ချို့တွေက ကြည့်ကောင်းကောင်းနဲ့ ကြည့်နေတာကိုး..)

    mirror

    ReplyDelete
  6. ဒီလိုပါပဲ နန်းညီရယ်.... တခါတလေ.. ဒိလိုမျိုးလေးတွေ.. ဖြစ်တတ်ပါတယ်..... System ကောင်းကောင်းမရှိတဲ့.. လူမှုအဖွဲ့အစည်းမှာ.. အဲဒါမျိုးတွေ တွေ့ရတတ်ပါတယ်။။။

    ReplyDelete
  7. အခုမှသိရှာတယ်... သနားပါတယ်။

    ReplyDelete

your comment please

Powered by Blogger.