ညတစ်ညပုံပြင်

အခု ငါဖြစ်နေပုံကို မင်းတွေ့ရင် ငါ့ကိုအရူးလို့ပြောမယ်ထင်တယ်.. ဟုတ်တယ်.. မင်းရယ်မှာပဲ.. ပြီးရင် “အဲဒိလောက်တောင်ပဲလားကွာ” လို့ မင်းရယ်ဟဟနဲ့ပြောမယ်.. မျက်လုံးကိုထောင့်ကပ်ပြီး နှုတ်ခမ်းထောင့်စွန်းလေး ကွေးလို့ မင်းပြုံးရင် ငါ့ဘယ်ဘက်ရင်အုံက လှပ်ခနဲခုန်သွားတတ်တာ ဘာကြောင့်လဲ မသိဘူးနော်.. တကယ်တော့ကွ.. ငါ ဒီနေ့ မြတ်ဟိန်းနဲ့ချိန်းထားတာ.. သူ့အိမ်မှာသွားအိပ်မယ်ပေါ့.. သူအသစ်ရေးထားတဲ့ သီချင်းတွေ ဂစ်တာတီးပေး ရမယ်.. ဒါပေမယ့် မင်းကပြောတယ်မဟုတ်လား.. ဖုန်းဆက်ဖြစ်ရင်လည်း ဆက်ဖြစ်မယ်ဆို.. အဲဒါနဲ့ပဲ ငါသူနဲ့ ချိန်းထားတာ ဖျက်ပစ်လိုက်တယ်.. သူက ပြောတယ်.. “မင်းေ-ာက်ရူးပဲ”တဲ့... “မင်း ငါ့အိမ်ရောက်နေတော့ ငါ့အိမ်ဖုန်းကိုပေးထားလိုက်ပေါ့.. အဲလိုဆိုသူကဆက်မရတော့ဘူးတဲ့လား” .. အေး.. ဟုတ်တယ်နော်.. တကယ်တော့ ဖုန်းပဲ.. ဘယ်အိမ်အိပ်အိပ် ဆက်လို့ရတာပဲ.. ဒါပေမယ့် ဒီလိုလေ.. သူများအိမ်ကိုဆိုရင် မင်းဆက်ချင်ပါ့မလား.. အားနာနေမလား.. ငါလည်း အဲ့ကောင်ရှေ့မှာ မင်းနဲ့ဖုန်းမပြောချင်ပါဘူး.. ပြီးတော့ အဲ့ကောင်ဆီရောက်သွားရင်က အဲ့ကောင်က တိုက်တော့မှာ.. ပထမ ၁ ပက် ၂ ပက်.. နောက် ပြားဝက်.. နောက်တစ်ပြား.. နောက်ထပ်တစ်ပြား.. နောက် အတောင့်တွေပါဆက်.. အာ .. မဖြစ်ဘူး မဖြစ်ဘူး.. မင်းဖုန်းဆက်တဲ့အခါ ငါ မူပျက်နေရင်.. စကားတွေ မှားကုန်ရင် မင်းစိတ်ဆင်းရဲရမှာကို စိုးပါတယ်..

ဒါနဲ့ပဲ အခု ငါ့မှာ ယောင်ချာချာနဲ့ပေါ့.. ပေ ၆၀ ပတ်လည် တိုက်ခန်းထဲမှာ ငါလမ်းလျှောက်နေတာ အကြိမ်ပေါင်း မရေမတွက်နိုင်တော့ဘူး.. မီးကလည်း ပျက်နေတယ်ကွ.. အင်ဗာတာလည်း မနေ့က အားမသွင်းထားမိဘူး.. ဒီကြားထဲ.. မနက်က အပြင်သွားတုန်းက ပြတင်းပေါက်ကို မေ့ပြီးဖွင့်ထားခဲ့မိလို့ အိမ်ထဲမှာလည်း ခြင်တွေနဲ့.. ဒီကောင်တွေ ဆိုးတယ်.. ငါ့ပဲလိုက်ကိုက်နေကြတာပဲ.. အေးလေ.. အခန်းထဲမှာလည်း ငါပဲရှိတာကိုး.. မှောင်မှောင်မဲမဲဆိုတော့ သူတို့ဘက်က တစ်ပန်းသာနေတာပေါ့.. ၀ရံတာကနေ လေအေးအေးလေးတွေ လာနေတယ်.. ငါစဉ်းစားနေတာ.. ဂစ်တာလေးယူပြီး ၀ရံတာသွားထိုင်နေရမလားလို့လေ.. ဒါပေမယ့်ခက်တာက ဖုန်းလာရင် ဖုန်းသံကို ငါမကြားရမှာ စိုးတယ်.. ၀ရံတာကိုထွက်လိုက်ရင်က အောက်က ကားတွေဖြတ်သွားနေတာဆိုတော့ ဆူတယ်လေ.. ဒီကြားထဲ ငါက ဂစ်တာတီးနေဦးမှာဆိုရင် ဖုန်းမြည်တဲ့အခါမကြားရင် ဒုက္ခ.. တော်ပါပြီလေ.. မသွားတော့ဘူး.. ဒီအတိုင်းပဲ အမှောင်ထဲ ထိုင်နေတော့မယ်..

ညနေက အလုပ်ကပြန်လာပြီး ထမင်းတောင်ဖြောင့်ဖြောင့်မစားဖြစ်ဘူး.. တကယ်ဆို ထမင်းစားချိန်က ၇ နာရီ.. မင်းက ဖုန်းဆက်ရင် ညမှဆက်တာမဟုတ်လား.. ဒါပေမယ့် တော်ကြာ ဆက်နေလို့ ကိုင်မယ့်သူမရှိရင် မဖြစ်ဘူးဆိုပြီး ထမင်းဆိုင်မှာ အမြန်စား.. အပေါ်ကို ပြေးတက်လာခဲ့တာ.. ထမင်းစားပြီးပြီးချင်း ပြေးမိလို့လားမသိ.. ဗိုက်အောင့် နေတယ်ကွာ.. ဆေးလည်း ပြန်ဆင်းမ၀ယ်ချင်တော့ဘူး.. ဒီ ၇ ထပ်ကြီး တက်ဆင်းနေတာနဲ့ပဲ မင်းဖုန်းဆက်တာ လွတ်သွားရင် ငါပဲ စိတ်ညစ်ရမှာ.. ဗိုက်ရယ် .. မအောင့်ပါနဲ့တော့..

ခုနက မြတ်ဟိန်းဖုန်းဆက်သေးတယ်.. ခွေးကောင်.. စကားကိုပေရှည်အောင်ပြောပြီး ရစ်နေလို့ ဆဲပစ်လိုက်တယ်.. "၁၀ နာရီလည်း ထိုးပါပြီကွာ.. မဆက်လောက်တော့ပါဘူး" တဲ့.. ကွာ.. ပါးစပ်ပုတ်ကြီးနဲ့.. မဆက်ဘူးဆို မဆက်ဘူးပြောမှာပေါ့.. ခု မင်းက.. ဆက်ဖြစ်ရင်လည်း ဆက်ဖြစ်မယ်လေ လို့ပြောတော့ ဒါ ဆက်မယ်လို့ပြောတာပဲ မဟုတ်ဘူးလား.. ဆက် ဆက် .. မဆက်ဆက်.. စောင့်ရမှာက ငါ့တာဝန်ပဲလေ.. အင်း..တာဝန်ရယ်တော့လည်း မဟုတ်ပါဘူး.. တာဝန်ဝတ္တရားအရ စောင့်တာမှ မဟုတ်ပဲ.. ငါ့ကိုက စောင့်ချင်လို့.. ဖုန်းဆက်လို့ မင်းအသံ ပျားယီးပျာယာလေး ကြားရရင် ငါဘယ်လောက်ပျော်သွားလဲ မင်းကတော့ သိမယ်မထင်ဘူး.. မင်းအသံလေး ကြားရရုံနဲ့ .. မင်းရဲ့အနံ့.. မင်းရဲ့အပြုံး.. မင်းဆံပင်တွေ.. မင်းလက်ချောင်းလေးတွေ.. အားလုံး အားလုံးကိုကွာ.. ပြန်သတိရတယ်.. ပြန်ခံစားလို့ရတယ်.. မင်းနဲ့တစ်လ တစ်ခါတောင် တွေ့ဖို့ခဲယဉ်းလွန်းလို့ လွမ်းတဲ့စိတ်တွေကို ဒီလို သတိရခြင်းမျိုးတွေနဲ့ ဖြေဖျောက်နေရတာ.. မင်းသိရဲ့လား..

လရောင်ကလည်း အတော်လင်းသား.. အရင်ကဆို လကိုသတိမထားမိပါဘူး.. ဒီနေ့မှ မီးကလည်းပျက်.. လုပ်စရာလည်းမရှိလို့ လကိုမော့ကြည့်မိတာ.. အော်.. လဆိုမှ.. ဒီနေ့လေ.. လမင်းရယ်.. ငါ့ကီးဘုတ်ကို တက်နင်းသွားသေးတယ်.. recording အခန်းထဲမှာကွာ.. ပစ္စည်းတွေ ရွှေ့ရှက်ပြီး ဖုန်သုတ်နေတာ.. အဲ့ကောင် ဘေးချထားတဲ့ ကီးဘုတ်ကို တက်နင်းထည့်လိုက်တာ.. တော်သေးတာပေါ့ ဘာမှတော့မဖြစ်လို့.. အလုပ်ထဲမှာလည်း အဆင်မပြေဘူးကွာ.. ဒီနေ့.. မင်းရော အလုပ်မှာပျော်ရဲ့လားဟင်.. မင်းကတော့ အဆင်ပြေမှာပါ.. ငါကတော့ တလွဲပဲလေ.. အမြဲ.. မင်းအကြောင်းတွေးမိရင် တီးနေတဲ့သီချင်း ဘယ်ရောက်ရောက်သွားမှန်းမသိဘူး.. အမြဲ မှားတတ်လို့ ကိုမင်းကတောင်ပြောနေတယ်.. “သူများတွေက ကောင်မလေးအကြောင်းတွေးရင် မုဒ်ပိုဝင်တယ်.. မင်းကျမှပဲ မှားတီးရတယ်လို့” တဲ့.. ငါကလည်း ငါပဲ.. ကားစီးရင်းလည်း မင်းအကြောင်းတွေးနေလို့ မှတ်တိုင်ကျော်သွားတာ ခဏခဏ.. အဲ့ဒါနဲ့အခု ဘယ်လိုလုပ်လဲသိလား.. မင်းအကြောင်း တွေးနေမိတယ်ဆိုတာကို သတိထားမိတာနဲ့တပြိုင်နက် သံဗုဒ္ဓေရွတ်ပစ်လိုက်တယ်ကွ.. ဘယ်နေရာရောက်ရောက် ဘာလုပ်နေနေ.. မင်းအကြောင်းတွေးမိတာနဲ့ ရွတ်တာပဲ.. မတွေးဘူး မင်းအကြောင်း.. အလုပ်ထဲမှာမတွေးဘူး.. ကားစီးရင်းမတွေးဘူး.. သူများတွေနဲ့စကားပြောနေရင် မတွေးဘူး.. အာရုံကိုလွှဲတဲ့အနေနဲ့ သံဗုဒ္ဓေရွတ်တယ်.. အောင်မယ် ..ကုသိုလ်တွေတောင် အတော်ရနေလောက်ပြီ.. ကားစီးရင်းလည်း တတွတ်တွတ်ရွတ်နေလို့လေ.. မင်းအကြောင်းကတော့ ခုလို .. တစ်ယောက်ထဲ အေးအေးဆေးဆေး ရှိနေမှ.. တန်းစီတွေးမယ်ကွာ.. ဖြစ်တယ်ဟုတ်..

အင်း.. ဒါနဲ့ .. ဘယ်နှနာရီရှိနေပြီလဲ.. မင်း ဖုန်းမဆက်တော့ဘူးလား.. ဖုန်းများပျက်နေလားလို့.. ခဏခဏ ဖုန်းခွက်ကို မမပြီးနားထောင်ရသေးတယ်.. ဖုန်းကကောင်းပါတယ်.. ဘာကြောင့်မမြည်လာတာပါလိမ့်.. ချစ်သူရာ.. ဂဏန်းလေး ၆လုံး နှိပ်လိုက်ရတာ မင်းက ဘာအပန်းကြီးနေတာတုန်း.. ငါ့မှာတော့ ည ၇ နာရီကတည်းက ခု ၁၁ နာရီခွဲတဲ့အထိ.. တငုတ်တုတ်တုတ်နဲ့.. မင်းက ကိုယ်ချင်းလည်း စာတတ်ပုံမပေါ်ပါဘူး..

အိပ်လိုက်ရတော့မလားလို့ ငါစဉ်းစားနေတယ်.. ဖုန်းလာတယ်ဆိုမှ ထကိုင်မယ်ဆိုရင်ရော.. ဒါပေမယ့် မနိုးမှာလည်း ဆိုးတယ်.. ငါဆိုတဲ့ကောင်က အိပ်ပျော်သွားရင် ဖုန်းသံလောက်နဲ့တော့ နိုးမယ့်ကောင်မှမဟုတ်တာ.. အင်းလေ စောင့်လက်စနဲ့ စောင့်လိုက်ပါ့မယ်.. ၁၂ နာရီမှ မင်းမခေါ်သေးရင်တော့ ငါတကယ်အိပ်မယ်.. ပြောမယ့်သာ ပြောရတာပါ.. ၁၂ နာရီထိုးပြန်တော့လည်း “၁ နာရီထိတော့ စောင့်လိုက်ပါ့မယ်လေ”လို့ ငါတွေးမယ်.. ၁ နာရီထိုးတော့ “၂ နာရီထိ”လို့ ငါတွေးမယ်..
နောက်.. ၃ နာရီ..
၎ နာရီ..
အဲဒိလောက်ဆိုရင်တော့ မင်းဖုန်းမဆက်မှာသေချာသွားပြီ.. အဲဒိအချိန်လောက်ဆိုရင်တော့
တစ်ကိုယ်လုံး ခြေတွေလက်တွေသယ်ဖို့.. ဆက်ပြီး ဖုန်းထိုင်စောင့်ဖို့.. အသက်ဆက်ရှူဖို့ အားတွေ မရှိတော့တဲ့ငါ အရုပ်ကြိုးပြတ် အိပ်ရာဝင်ပါ့မယ် ..
(နောက်နေ့ ဖုန်း ဒါမှမဟုတ် ချက်တင်.. ဒါမှမဟုတ် လူကိုယ်တိုင်.. တစ်နည်းနည်းနဲ့ မင်းနဲ့တွေ့တော့.. “စောစောအိပ် စောစောထပါဆို စကားလည်း နားမထောင်ဘူး” လို့ မင်းက ဆူတဲ့အခါ ခံရဦးမယ်)..

16 comments:

  1. ဒါပေါ့ ဒါပေါ့ :P

    ReplyDelete
  2. ညီ .. ကောင်းလိုက်တာဟာ။

    ReplyDelete
  3. စာဖတ်နေရင်း ကိုယ်ပါ လိုက်ရင်မောလိုက်ရတာ.. တော်တော်ဆိုးတာပဲ..
    ဆက်ကာမှ ကောက်ဆက်တာ မဟုတ်ဘူး...
    ဆက်ဖြစ်ရင်လည်း ဆက်ဖြစ်မယ် ဆိုတော့ စောင့်နေမိတော့တာပေါ့...။

    ReplyDelete
  4. အော်
    အဆူခံရမှာ တွေးကြောက်နေပုံပဲ
    သူက တော်2ဆိုးတာပဲ
    သူလွန်တာပေါ့
    သူမကောင်းဘူး
    အဟီးး ( ပြန်ပြောရဘူးနော် တို့လည်းကြောက်တယ် သူ့ကို)

    ReplyDelete
  5. အဲလိုဒုက္ခလေးတွေကလည်းကြုံဖူးမှသိမှာနော်..း)

    ReplyDelete
  6. အေးလေနော်.. သနားပါတယ်.. သူကချစ်ရှာတာကိုး

    ReplyDelete
  7. " အိုမေရယ်...ဘာကြောင့်များ ငြှင်းရက်နိုင်တာလဲကွယ်..
    ဒီမောင်မှာ ညတိုင်းပဲ အိပ်မရနိုင်ပါတော့တယ်....၊(ဆိုင်မောဝ်)"

    ReplyDelete
  8. `ကောင်မလေးက accident ဖြစ်သွားပြီး ဆေးရုံရောက်... ဖုန်းမဆက်ဖြစ်... အင်း... ဒီလိုများလားကွယ်။...´

    ReplyDelete
  9. အေး ဟုတ်သားပဲ ဆက်ရင်လဲ ကောက်ဆက်ပေါ့
    အဲ့လိုတော့ သူများကို မစောင့်ခိုင်းသင့်ပါဘူး။
    စောင့်ရတာ ဘယ်လောက် စိတ်ဆင်းရဲလဲ
    မသိဘူး မကြုံဖူးလို့နေမယ်။

    ReplyDelete
  10. အဲဒါပေါ့ ကိုယ့်ဒုက္ခကိုယ်ရှာတာ။ ကိုယ်တိုင်ဆက်လိုက်ဘာဖြစ်မှာ
    မို့လဲ။

    ReplyDelete
  11. နန်းညီရေ.. ပုံက bye ကို နှိပ်တာ၊ လက်ချော်ပြီး သွားဖြဲတဲ့ပုံကြီး ထွက်လာတာ...။ ပြီးတော့ ကောမန့်ထဲမှာ ဝတ္ထုကို ကြိုက်တဲ့ အကြောင်းမရေးရသေးတာ သတိရပြီး စီဘောက်စ်မှာ လာရေးမိလို့ အဲလိုဖစ်ရတာပါကွယ်.. မောလိုက်တာ..။
    ရှင်းပြရတာ.. မော..... နောက်လုပ်တော့ပါဝူးးးး၊ ကြောက်ပါပြီ

    ReplyDelete
  12. မင်းအသံလေး ကြားရရုံနဲ့ .. မင်းရဲ့အနံ့.. မင်းရဲ့အပြုံး.. မင်းဆံပင်တွေ.. မင်းလက်ချောင်းလေးတွေ.. အားလုံး အားလုံးကိုကွာ.

    နည်းနည်းတော့ လွန်တယ် အသံလေးကြားရုံနဲ့ အကုန်ပြန်ရသတဲ့..

    အော် ဒွတ်ခ..အစ်ကို ငယ်ငယ်တုန်းက အတိုင်းပါပဲလား..:P

    ReplyDelete
  13. မင်းအကြောင်း တွေးနေမိတယ်ဆိုတာကို သတိထားမိတာနဲ့တပြိုင်နက် သံဗုဒ္ဓေရွတ်ပစ်လိုက်တယ်ကွ..(ဒါလဲ "ထူးထွေသည့် အံ့ရာ" တမျိုးပါလား)

    ReplyDelete
  14. ဟား ဟား ဟား :P

    ReplyDelete
  15. P>> ဘာလဲ ဒါပေါ့ ဒါပေါ့
    အရုဏ်>>မြန်မာကားတွေ သိပ်မကြည့်ပါနဲ့ဆို
    ကိုအိမ် >> ကိုယ်ကဆက်ဖို့ မဖြစ်နိုင်လို့ပေါ့ကွယ်
    ကိုလင်းဒီပ>> အဲလို မှန်ရာကို ၀န်ခံစမ်းပါဗျ.. :P
    မအေးမြတ်ကို>> အဲ့ဒါ အဟုတ် (God Only Obstruct Me)တဲ့လေ
    littlebrook >> ဘာရယ်တာလဲ

    ReplyDelete
  16. ဟီးဟီး .. ဖတ်ဖြစ်တာကြာပြိ... office မှာ မန့်လို့ မရလို့ .. အခုမှမန့်ရတယ်.....
    အကို့ရဲ့ ညအိမ်မက်တွေက နန်းညီ လို ဟုတ်ဝူး...
    ဟီးဟီး ..ပြောတော့ပါဘူး.. ရှက်လာပြိ...
    (မျက်နှာကြီးနီရဲလျှက် နန်းညီဘလော့ မှထွက်သွားသည်)

    ReplyDelete

your comment please

Powered by Blogger.