အာရာမေ

အာရာမေဆိုတာ ဂရိဘာသာစကားပေါ့.. နှလုံးမွေ့လျော်ဖွယ်ကောင်းလှသော ဂရိလူမျိုးတို့၏ လောကလို့ အဓိပ္ပါယ်ရပါတယ်.. ဂရိဆိုတာ ဥရောပယဉ်ကျေးမှုရဲ့အစပဲ.. ဥရောပတိုက်တစ်ခုလုံးရဲ့ ယဉ်ကျေးမှုတွေ အမြစ်ဖြာထွက်တဲ့နေရာ.. အားလုံးသိကြတဲ့ Troy မြို့ကြီးအကြောင်း တခမ်းတနားဖွဲ့ထားတဲ့ ဂရိစာဆိုကြီး ဟိုးမားရဲ့ အိလိယက် (Iliad)ကဗျာရှည်ကြီးက ဥရောပနိုင်ငံတွေရဲ့ စာပေယဉ်ကျေးမှုအစပဲလို့ ဆိုကြတယ်.. ဂရိတွေဟာ မွေးရာပါ ဗီဇကိုက အနုပညာသည်တွေဖြစ်တယ်လို့ ဆိုကြတယ်.. ရှေးနှစ်ပေါင်း ၂၄၀၀ ကျော်ကတည်းက ဂရိပြည်မှာ စာပေယဉ်ကျေးမှု အနုပညာတွေ ထွန်းကားခဲ့ပြီဆိုတာ တကယ်လည်း အံ့သြစရာတော့ကောင်းတယ်.. ဂရိတွေရဲ့ အနုပညာက တဆောင်တယောင် တခမ်းတနားမဟုတ်ပဲ နေ့စဉ်သုံးပစ္စည်းလေးတွေဖြစ်တဲ့ အိုးခွက်ပန်းကန်လေးတွေမှာတောင် လှပအောင် တန်ဆာဆင်ထားကြတယ်.. အဲဒါကြတော့ မြန်မာတွေနဲ့တူတယ်.. နွားလှည်း.. ထမ်းပိုး စတဲ့အကြမ်းစား အသုံးအဆောင်တွေမှာတောင် မြန်မာတွေက အလှဆင်ကြတယ်.. နွားနဖားကြိုးကအစ ပန်းပွားတွေဘာတွေနဲ့ သာမန်နေ့စဉ်သုံးပစ္စည်းလေးတွေကအစ မျက်စိပသာဒဖြစ်အောင် တန်ဆာဆင်တဲ့ အနုပညာမျိုးပဲ..

ဂရိမှာအများဆုံးထွန်းကားခဲ့တာက ပန်းပုပေါ့.. သဘာဝကျောက်တုံးကျောက်စိုင်တွေကို သူတို့ပညာနဲ့ လှပကြည်ညိုဖွယ်ဖြစ်အောင် အနုပညာအဖြစ် ဖန်တီးခဲ့တယ်.. များသောအားဖြင့်တော့ နတ်ရုပ်တွေများတယ်.. အဲဒါကျတော့ မြန်မာတွေနဲ့မတူတော့ပြန်ဘူး.. မြန်မာနတ်ရုပ်တွေက အ၀တ်အစား အသုံးအဆောင်ကအစ သာမန်လူတွေနဲ့မတူတာတွေနဲ့ မွမ်းမံခြယ်သထားတယ်.. မျက်နှာထားတွေကအစ ရှိန်စရာ လန့်စရာပဲ.. ဂရိအရုပ်တွေကျပြန်တော့ ကြည့်သူစိတ်မှာ နှစ်သက်စရာဖြစ်နေတယ်.. လူရဲ့ရုပ်သွင်ပြင်နဲ့ လှပတဲ့ခန့်ညားတဲ့ ဂုဏ်သိက္ခာကိုဖော်ပြတယ်.. သူတို့က “နတ်ဆိုတာ လူရဲ့ ကိုယ်ကာယ ဥာဏ်ပညာ ခွန်အား .. အဲဒါတွေ အပြည့်စုံဆုံး အထွတ်အထိပ်ကိုရောက်သွားခြင်းဖြစ်တယ်” လို့ခံယူကြတယ်.. ဆိုလိုတာက နတ်ဆိုတာ လူပါပဲ.. ဒါပေမယ့် ခွန်အား ဥာဏ်ရည် အရာရာ လူထက်သာလွန်နေတာမျိုးပေါ့..

ဂရိပန်းပုနဲ့ပတ်သက်ရင် နာမည်ကြီးတာကတော့ လက်နှစ်ဖက်လုံးမပါတဲ့ အလှနတ်သမီး ဗီးနပ်စ်ရုပ်ထုပေါ့.. ဂရိတို့အယူအရ ဗီးနပ်စ်နတ်သမီးက အလှအပ အချစ်ရေးကိစ္စတွေကို ပိုင်စိုးတယ်.. ခုထိလည်း အဲဒိစကားကို အဲဒိအဓိပ္ပါယ်နဲ့ သုံးစွဲနေကြတုန်းပါပဲ.. နက္ခတ်အရဆိုရင်လည်း ဗီးနပ်စ်က သောကြာဂြိုဟ်.. အိမ်ထောင်ရေး အချစ်ရေး လောကီစည်းစိမ်ချမ်းသာတွေနဲ့ဆိုင်တယ်ပေါ့.. ဗီးနပ်စ်ရုပ်ထုက အစကတော့ လက်တွေရှိမယ်လို့ ခန့်မှန်းကြတယ်.. ဘာပဲဖြစ်ဖြစ် ခုတောင်မှ သူ့အလှ သူ့ကိုယ်ခန္ဓာအလှကို စံနမူနာအဖြစ်သတ်မှတ်ကြတယ်.. သူ့မျက်နှာပုံပန်းကလည်း ချောမောတယ်ဆိုတာထက် တည်ငြိမ်တဲ့ အေးချမ်းတဲ့ အိနြေ္ဒအဆင်းကို ဖော်ပြတယ်လို့ဆိုပါတယ်..

ယောက်ျားတွေရဲ့ စံနမူနာရုပ်ထုကတော့ အပိုလို (Apollo)နေနတ်သား ရုပ်ထုပဲ.. နောက်ပိုင်းခေတ်တွေ ရောက်တဲ့အထိ ဂရိတို့ရဲ့ ခန္ဓာဗေဒအချိုးအစားကို စံအဖြစ်ယူပြီးထုလုပ်နေကြတုန်းပါပဲ.. ဂရိတွေဟာ နတ်ဘုရားတွေကို ကိုးကွယ်ကြတယ်.. ဘုရားကျောင်းတွေမှာ နတ်ရုပ်တွေကို သိဒ္ဓိတင်ကြတယ်လို့ ဆိုပါတယ်.. ဒါပေမယ့် နတ်ရုပ်တွေကို လူနဲ့တူစေတယ်.. လူ့ခန္ဓာအချိုးအစား လူ့အရည်အသွေးကို ထည့်ပြီးထုခြင်းအားဖြင့် လူရဲ့ဂုဏ်သိက္ခာကို မြှင့်တင်တယ်.. လူဟာဘာမဆိုလုပ်နိုင်တယ်ဆိုတဲ့ မိမိကိုယ်မိမိ ယုံကြည်မှုကို မြှင့်တင်ပေးခြင်း တစ်မျိုးပါပဲ..

ဂရိတွေဟာ ပန်းချီ ပန်းပု စာပေအနုပညာတွေတင်မကဘဲ နှုတ်မှုပညာ.. အတွေးအခေါ် ဒဿနိကတွေ.. အဲဒါတွေမှာလည်း ထူးချွန်ကြတယ်.. ဆိုကရေးတီးတို့ ပလေတိုတို့ရဲ့ အရေးအသား အဆိုအမိန့်တွေဆို အခုခေတ်ထိ ရည်ညွှန်းလေ့လာနေကြရတုန်းပဲမဟုတ်လား.. စစ်ရေး နိုင်ငံရေး လောကဓံတွေလည်း တွေ့ကြုံခဲ့ရသေးတယ်.. ပြည်တွင်းစစ်တွေကလည်း ဖြစ်.. နောက်တော့ ဘီစီ ၁၄၆ ခုနှစ်မှာ ဂရိတွေဟာ ရောမလူမျိုးတွေလက်အောက်ကို ကျရောက်ခဲ့ရတယ်.. ဒါပေမယ့် သူတို့အနုပညာ အတွေးအခေါ်တွေဟာ တိမ်ပျောက်သွားတာမျိုး မဖြစ်ခဲ့ပါဘူး.. ရောမလူမျိုးတွေအပေါ်မှာတောင် အများကြီးပြန်ပြီး လွှမ်းမိုးသွားခဲ့သေးတယ်.. ရောမလူမျိုးတွေက သူ့လက်အောက်ခံ ဂရိတွေရဲ့ အနုပညာတွေ စာပေတွေ အတွေးအခေါ်တွေကို လေ့လာရ ထိန်းသိမ်းကြရတယ်.. အဲသည့်လောက်ထိကို ဂရိတွေရဲ့သြဇာက ပျံ့နှံ့ခဲ့တာပါ..

ကိုးကား - ဒေါ်ခင်မျိုးချစ်၏ ဥရောပယဉ်ကျေးမှု အနုပညာမိတ်ဆက်
- ညိုဝင်းရှင်၏ အနောက်တိုင်းအနုပညာ
- အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် တတိယနှစ်ပန်းချီပြဌာန်းစာအုပ်

8 comments:

  1. တော်တော်တန်ဖိုးရှိတဲ့ ပိုစ့်လေးပါပဲ
    အသိ၊ ဗဟုသုတနဲ့ တွေးစရာတွေ အများကြီး ရလိုက်တယ် ...
    အခုလိုတင်ပြပေးလို့ကျေးဇူးတင်မိပြီး လေးစားမိပါတယ် ညီမ ... ။

    ReplyDelete
  2. ရှက်စရာကြီး အဟင့်။ :)

    ReplyDelete
  3. အဲဒီ ဂရိရုပ်တွေ ကြည့်ပြီး ကိုယ့်ရဲ့ စူထွက်နေတဲ့ဗိုက်၊ ပုတဲ့ အရပ်၊ ပြားတဲ့ နှာခေါင်း၊ ထူတဲ့ နှုတ်ခမ်း ကို စိတ်ပျက်နေတယ်...။

    ReplyDelete
  4. လိန်လိန်ပြောသလိုပဲ..:P

    ReplyDelete
  5. စတာပါ..ဗဟုသုတရပါတယ် ညီမရေ...
    ပုံတွေတော့ သိမ်းထားလိုက်တယ်...

    ReplyDelete
  6.ှရှက်စရာဟုတ်ပေါင်။ အစ်မတစ်ယောက်ပန်းချီကျောင်းတက်တုန်းက ဒီထက်ထိမိတဲ့ ပုံတွေကိုပုံတူဆွဲရတာ။ ဒါမျိုးရောင်စုံပန်းချီတွေပါတဲ့ စာအုပ်ထူကြီးတွေကို အင်္ဂလိပ်ဘာသာနဲ့သင်ရပြီး ဖတ်ခဲ့ကျက်ခဲ့ဆွဲခဲ့ကြရတာ။ တကယ်တော့ လွယ်လှတာမဟုတ်ဘူး။

    ဗီးနပ်စ်ကကိုယ်လုံးပဲလှတာ။ ရုပ်လည်းချောဘူး (ကိုယ့်အမြင်)
    အပိုလိုကိုကြည့်ရင် သူတို့ခေတ်တုန်းက ဒီနေ့ခေတ်ဥရောပမှာလို သိပ်ဗလတောင့်တောင့်တင်းတင်း မဟုတ်ဘူးနော်။ အာရှသားတွေလို ပိန်ကပ်နေတာမျိုးမဟုတ်ရုံတမယ် အနေတော်ပဲ။ အရပ်တော့မြင့်ကြသား။

    ReplyDelete
  7. တော်လိုက်တဲ့ ညီမလေး တော်ပြီးရင်းတော်
    ဒီလို ညီမလေးတစ်ယောက်ရထားတာ
    ဂုဏ်ယူပါ၏ ၀မ်းသာပါ၏။
    ရှေ့က ဦးဦးတာတွန်းက ပြောသွားတော့
    ပြောစရာ ကုန်ပြီပေါ့

    ReplyDelete
  8. အောက်က ရုပ်တုကြီး.. ဒီက National Museum မှာရှိတယ်.. အကြီးကြီးပဲ.. အနှီရောင်ရဲတောက်နေတယ်.. ဘယ်လောက်ကြီးအောင် ထုထားလဲ ဆိုရင် Museum ရဲ့ခေါင်မိုးကိုထိတယ်... Sku က Trip သွားတုန်းက တွေ့ခဲ့တာ.. ကြောက်လို့ ရဲရဲတောင် မကြည့်ခဲ့ဘူး..။

    ReplyDelete

your comment please

Powered by Blogger.