အခန်းငယ်အေးစက်

အခန်းတံခါးအပြင်ဘက်ကတည်းက သူတို့ကြိတ်ငြင်းခုန်နေသံတွေကို ကြားနေရသည်.. ထင်တဲ့အတိုင်း အခန်းထဲရောက်တော့ တစ်ယောက်နဲ့တစ်ယောက် မကျေမနပ်ကြည့်နေကြ၏..

ဘာတွေဖြစ်နေကြတာလဲဆိုသည့်သဘောဖြင့် ကျွန်မမေးတစ်ချက် ဆတ်ပြလိုက်သော်လည်း ဘယ်သူကမှ မဖြေပါ..

“ဟေ့ ဘာဖြစ်နေကြတာတုန်းဟ”
“ဟိုနှစ်ကောင်စတာ”

ကျွန်မက ထပ်မေးလိုက်တော့မှ ဂစ်တာလေးက ကျောပိုးအိတ်နဲ့ စာကြည့်စားပွဲကို လက်ညှိုးထိုးလျက်ဖြေသည်.. စာကြည့်စားပွဲလေးက စိတ်ပျက်လက်ပျက်ပုံစံဖြင့် ဒီဘက်ကိုလှည့်လာ၏..

“ဒီမှာဂစ်တာအာပြဲကောင်.. ဘာမှ ငါ့ကို အပြစ်ပုံချမနေနဲ့..”
“ဟုတ်တာပဲ.. မင်းစတဲ့ဇာတ်လေ..”
“အာ ရှင်းအောင်ပြောကြဦးလေ.. အဲလိုရန်ဖြစ်မနေပါနဲ့”

ကျွန်မက ပြောမှ ကျောပိုးအိတ်လေးက စားပွဲဘက်သို့ မျက်စောင်းထိုးလျက်ရှင်းပြသည်..
“ဒီလို နန်းညီရေ.. ညနေက မင်းပြန်လာတော့ ငါ့ကို အရင်လို တိုင်မှာမချိတ်ပဲ သူ့ပေါ်သွားတင်တယ်မဟုတ်လား.. အဲဒါကို ဒင်းက မကျေမနပ်ဖြစ်နေလေရဲ့”

ဟုတ်ပါရဲ့.. ညနေက ကျွန်မ အပြင်ကပြန်လာတော့ ကျောပိုးအိတ်ကို အခန်းထောင့်မှာ မချိတ်ပဲ စားပွဲပေါ်ပစ်တင်လိုက်မိသည်.. သူတို့ကို ကြားက ဖြန်ဖြေပေးဖို့ စိတ်ကူးမိစဉ်မှာပဲ စားပွဲရှေ့နံရံကပ်စင်လေးထဲမှာ ချိတ်ထားတဲ့ ဆွဲကြိုးလေးက ၀င်ပြောပြန်သည်..

“မကျေမနပ်ဖြစ်မှာပေါ့.. နင်က တစ်နေကုန်အပြင်တွေလျှောက်သွား.. ဖုန်တွေ ရောဂါပိုးတွေပါလာ.. အခုကြည့်စမ်း စားပွဲလေးပေါ်မှာ ပေကျံကုန်ပြီ”
“နင်တို့က ငါ့လို နန်းညီနဲ့ အပြင်မလိုက်ရတိုင်း မနာလိုဖြစ်နေတာ”
“အောင်မလေး လိုက်ရပါ့နော်.. ငါက နင့်လိုတောင် ကျောကမဟုတ်ဘူး.. လည်ပင်းမှာဆွဲပြီးလိုက်ရတာ သိလား”
“ဟေ့ကောင်မစုတ် ပါးစပ်ပိတ်ထား”

ဒုက္ခပါလား.. ရန်ပွဲက စားပွဲလေးနဲ့ မဟုတ်တော့ဘဲ ဆွဲကြိုးမလေးနဲ့ဖြစ်သွားပြန်ပြီ.. အော်ဟစ်ရန်ဖြစ်နေကြသော သူတို့ကို ကြည့်ပြီး ကျွန်မစိတ်ရှုပ်လာသည်..

“မင်းတို့ကလည်းကွာ.. ဆူညံနေတာပဲ.. နန်းညီက စာရေးဖို့လာတာ.. မင်းတို့လုပ်တာနဲ့ အတွေးပျက်တော့မှာပဲ.. ညီ လာလာ.. စက်ဖွင့်ပြီး စာရေးတော့”

အခန်းတစ်ဖက်ခြမ်းမှ ကွန်ပျူတာလေးက ၀င်ပြောသည်.. ဟုတ်သားပဲ.. ကျွန်မ အခန်းထဲဝင်လာတာ.. ဓာတ်ပုံတွေပြင်ဖို့ဖြစ်သည်.. သူတို့ပြဿနာရှုပ်နေတာနဲ့ပဲ..

“ကဲ ကဲ.. ဘာမှရန်ဖြစ်မနေကြနဲ့တော့နော်.. စားပွဲလေးကိုလည်း ဖုန်တွေပြန်သုတ်ပေးမယ်.. အိတ်လေးရေ မင်းကိုလည်း အရင်နေရာပဲ ပြန်ချိတ်ပေးမယ်နော်”

ပြီးပါစေရယ်တော့လို့ စကားပြေ၀င်ပြောပေးပြန်ပေမယ့် ဇာတ်လမ်းက မပြီးသေးပြန်ပါ.. ဆွဲကြိုးလေးရဲ့ ထေ့ငေါ့သံစကားနဲ့ စာအုပ်စင်ကြီးရဲ့ ဆုံးမသံက ရန်ပွဲကိုပြန်စပေးပြန်သည်..

“အမယ်လေး.. ကွန်ပျူတာတို့များ .. သူကပဲ ညီညီ့အလိုက်အမြဲသိနေသလိုလိုနဲ့ ပဏာဝင်ယူနေပြန်ပြီ”
“ဟဲ့ ဆွဲကြိုးမ.. နန်းညီက ဒီလောက်ပြေရာပြေကြောင်းပြောနေတာတောင် နင်ကအထွန့်တက်နေသေးတယ်”
“သူကပါပြန်ပြီ.. ကိုယ့်ဘာသာကိုယ် တော်ရာတော်ရာမနေဘူး အဖိုးကြီးက.. နန်းညီက အမြတ်တနိုးထားတယ်ဆိုပြီး သူ့ကိုယ်သူ ဟုတ်လှပြီထင်နေတယ်”

ဟာ.. ဒီဆွဲကြိုးလေးတော့.. သူ့ကိုယ်သူ ဟန်းမိတ်လေးဆိုပြီး အရမ်းအလှဂုဏ်မောက်နေပုံပဲ.. အသက်ကြီးသူကိုများ ခံပြောလိုက်တာ ပက်ခနဲ.. ဟိုကလည်း ခံမှာမဟုတ်ဘူးထင်တယ်..
ကျွန်မအတွေးမဆုံးသေး.. သူတို့တစ်ယောက်တစ်ပေါက် ရန်ဖြစ်ကြပြန်သည်..

ဟေ့ ငါက အသက်အကြီးဆုံးကွ.. ငါ့ထဲမှာ သိမ်းထားတာတွေကလည်း နှယ်နှယ်ရရတွေလား.. နန်းညီအင်မတန်ချစ်တဲ့ စာအုပ်တွေ.. ဒါတွေ ဒီလိုရဖို့ သူဘယ်လောက်စုရသလဲ.. နင်တို့နားလည်ဖို့ကောင်းတယ်.. စာအုပ်စင်အဖိုးကြီးရဲ့ ဂုဏ်မောက်သံ..

ကျွန်မကိုလည်း သူအင်မတန်ချစ်တာပါနော်.. ၀ါးဆစ်လေးတွေ ပုတီးစေ့လေးတွေနဲ့လုပ်ထားတာမို့ သူဘယ်လောက်ကြိုက်လဲ.. ပြတ်မှာ ပျောက်မှာ အင်မတန်ကြောက်တာ.. ရှင်တို့ထက် အများကြီးသာလို့ လည်ပင်းမှာတောင်ဆွဲခွင့်ရတာ.. ဆွဲကြိုးလေးရဲ့မာနသံ..

မင်းတို့ဘယ်လိုပြောပြော ငါ့လိုတော့ နေ့တိုင်းသူနဲ့အတူ အပြင်မလိုက်ရပါဘူး.. ငါ့ကိုမှ ဘယ်သွားသွားအပါခေါ်တာကွ.. သူ့ပစ္စည်းလေးတွေကို ငါပဲ မပျောက်အောင် သိမ်းပြီး သယ်ပေးရတာ.. ဘယ်လောက်ငါနဲ့ တသားထဲဖြစ်လိုက်သလဲ.. ကျောပိုးအိတ်လေးရဲ့ မော်ကြွားသံ..

ငါ့ကိုမှ နေ့တိုင်း ဖုန်သုတ်ပေး ရှင်းလင်းပေး.. အရိပ်တကြည့်ကြည့်နဲ့နေတာပါကွာ.. သူကိုယ်တိုင်လက်ရေးနဲ့ရေးထားတဲ့ စာအုပ်လေးတွေ ငါ့ပေါ်မှာပဲ တင်တာကွ.. ငါကမှ သူ့အတွက် မရှိမဖြစ်.. စာကြည့်စားပွဲလေးရဲ့ ခပ်ထေ့ထေ့သံ..

ငါ့ကို သူသိပ်ချစ်တဲ့သူက လက်ဆောင်ပေးထားတာကွ.. ၂ ယောက်လုံးအတွက် အမှတ်တရမို့ သူ့လက်တွေအနာခံပြီးတောင် ငါ့ကိုအသံထွက်အောင်လုပ်တာ.. ဘယ်လောက်ကြိုးစားပမ်းစား အတီးကျင့်သလဲ.. ငါမှ သူ့အချစ်တော်အစစ်.. ဂစ်တာလေးရဲ့ အော်ကျယ်အော်ကျယ်သံ..

အရေးကြီးတဲ့အချက်အလက်တွေ မှန်သမျှ ငါ့ထဲမှာပဲ သူသိမ်းထားတာ.. အချိန်ပြည့်နီးပါး ငါ့ရှေ့မှာပဲ သူရှိနေတာ.. ငါ့ကိုဆို အမြဲ စစ်ဆေးကြည့်ရှုပေးနေတာ.. သူ့ခေါင်းထဲက စိတ်ထဲကစာတွေမှန်သမျှလည်း ငါ့ဆီမှာပဲ ဖွင့်ချပြီးရေးတာကွ.. ငါကမှ နန်းညီအတွက်အရေးပါတာ.. ကွန်ပျူတာလေးရဲ့ အပိုင်တွက်ထားတဲ့အသံ..

ဘယ်သူ့ကို ၀င်ဟန့်ရမှန်းမသိ.. ဘာဝင်ပြောပေးရမှန်းမသိဘဲ ကျွန်မ မွန်းကျပ်လာသည်.. အဲဒိအချိန်မှာပဲ တစ်ချိန်လုံးဘာမှဝင်မပြောဘဲ ပွဲကြည့်ပရိတ်သတ်လုပ်နေသည့် ကျွန်မ၏ ပိုက်ဆံအိတ်လေးက စာအုပ်စင်ထောင့်မှ ထလာသည်..

“မင်းတို့အားလုံးတော်တော့.. တကယ်တော့ စဉ်းစားကြည့်စမ်း.. ငါ့ထဲမှာထည့်ထားတဲ့ ပိုက်ဆံတွေကမှ အရေးကြီးတာကွ.. မဟုတ်ဖူးလား..
အဖိုးကြီး ခင်ဗျားအထဲကို စာအုပ်တွေဖြည့်ထည့်ဖို့ စာအုပ်ဝယ်တော့ ဘာနဲ့ဝယ်ရလဲ..
ကွန်ပျူတာကောင် မင်းကရော တစ်ခုခုဖြစ်တိုင်း ငွေတွေပုံအော ကုရတာမဟုတ်ဘူးလား..
ဆွဲကြိုးရော ဂစ်တာရော ကျောပိုးအိတ်ရော.. ငွေမရှိရင် ၀ယ်လို့ရပါ့မလား..
စာကြည့်စားပွဲဆိုတဲ့အကောင်ကလည်း ငွေသာမရှိရင် မင်းကို ထားမှာတောင်မဟုတ်ဘူး..
တခြားကောင်တွေ.. ဟိုနားက အူကြောင်ကြောင် မျက်မှန်ကောင်.. ဟိုရောင်စုံ လက်သည်းပုလင်းတွေရော..
ဟိုနားက ပြားကပ်ကပ်လေဒီ Memory Stick.. ဟိုထောင့်က ဖိနပ်တွေအုပ်စု..
အားလုံးအတူတူပဲ.. ငါသာမရှိရင် မင်းတို့ဆိုတာ ရှိလာဦးမလား..
ပြီးတော့ ဒါတွေတင်မကဘူး နန်းညီ စားတာသောက်တာ တခြားသုံးစွဲတာ.. နန်းညီမိဘတွေ ဘိုးဘွားတွေကို ကန်တော့ရင်ရော.. ခရီးသွားရင်ရော.. အို ဘာမဆိုကွာ.. ငါမပါလို့ ပြီးလား..
ဒီတော့ မင်းတို့အားလုံး အာကျယ်နေကြမယ့်အစား နန်းညီက ကမ္ဘာပေါ်မှာ ငါတို့ကို အချစ်ဆုံးဆိုတာ သဘောပေါက်ထားရင်ကောင်းမှာပဲ..”

ခပ်တည်တည် ခပ်မာမာပြောသည့် ပိုက်ဆံအိတ်ကလေးနှင့် ၀င့်ထည်သောမျက်နှာပေးများဖြင့် သူ့အထဲက ပိုက်ဆံများ.. သူတို့စကားအဆုံးမှာ ဆူညံနေသံများ တိတ်ဆိတ်သွားကြသည်.. ကျောပိုးအိတ်ကလေးက ခေါင်းငိုက်စိုက်ချကာ လွယ်ကြိုးလေးများကို လှုပ်ခတ်ဆော့ကစားနေသည်.. စာအုပ်စင်ကြီးက သူဘယ်တုန်းကမှ မမှုခဲ့သည် စာအုပ်အလေးဒဏ်များကို ခုမှ သတိမူမိသလိုဖြင့် လေးလံထုံမှိုင်းလျက်.. ဆွဲကြိုးမလေးကလည်း ပျော့ခွေလျက် ချိတ်ကလေးမှာ တရမ်းရမ်း.. တခြားအားလုံးကလည်း ခေါင်းငိုက်စိုက်ကျနေသည်.. စာအုပ်စင်ပေါ်မှာ မျက်မှန်လေးကသာ ကျွန်မကို အားကိုးတကြီး လှမ်းကြည့်နေသည်..

ကျွန်မဘာပြောရမှန်းမသိပါ.. သူပြောတာတွေက အမှန်တွေပဲလား.. ကျွန်မကိုချစ်ခင်တွယ်တာကြသော ပစ္စည်းလေးတွေထက် ကျွန်မဆီက အမြဲရှောင်ခွာပြေးဖို့ ကြိုးစားနေတဲ့ ပါးလွှာလွှာစာရွက်လေးတွေကို ကျွန်မ ပိုမြတ်နိုး တန်ဖိုးထားနေမိပါသလား..

အမှန်တရားကို သေချာသိမြင်နေပါလျက် လက်မခံနိုင်သော လက်မခံချင်သော မျက်မှန်လေး၏ မျက်လုံးများကိုရှောင်ရှားချင်စိတ်ဖြင့်
“ငါဗိုက်ဆာနေပြီ ထမင်းသွားစားလိုက်ဦးမယ်ကွာ” ဟုပြောလိုက်မိ၏.. ဆွဲကြိုးမလေး၏ မျက်လုံးမှ ပေါက်ကနဲကျသွားသော မျက်ရည်လေးများကို မမြင်ယောင်ဆောင်ကာ အခန်းအပြင်သို့ ကျွန်မထွက်လိုက်ပါသည်.. ကျွန်မ အခန်းလေး အေးစက်ခါးသီးစွာ တိတ်ဆိတ်လျက် ကျန်ခဲ့သည်.. အခန်းပြင်ရှိ လေထုက ပို၍ လတ်ဆတ်နေသလိုပဲ.. ပိုပြီး နွေးထွေးနေသလိုပဲ..

ခေါင်းကို တစ်ချက်ခါရမ်းပစ်လိုက်ရင်း မီးဖိုထဲရှိ ကျွန်မအမေကို လှမ်းအော်ပြောလိုက်မိသည်..
“မေရေ မေပြောတာ ဟုတ်တယ်ဗျ.. ညီ့အခန်းက ညဆို အေးလိုက်တာလွန်လို့.. တစ်စက်မှ နေချင်စရာမကောင်းပါဘူး”

14 comments:

  1. အကုန်လုံး သူ့အလုပ်သူ လုပ်သွားကြတယ်နော်။ ခင်ဗျားက ဘာတွေ ရှောင်ရှားချင်နေတာတုန်း။ အေးဆေးပေါ့။

    (Plot လေး လှပါကြောင်း) :)

    ReplyDelete
  2. အဟား အိုင်ဒီယာ တော်တော် မိုက်တယ် ... နောက်ဆုံးအပိတ်ကလေးမှာ ဒွိဟဖြစ်ပြီး ရှောင်ပြေးသွားတဲ့ ဇာတ်ရုပ်က ပီပြင်တယ် ... လှတယ် ...။ ဒါပေမယ့် အခန်းထဲ ပြန်ဝင်လာမယ့် အချိန်ကို သူတို့စောင့်နေကြပြီး သူတို့အတွက် တိကျတဲ့ အဖြေတစ်ခုကို ပေးမယ့် သူတစ်ယောက်ကို မျှော်နေကြမယ်လို့ ... ။

    အကိုလည်း အဲလို ပိုစ့်မျိုးတစ်ခု ရေးဖူးတယ် ...
    http://letsharedreams.blogspot.com/2008/10/digital.html

    ReplyDelete
  3. နောက်ဆုံး “မေရေ မေပြောတာ ဟုတ်တယ်ဗျ.. ညီ့အခန်းက ညဆို အေးလိုက်တာလွန်လို့.. တစ်စက်မှ နေချင်စရာမကောင်းပါဘူး” ဆိုတာနဲ့သိမ်းလိုက်တာမိုက်တယ်ဟ... နင်အီလည်လည်ဖြစ်သလို ငါလဲ အီလည်လည်ဖြစ်သွားတယ်

    ReplyDelete
  4. တော်ပါပေတယ်လို့ ပြောရုံပဲရှိတော့တယ်။ ကောင်းလွန်းလို့။

    ReplyDelete
  5. ဟား...ရေရေလည်လည်မိုက်ပါကော...အိုင်ဒီယာက..။
    နောက်ကွယ်မှာ ခံစားချက်တစ်ခုခုကိုအခြေခံပြီး ရေးထားတာများလား...။
    :) စပ်စုလိုက်ဦးမယ်..။

    ReplyDelete
  6. ညတွေပဲလား ညီ။ အနည်းဆုံး ပြေးပုန်းစရာတစ်နေရာတော့ ရှိသေးတယ်ပေါ့။ ညီဟာ ညီပဲလေ။ ရှောင်နေစရာမလိုပါဘူး။ သူတို့နဲ့ အတူတူ ဖြတ်သန်းဖို့ပဲ လိုပါတယ်။ သူတို့က ပျော်ရွှင်မယ်ဆိုတာ သေချာပါတယ်။

    ReplyDelete
  7. စိတ်ကူးကောင်းပဲဗျာ..
    ပန်းချီတွေလည်းကြည့်သွားကြောင်းပါ။

    မိုးကြယ်

    ReplyDelete
  8. ရေးထားတာလေးကောင်းတယ်မနန်း။း)

    ReplyDelete
  9. စိတ်ကူးလေး မိုက်တယ် .. .. စကားပြေလည်း အလွန်ကောင်း ...

    ReplyDelete
  10. အင်း ... နန်းညီ ... အတွေးအရေး ကောင်းတယ်။ ဖတ်ပြီးခံစားသွားရတယ်။ ပါးလွှာလွှာစာရွက်လေးတွေက တကယ်သနားဖို့ကောင်းတဲ့အဖြည့်ခံတွေဆိုတာ သူတို့ကိုယ်သူတို့ မသိရှာကြဘူး။ အရာရာတိုင်းဟာ သူတို့ရှိမှ ပြည့်စုံတာမဟုတ်ပါဘူး.........။

    ReplyDelete
  11. ကောင်းတယ်ဗျာ။အတွေးလေးကတကယ်မိတယ်။

    ReplyDelete
  12. ပိုက်ဆံလား .. ဟုတ်ရင်လည်းဟုတ်မှာပေါ့ .. သူတို့သာအသုံးဝင်ဆုံးဆိုတာလေ
    .. ကိုယ့်ဆီမှာမနေချင်သလောက် ကိုယ်ကလည်းအတွယ်တာဆုံးက
    “ပိုက်ဆံ”ပေါ့ .. ဘယ်လူကိုမှတောင်အဲ့လောက်မချစ်ဖူးဘူးလေ ..
    ပြောချင်တာကတော့ ရှောင်ထွက်သွားတာက စိတ်ကျဉ်းကျပ်လို့ ..
    အချစ်ခံရတာလည်း စိတ်ကျဉ်းကျပ်ဖို့ကောင်းတယ်လေ .. အဲဒါကလည်း
    ခံဖူးတဲ့လူပဲသိမှာပေါ့ ..(ဟဲ ဟဲ မင်းသိပါတယ်)

    ReplyDelete
  13.ိအသုံးဝင်တာပဲစဉ်းစားပီး.....
    အသုံးဝင်တာကိုမစဉ်းစားဋ္ဌက.....

    ReplyDelete
  14. စော်ဒီး...စော်ဒီး......မှားတွား၏
    အသုံးဝင်တာပဲစဉ်းစားပီး.....
    အသုံးမ၀င်တာကိုမစဉ်းစားဋ္ဌက..

    ReplyDelete

your comment please

Powered by Blogger.