အယ်လ်ကိုဟောသို့လွမ်းချင်းပုံပြင်
ငယ်ငယ်ကဆို အရက်နံ့ကို မကြိုက်ဘူး.. မွှေးတယ်လို့ထင်ဖို့ဝေးစွ.. အရက်သောက်ထားတဲ့လူအနားဆို ကပ်ကိုမကပ်တာ.. ၄ တန်း ၅ တန်းလောက်ကြတော့ ၀ိုင်အချိုကို သောက်တတ်လာတယ်.. သူက မွှေးတယ် ချိုတယ်.. ပြီးတော့ နွေးတယ်လေ.. ရီတယ်ဝေတယ်ဆိုတဲ့ ခံစားချက်တွေကိုတော့ မခံစားတတ်သေးပါဘူး.. သောက်ရတာ အအေးလိုမဟုတ်.. ကော်ဖီမဟုတ်.. ရေမဟုတ်.. ရေနွေးကြမ်းမဟုတ်.. တစ်ခုခု ထူးခြားတဲ့ အရာဆိုပြီးသောက်လို့ကြိုက်သွားတယ်ပေါ့..
၈ တန်းနှစ်မှာ သန်လျင်ကို အမျိုးတွေသွားလည်ကြတယ်.. ဘယ်ကိုသွားတယ်.. ဘာသွားလုပ်တယ်တွေ အသေးစိတ်တော့ မမှတ်မိတော့ပေမယ့် အဲ့တုန်းက ထန်းတောတစ်ခုမှာ ကားတွေရပ်ပြီး ထန်းရည်သောက်ကြတာကိုတော့ မှတ်မိနေတယ်.. အရောင်က ဆန်ဆေးရည်လိုလိုဘာလိုလို အနံ့က ချဉ်စုတ်စုတ်.. သောက်ပြန်တော့လည်း အရသာက မမိုက်.. လူကြီးတွေကလည်း အမြည်းသဘောပဲ တိုက်တာဆိုတော့ကာ မကြိုက်ဘူးဆိုတဲ့အဆင့်မှာပဲ ရပ်ခိုင်းကြတယ်.. ဆက်သောက်ရင် ကောင်းမှန်းသိပြီး သောက်တတ်သွားမှာ စိုးတယ်နဲ့တူပါတယ်.. အဲလိုနဲ့ ထန်းရည်ဆိုတာကိုလည်း မကြိုက်ပေါ့လေ.. အဲဒိနောက်ပိုင်းတွေတော့ ၀ိုင်ချိုတစ်ခါတလေသောက်တာကလွဲလို့ သုရာမေရာယနဲ့ ဆက်စပ်မှု မရှိတော့ပြန်ပါဘူး..
၁၀ တန်းလောက်ကျတော့ RA တွေခေတ်ထလာပြန်တယ်..
တက္ကသိုလ်တက်တော့ ပိုဆိုးတော့တာပဲ.. ကျောင်းနားမှာက အရက်ဆိုင်တွေကနီး.. ပြီးတော့ နန်းညီတို့ကျောင်းက တခြားကျောင်းတွေနဲ့မတူဘူးလေ.. လွတ်လပ်မှုက အဆုံးအစမရှိဘူးကိုး.. အနုပညာဆန်စွာ လွတ်လပ်ခြင်း.. ကျောင်းထဲက သစ်ပင်အောက်တွေမှာ အရက်ထိုင်သောက်ရတာ.. ဆေးလိပ်သောက်ရတာ.. အဲဒါတွေလုပ်ရင်း ပန်းချီဆွဲရတာ.. ဒါမှမဟုတ် ဆွဲဖို့စိတ်ကူးရတာ.. အဲဒါတွေက အရသာရှိတယ်လေ... အရက်သောက်ရင်း သူငယ်ချင်းတွေနဲ့ ဘာအစ်ဇင် ညာအစ်ဇင်.. ငြင်းရခုန်ရတာကလည်း မမူးပဲငြင်းရတာထက် အရသာရှိ.. အားပါး.. အရသာပေါင်းစုံကို ခံစားချင်တာနဲ့ပဲ.. သောက်လိုက်တာမှ.. နန်းညီ သူငယ်ချင်း အင်းသားလေးကလည်း အင်မတန်အလိုလိုက်တယ်.. ဘာမဆို နန်းညီတို့ ၂ ယောက်တွဲပြီး လုပ်လေ့ရှိတယ်.. လက်ဘက်ရည်ဆိုင်ထိုင်.. အရက်ဝယ် ကျောင်းထဲမှာသောက်.. ပုံဆွဲ.. ငြင်းခုန်.. သူ့အကြောင်း ကိုယ့်အကြောင်း ဘ၀အကြောင်းတွေပြော.. အား - လွမ်းလိုက်တာ အဲဒိဘ၀လေးကို.. ပျော်လို့သောက်တယ်.. စိတ်ညစ်လို့သောက်တယ်.. ဘာပွဲ ညာပွဲရှိလို့ သောက်တယ်ဆိုတာမျိုးမဟုတ်ပဲ.. သောက်ချင်လို့ကိုသောက်နေကြတာ.. အိနြေ္ဒပျက်လောက်အောင် မသောက်ပါဘူး.. ရီဝေေ၀ခံစားမှုကို ကြိုက်လို့သောက်တာ.. ရီရုံဝေရုံလောက်ပေါ့..
ပြီးတော့ သူများဆီက ပြန်ရတဲ့ အဲ့အနံ့ကို စွဲလမ်းလာတယ်.. တစ်မျိုးပဲလေ အဲ့အနံ့က.. သိတဲ့လူကတော့ သိမှာ.. ကိုယ်မသောက်တဲ့အခါတောင် သောက်ထားတဲ့ သူငယ်ချင်းနား သွားသွားထိုင်နေပြီး သူနဲ့စကားတွေ ပြောနေတတ်တာ... နန်းညီသူငယ်ချင်းက မူးရင် ရစ်တယ်.. တအားကို ရစ်တာ.. မခံနိုင်ဘူး.. ဒါပေမယ့် နန်းညီနဲ့ဆို အေးဆေး... နန်းညီကကျတော့ မူးရင်ဆော့တာ.. ပေါက်တတ်ကရတွေလုပ်.. တားရင် တားတဲ့သူကိုရန်လုပ်.. ပေါက်ကရတွေပြောနဲ့ပေါ့.. တစ်ယောက်ချင်းမူးရင် တစ်ယောက်နဲ့ တစ်ယောက်ထိန်းလို့ရလို့ မသိသာပေမယ့် ၂ ယောက်လုံး မူးနေပြီဆို တခြား သူငယ်ချင်းတွေက ရှောင်ကြတယ်.. ဘယ်သူမှ ထိန်းမရတော့ စိတ်ညစ်လို့တဲ့.. ဒါပေမယ့် အဲလိုမူးတာက ရှားပါတယ်.. အသာလေးပဲ သောက်တာများတယ်..
ခုကျပြန်တော့လည်း အဲ့ဘ၀က ဝေးသွားပြန်ပြီ.. တစ်ပတ် ၆ ရက်.. မနက်ကနေ ည.. အလုပ်ခွင်ထဲမှာ.. ကျောင်းစာသင်ခန်း ရှုပ်ရှုပ်ပွပွနဲ့ဝေး..
အရောင်စုံ ပန်းချီကားတွေနဲ့ဝေး..
သူငယ်ချင်းတွေနဲ့ဝေး..
ကဗွီးပင်တွေအောက်က စကားဝိုင်းနဲ့ဝေး..
အပွင့်ဝါ၀ါတွေ အမြဲကြွေနေတဲ့ အပင်အောက်က လက်ဘက်ရည်ဆိုင်လေးနဲ့ဝေး..
မြက်ခင်းပေါ်က ဂစ်တာဝိုင်းတွေနဲ့ဝေး..
တစ်ခါတစ်ခါ ရတတ်တဲ့ ရီဝေခံစားမှုတွေနဲ့ဝေး..
တိမ်တွေ ကြယ်တွေနဲ့ဝေး..
တကယ့်လက်တွေ့ကမ္ဘာနဲ့ဝေးနေပြီး.. စာလုံးတွေကတဆင့်ရတဲ့ ခင်မင်မှုတွေ.. စာလုံးတွေနဲ့ ခံစားချက်ကိုဖော်ပြတဲ့နည်းတွေ.. အဲဒါတွေကို တတ်ကျွမ်းနေခဲ့ရပြီ.. အဲဒိကမ္ဘာမှာပျော်နေရပြီ..
အခွင့်အရေးရရင်တော့လည်း စိတ်လွတ်လက်လွတ်မူးပစ်ပြီး ကျောင်းက ပန်းပုရုပ်ကြီးအောက်မှာထိုင် သူငယ်ချင်းတွေနဲ့လည်ပင်းဖက်ပြီး အော်ချင်ရာအော်ဟစ်နေရတဲ့ ပေပေတေတေ ဘ၀လေးဆီကို ပြန်သွားချင်မိတယ်..
ညီညီတစ်ယောက် လွမ်းနေပြီထင်ပါ့...။ပျော်ရွှင်မှုအသစ်တွေ ထပ်ရှာပေါ့ ညီမလေးရေ့...
ReplyDeleteလေးစားခင်မင်လျက်
အဟမ်းအဟမ်း ... ညီရေ မကောင်းတာတွေမလုပ်နဲ့ကွဲ့ .. ကောင်းတာတွေလုပ် တိရား ... ဘယ်ဟာကောင်းတယ်ဆိုတာ အန်ဒီကောင်ကိုမေး .. အင်း .. ပုစွန်ဆိတ်ခုန်နေတဲ့ထရေးလေး သတိရလိုက်တာ ရှလွတ် :)
ReplyDeleteကောင်းတာကိုတော့ ပြောပါတယ်.. မယုံဘူး ၀ယ်တိုက်ဆိုတော့ ကျတော့ မတိုက်ဘူးတဲ့ မတုရေ.. လုပ်ဦးဗျို့
ReplyDeleteအော် အော် အရင်နေ့က ပြောတော့
ReplyDeleteခေါင်းကိုက်တယ်။ မကောင်းဘူးဆိုလားလို့
နားကြားမှားတာလားမသိ။ ခွိခွိ
အမယ် ခင်ဗျား အဲ့တပတ်-၆ရက် သံသရာမှာ မသေမချင်း လည်ရတော့မှာ။ စိတ်မပူနဲ့။ ဒါမှမဟုတ် အလုပ်ထွက် အဲ့တက္ကသိုလ်တွေမှာ နည်းပြပြန်လုပ်။ ကျူရှင်လေးဘာလေးပေး။ အင်း ဒါလဲ ရေရှည်ကျ ကားပြန်ရောနော်။
ReplyDeleteအင်း ......... နန်းညီလိုချင်တဲ့ နေ့မျိုးလေးတစ်နေ့ ပိုင်ဆိုင်နိုင်ပါစေ။ ရရင် ခေါ်ပြီး တိုက်ဖို့လည်းမမေ့နဲ့ ...။ အဲလို ဖရီးဒမ်းသမားတွေကိုမှ ပေါင်းချင်တာ...။ လွတ်လွတ်လပ်လပ် ပေါ ကြတာပေါ့ .......။
ReplyDeleteလွမ်းနေတာ ကြာပါတယ်...ဒီတစ်ခါလခထုတ်ရင် ဟဲဟဲ...ကိုကြီးကျော်
ReplyDeleteကောက်ရိုးပုံခေါ်င်းတိုးအိပ်တဲ့ပုံ သူ့မှာရှိတယ်...တောင်းကြည့်ကြ...ငရှားဆိုတဲ့ကောင်လည်း ပါပ..
ပူပြင်းနေရောင် ကျဲကျဲတောက်အောက်
ReplyDeleteဤကျောင်းဒဂုံ ဌာနေထဲရောက်
ငါနှင့်ဖော်ပါ ရောင်းရင်းတို့လျှောက်
ဘွဲ့နှင်းသဘင် ဘေးကပင်အောက်
တီးဟဂစ်တာ ဆိုပါသီချင်း
သံဝါသံပြာ အော်ကာဟစ်ရင်း
မောရင်သောက်မယ့် ၀ီစကီပုလင်း
သောက်ရေဘူးနဲ့ ရောကာစပ်ရင်း
တစ်ငုံတစ်ယောက် လုကာဝိုင်းသောက်
တစ်လုံး နှစ်လုံး သုံးလုံး ပုလင်းမှောက်
ညနေစောင်းရောက်
တွန်းထိုးကျီစယ် ပျော်ရွှင်ကြရင်း
အော်ကာဆိုမယ် နှုတ်ဆက်သီချင်း
နောက်နေ့ တွေ့မယ်သူငယ်ချင်း။
(kmzwemin@googlemail.com)
အခု ကမ္ဘာမှာ အယ်ကိုဟောတစ်ခုတည်းက မူးဝေစေတာမဟုတ်တော့ပဲ အခြား စိတ်ခံစားမှုတွေကလည်း လူကို အဲလောက်နီးနီးမူးဝေမိန်းမောစေတယ် ညီမရေ ... ။ ဥပမာ - အချစ်၊ အလွမ်းနဲ့ တမ်းတမှု
ReplyDeleteကိုရုပ်ဆိုးကပေါချင်တယ်ဆိုပဲ။ ဂိုဏ်းထဲဆွဲသွင်းလိုက်မယ်။ :)
ReplyDeleteညီရေ့ သောက်ကွာသောက်။ လူဖြစ်တုန်းသောက်ရတာ။ :)