စိတ်ကူးငယ်ငယ်

ဟင်.. စိတ်ကူးငယ်ငယ်လား ကြီးကြီးလားတဲ့.. ဘာတုန်း.. လွယ်မယောင်နဲ့ခက်.. တိမ်မယောင်နဲ့နက် ဆိုတာမျိုးတွေ လာ tag ပြန်ပြီ.. သိပ်ခက်တာပဲကိုး...
ဘာရေးရမလဲ.. အိဖူးရေ..
ဘာ.. ရေးချင်တာရေး ဟုတ်လား.. အေးလေ.. စိတ်ကူးယဉ်ပါတယ်ဆိုမှတော့ ဖြစ်ချင်တာတွေ လျှောက်ရေးရုံပေါ့နော့.. Yes, Right .. ဒါပေမယ့် နန်းညီကပြောပြီဆိုမှတော့ ခေါင်ခေါင်.. မတုနဲ့.. ကိုအိပ်မက်ရှင် တို့ကလည်း ပြောရမယ်နော်.. အိုကေ ဒါဖြင့်လည်း စိတ်ကူးမဟာတွေကို မကွယ်မ၀ှက်ပြောတော့မယ်..
ဆက်လက်ရှုစားကြပါကုန်.. .. ....

ပင်းတယမြို့က သိပ်ချစ်စရာကောင်းတယ်.. လှပပြီး အေးဆေးတယ်.. နောက်ခံသမိုင်းကြောင်းလေးကလည်း ချစ်စရာ.. အဲဒိမြို့မှာ နေမယ်.. တောင်ကုန်းတစ်ခုလုံးကို ပိုင်မယ်.. လက်ဘက်ပင်တွေကို လှေခါးထစ်နည်းနဲ့ စိုက်ထားမယ်.. အဲဒီအခင်းရဲ့ဟိုးထိပ်မှာမှ အိမ်ကိုဆောက်ထားမယ်.. အိမ်ဆောက်တဲ့အခါ တစ်ခုထဲမဟုတ်ပဲ အိပ်ခန်းကတစ်ဆောင် ဧည့်ခန်းကတစ်ဆောင် မီးဖို ထမင်းစားခန်းကတစ်ဆောင်.. အဆောင်တွေနဲ့ဆောက်မယ်.. တစ်ခုနဲ့တစ်ခုကြားက သစ်ပင်တွေ.. တရုတ်အိမ်တွေလိုလည်းမဟုတ်ပြန်ဘူး.. အိမ်ကပဲ ဥယျာဉ်.. ဥယျာဉ်ထဲမှာပဲ အိမ်ဖြစ်ရမယ်.. အိပ်ခန်းကနေ ဆီးကြည့်လိုက်ရင် ဟိုဘက်မှာ ရှမ်းရိုးမတောင်တန်း.. ဒီဘက်က လက်ဘက်ခင်းတွေနဲ့ တောင်ခြေက ပုန်းတလုတ်ရေကန်..

မိုးလင်းရင် အိပ်ခန်းတံခါးကိုဖွင့် လေအေးအေးကိုရှူပြီး တစ်နေ့တာကို စမယ်.. ချစ်သူ (ယောက်ျားလည်းဖြစ်ချင်ဖြစ်မှာပေါ့လေ) က ယူလာပေးတဲ့ကော်ဖီကိုသောက် .. ၀ရံတာလေးကိုထွက်လို့ နံနက်စာ တူတူစားကြမယ်.. ချစ်သူနဲ့မျက်နှာချင်းဆိုင်ပြီး လေနုနုအေးအေးကြားမှာ.. စိုက်ခင်းစိမ်းစိမ်းတွေပေါ်မှာ.. နေရောင်ခြည်နွေးနွေးထဲမှာ..

နံနက်စာစားပြီးတော့ ရေမိုးချိုးပြီး စိုက်ခင်းတွေကိစ္စ စီမံဖို့ သူက အခင်းထဲဆင်းသွားတဲ့အခါ.. စတူဒီယိုထဲဝင် ပန်းချီဆွဲမယ်..
ဒါမှမဟုတ် မကြာခင်က ခရီးသွားတုန်းက ရိုက်ထားတဲ့ ဓာတ်ပုံတွေကို ပြင်ဆင်မှုတွေလုပ်.. ဒါမှမဟုတ် အမှောင်ခန်းထဲဝင် ဓာတ်ပုံကူး..
ဒါမှမဟုတ် စာရေးရင်ရေး...
ဒါမှမဟုတ် ပန်းချီဆွဲဖို့ ဈာန်သွင်းတဲ့အနေနဲ့ သီချင်းဖွင့်ထားပြီး ဘာမှမလုပ်ဘဲ ထိုင်နားထောင်နေ..
ဒါမှမဟုတ် အင်တာနက်ဝင် ဘလော့လျှောက်လည်..
ဒါမှမဟုတ် အသိမိတ်ဆွေ .. ဆွေမျိုးသားချင်းတွေနဲ့ ဖုန်းပြော..
ဒါမှမဟုတ် စာအုပ်စင်တွေအပြည့်နဲ့ စာကြည့်ခန်းထဲဝင် စာအုပ်တွေဖတ်..
တစ်ခုခုပေါ့လေ..

နေ့လည် သူ ထမင်းစားပြန်လာတဲ့အခါ.. နေ့လည်စာတူတူစား.. ပြီးတော့ သူက တစ်ရေးတမောအိပ်.. ညနေစောင်းတော့ နှစ်ယောက်သား အခင်းထဲဖြစ်ဖြစ်.. အောက်ကိုဆင်းပြီး ပုန်းတလုတ်ကန်ပတ်လည်ဖြစ်ဖြစ် လမ်းလျှောက်ထွက်ကြမယ်.. ပြီးမှ ညစာကို မြို့ထဲတစ်နေရာရာမှာစား.. ပြီးရင် အိမ်ကိုလမ်းလျှောက်ပြန်.. ညချမ်းအချိန်တွေဆိုသူက နေ့လည်ကဆွဲထားတဲ့ ပန်းချီကားတွေ ဓာတ်ပုံတွေကို ကြည့်ပြီး ဝေဖန်ချက်ကပေးတတ်သေးတာ..

တစ်ချို့နေ့တွေမှာတော့ တောင်ကြီးဖြစ်ဖြစ်တက်ပြီး ဈေးဝယ်ရင်လည်းဝယ်.. အင်းထဲလည်.. ချစ်သူနဲ့တူတူသွားဖြစ်ရင်တော့ ကော်ဖီဆိုင်လေးဘာလေးထိုင်.. ဘ၀က ရိုးရိုးလေးနဲ့ ငြိမ်းချမ်းနေမယ်..

မကြာခဏလည်း ခရီးထွက်ဖြစ်မယ်.. သူက သွားရလာရတာ ၀ါသနာပါသလို.. ကိုယ်ကလည်း ဓာတ်ပုံတွေရိုက်ချင်သေးတာမဟုတ်လား.. ဖျတ်ကနဲ ဖျတ်ကနဲ သူ့ပုံကိုလှမ်းရိုက်ယူတတ်လို့ ပင်တိုင်မော်ဒယ်လ်တောင် ဖြစ်မှန်းမသိဖြစ်နေပြီ.. အိမ်မှာနေရင်းလည်း မြင်ရာတွေ့ရာတွေ ရိုက်တတ်လွန်းလို့ ကင်မရာကိုင်လာရင် သူကကြောက်နေပြီ..

အားလပ်ရက်တွေဆို လာလည်တဲ့သူငယ်ချင်းတွေနဲ့ ဥယျာဉ်ကြီးထဲမှာ ပျော်ပွဲစားထွက်.. အကင်လုပ်စား.. အသီးဝိုင်လေးတွေသောက်လို့.. တစ်ခါတလေ မောင်နှမသားချင်းတွေ လာလည်ပြန်တော့လည်း သူတို့ သား သမီးလေးတွေက ခြံထဲမှာ မျောက်ရှုံးအောင် ဆော့ကြဦးမှာ..

ပန်းချီပြပွဲတွေဘာတွေရှိလို့ ရန်ကုန်လာဖြစ်ရင်လည်း ရုပ်ရှင်ကြည့် အမျိုးတွေ သူငယ်ချင်းတွေဆီလည်.. ရန်ကုန်တရုတ်တန်းကိုလျှောက်.. လိုအပ်တာတွေဝယ်.. မြို့ပြရဲ့ ရှုပ်ရှုပ်ထွေးထွေးအလှကို ခံစားရမယ်..

အဲလိုနဲ့ ချစ်သူနဲ့အတူနေ.. ပန်းချီဆွဲလိုက် ဓာတ်ပုံရိုက်လိုက်.. ပြပွဲတွေလုပ်လိုက်.. ဘလော့ရေးလိုက်.. စာအုပ်ဖတ်လိုက်.. ခရီးတွေထွက်လိုက်.. သူငယ်ချင်းတွေနဲ့ပျော်လိုက်နဲ့ပဲ ဘ၀က ငြိမ်းချမ်းနေပါတော့တယ်.. .. ...

8 comments:

  1. အဲ့လို ငြိမ်းငြိမ်းချမ်းချမ်းဖြတ်သန်းရမယ့် ဘ၀မျိုးလိုချင်တယ်။း)
    စိတ်ကူးလေးတွေအရမ်းကောင်းတယ်။

    ReplyDelete
  2. ငြိမ်းချမ်းလိုက်တာ.. မယ်ညီရေ.. ငါမပြောတော့ဘူး....
    မင်းသိမှာပါ.. ..

    အင်းထဲလာလည်မယ့် နေ့ကျရင်တော့ ... တစ်ရက်လောက် နေပြီးမှ ပြန်ရမယ်.. တို့ ၂ ယောက်နဲ့ တူတူလည်တာပေါ့.. :)

    ReplyDelete
  3. ကောင်းလိုက်တဲ့ စိတ်ကူးလေးတွေရယ်...။

    ReplyDelete
  4. အမလေး ဒီအင်းသူမယ်ခါင်က တမျိုး
    ညီရေ ညီဖြစ်ချင်သလိုလေး ငြိမ်းချမ်းတဲ့ ဘ၀မျိုးလေး
    ပိုင်ဆိုင်နိုင်ပါစေ ဖြစ်နိုင်အောင်လဲ ညီက ကြိုးစားနိုင်မှာပါ

    ReplyDelete
  5. အို ...
    အရမ်းကို လှတဲ့ စိတ်ကူးအိပ်မက်ပါကလား နန်းညီရေ ...
    အဲလို လှပတဲ့စိတ်ကူးတွေပိုင်ဆိုင်တဲ့ ညီမငယ်ကို အားကျမိပါရဲ့ ...
    ဘ၀ဟာ ငြိမ်းချမ်းလွန်းပြီး ... ရိုးရှင်းစွာနဲ့ လှပနေမှာ သေချာပါတယ်၊
    နောက် စိတ်လည်း အရမ်းချမ်းသာရမှာ ...
    ဆုတောင်းပေးပါတယ် ... အခုလို စိတ်ကူးအိပ်မက်တွေ မနက်ဖြန်မှာ အကောင်အထည်ပေါ် ရုပ်လုံးကြွလာပြီး သိပ်လှတဲ့ ပန်းချီကားတစ်ချပ်လို ဖြစ်ပါစေဗျာ ... ။

    ps. TAG လေး ကို ရေးပေးပါ့မယ်၊ ဖိုးဂျယ်လည်း အကို့ကို TAG ထားသေးတယ်လေ ... :)

    ReplyDelete
  6. ညီ

    စိတ်ကူးလေးက မိုက်တယ်ကွ။ ကျုပ်ုကတော့ တခါတည်း မြို့ပါ တည်လိုက်တယ် ဟီဟိ

    ReplyDelete
  7. စိတ်ကူးတွေယဉ်လိုက်ကြတာ...ယဉ်လိုက်ကြတာ...
    ငါဖို့ကုန်ပြီ :(

    ReplyDelete
  8. ဟေ့ ငါလည်းလာလည်မယ်နော် .. အဲ့အချိန်ဆို ငါလည်းအားလုံးအဆင်ပြေနေလောက်ရောပေါ့ .. ငါ့စိတ်ကူးထဲကလူနဲ့လာလည်ရင်လည်း လာမှာပေါ့ .. သူမဟုတ်တဲ့လူလည်း ဖြစ်ရင်ဖြစ်မှာပေါ့ .. အားလုံးအဆင်ပြေပြေနဲ့ တစ်နေ့ကျရင် မယ်ညီ့အိမ်လေးကိုလာလည်မှာပါ .. တူမလေးတစ်ယောက်လောက်တော့ လိုချင်တယ် .. ဟဲဟဲဟိ .. ... တာဝန်ကျေပါတယ်

    ReplyDelete

your comment please

Powered by Blogger.