ညနေပုံပြင်


ဘ၀မှာ ကျဉ်းထဲကျပ်ထဲရောက်နေရပြီးတော့ ဘာလုပ်ရမှန်းမသိအောင် စိတ်ရှုပ်နေခဲ့ဖူးတယ်.. ငဲ့ကွက်ရမယ့် လူနှစ်ယောက်ကြားမှာနေပြီး ဟိုလူကိုလည်း စိတ်ချမ်းသာစေချင်.. ဒီလူဝမ်းနည်းမှာကိုလည်းမလိုလား.. ရှေ့ဆက်ရမယ့်လမ်းမှာ မြူတွေ အကြီးအကျယ်ဖုံးအုပ်နေခဲ့တဲ့အချိန်ပေါ့..

အချစ်ဆုံးသူငယ်ချင်းနဲ့အတူ လက်ဘက်ရည်ဆိုင်ထိုင်ဖြစ်တယ်.. ကျွန်မမျက်နှာမကောင်းတာကြောင့် သူကလည်း ခပ်ငြိမ်ငြိမ်ပဲထိုင်နေပြီး ဖွင့်ထားတဲ့သီချင်းကိုပဲ ခပ်တိုးတိုးလိုက်ညည်းနေတော့တယ်.. တခြားဘော်ဒါတွေကလည်း ၂ ယောက်စလုံး ထူးထူးခြားခြားငြိမ်နေတာကို သတိပြုမိတယ်ထင်ပါရဲ့.. ၀ိုင်းထဲမှာ အတူဝင်မထိုင်ဘဲ တခြားမှာပဲအလိုက်တသိနေပေးကြတယ်..

အဲလိုနဲ့အကြာကြီးကြာပြီးမှ “သွားစို့ လမ်းလျှောက်ကြမယ်” တဲ့.. သူငယ်ချင်းကပြောလာတယ်.. ကျွန်မတို့ လမ်းလျှောက်ခဲ့တယ်.. ကဗွီးပင်နဲ့ ပျဉ်းမပင်တွေ အတန်းလိုက် ညီညီညာညာစိုက်ထားတဲ့ မှောင်ရီဖျိုးဖျ လမ်းမတစ်လျှောက်.. ငှက်တွေက အိပ်တန်းပြန်တဲ့အချိန်.. ဆောင်းဝင်စမို့ အအေးဓာတ်ရှိတဲ့ ညနေလေပြေက တသုန်သုန်နဲ့ပေါ့..

ကျွန်မက ဖတ်ဖူးတဲ့ဝတ္တုတစ်ပုဒ်ထဲက ဇာတ်လိုက်ကပြောတဲ့စာသား သူ့ကိုပြောပြလိုက်တယ်..

“နှင်းကျနေတဲ့ညကြီးမှာ မီးထိုးပြီးကားမောင်းရတာကို သိပ်ကြိုက်တာပဲလို့ အဲဒိမင်းသားကပြောတယ်.. ရှေ့တစ်ပေအကွာမှာ ဘာရှိနေလဲမမြင်ရ မီးတန်းအဆုံးမှာပဲ လမ်းကဆုံးနေပြီလိုလို ထင်ရတယ်တဲ့.. တကယ်တမ်းမောင်းတော့ တစ်ပေအကွာမှာလည်း ဘာမှမရှိ.. မီးတန်းဆုံးလည်း လမ်းကမဆုံး ဆက်မောင်းနေရတုန်းပဲတဲ့”

“တကယ့်ဘ၀ကလည်း ဒီလိုပါပဲ.. လမ်းဆုံးပြီလို့ထင်နေပေမယ့် တကယ်ကမဆုံးသေးဘူး.. ရှေ့မှာရှိနေသေးတယ်.. မမြင်ရတဲ့ အကွေ့အကောက်တွေရော.. ကြိုသိနေတဲ့အဆင်းအတက်တွေရော.. အန္တရာယ်တွေရော.. ရင်ခုန်စွန့်စားစရာတွေရော အများကြီးပဲလေ.. ဘာပဲဖြစ်ဖြစ် ဓာတ်ဆီနဲ့လမ်းရှိနေသရွေ့တော့ ဆက်မောင်းနေရဦးမှာပဲမဟုတ်လား”

သူက အဲလိုပြန်ပြောတော့ အင်မတန်ဂျစ်ကပ်ကပ်နိုင်တဲ့ ကျွန်မက “ဆက်မောင်းချင်စိတ်လည်း ရှိရင်ပေါ့လေ” လို့ အထွန့်တက်မိပါသေးတယ်.. အဲဒိနောက်တော့ အဲဒိစကားကို သူကပြန်ငြင်း ပြန်ဖြေရှင်း.. ကျွန်မက ကပ်ဖဲ့ငြင်းနဲ့.. ကျွန်မရဲ့ ပြဿနာတွေကို အလိုလိုပြောဖြစ်သွားတယ်.. သစ်ပင်အောက်မှာ.. ညနေရဲ့လေပြေကြားမှာ.. ထွက်ခါစ တစ်ခြမ်းပဲ့လကွေးကွေးလေး အောက်မှာ.. သူ့စကားသံ ချိုချိုဝဲ၀ဲက ကျွန်မကို နွေးထွေးစေပါတယ်.. ကျွန်မရဲ့လမ်းက မြူတွေကို ရှင်းသွားအောင် သူကူညီစဉ်းစားပေးခဲ့ပါတယ်.. “ကျေးဇူးပဲ”လို့ ကျွန်မက ပြောတော့ ခပ်တိုးတိုးရယ်ပြီး သူ စိတ်လှုပ်ရှားရင် လုပ်နေကျအတိုင်း ကျွန်မ ဆံပင်တွေကို ဆွဲဖွခဲ့တယ်.. ပြီးတော့ ပြောတယ်.. “လက လှတယ်နော်” တဲ့.. ကျွန်မ မော့ကြည့်လိုက်ပါတယ်.. အဲဒိညနေက မြင်ကွင်းကို ကျွန်မ မမေ့ခဲ့ဘူး.. ပြေပြေလေး လင်းနေခဲ့တဲ့ ညနေခင်းအလင်း.. အေးအေးစိမ့်စိမ့်လေး တိုက်နေခဲ့တဲ့လေ.. ကျွန်မခံစားခဲ့ရတဲ့ နွေးထွေးမှု.. လကိုမော့ကြည့်ပြီးပြုံးနေတဲ့ ကျွန်မသူငယ်ချင်းကောင်လေးကို ကျွန်မသဘောကျသွားတယ်.. ပြီးတော့ အဲဒိညနေတုန်းက လက တကယ်လိုလှနေခဲ့ပါတယ်..

(Photoshop ကိုဖွင့် brush effect တွေထည့်ပြီး ဘာလုပ်ရမှန်းမသိ ဖြစ်နေတုန်း အဲဒိနေ့ကို ကျွန်မအမှတ်ရသွားလို့ပါ.. ပုံဆွဲဖြစ်တယ်.. ပို့စ်ကတော့ ပုံကိုရှင်းတဲ့ပို့စ်ပဲဆိုပါစို့.. ကဗျာလေးတွေများ ရေးပေးကြမယ်ဆိုရင် အင်မတန်ကျေးဇူးတင်မှာပါ.. တောင်းဆိုတာပါ.. အဖြစ်တစ်ခုခုကို တကယ်စိတ်စွဲပြီဆို ပန်းချီလည်းဆွဲ.. စာလည်းရေးပြီး တွဲသိမ်းတတ်တဲ့ အကျင့်ရှိလို့ပါ.. အ၀ါရောင်စက်ဘီးလေးအကြောင်းကတော့ ဓာတ်ပုံရော.. ပန်းချီရော.. ပို့စ်ရော.. ကိုဂျဲကျေးဇူးနဲ့ ကဗျာပါ ရခဲ့ပါတယ်.. ဒီညနေခင်းလေးအတွက်လည်း စိတ်ပါတဲ့သူ ခံစားမိတဲ့သူများရှိခဲ့ရင် ကဗျာလေးတွေ ချီးမြှင့်ပေးကြပါရှင့်)

4 comments:

  1. ညီရေ ကဗျာတော့မရေးတတ်ဘူးဟာ .. ဒါပေမယ့် ညီ့ပို့စ်ကိုဖတ်ပြီး ညနေတိုင်းလက်ဘက်ရည်ဆိုင် အတူထိုင်နေကျ ကဗျာရေးကောင်းတဲ့ သူငယ်ချင်းကို အရမ်းလွမ်းသွားတယ် ...

    ReplyDelete
  2. ညီညီရေ့.."ဘာပဲဖြစ်ဖြစ် ဓာတ်ဆီနဲ့လမ်းရှိနေသရွေ့တော့ ဆက်မောင်းနေရဦးမှာပဲမဟုတ်လား” ဆိုတာလေး ကြိုက်တယ်။။တစ်ခုခုကို လှစ်ခနဲတွေ့လိုက်ရသလိုပဲ
    ကိုယ့်ဘာသာကိုယ် ထင်ကြည့်တာလေ...။

    ReplyDelete
  3. အော်........ဒီလိုကိုး

    ReplyDelete
  4. “ညနေပုံပြင်”
    ညနေခင်းရဲ့လေညှင်းကသင်းသင်းသွဲ့သွဲ့
    ကြွေနေတဲ့သစ်ရွက်တွေပေါ်မှာဖွဖွလျှောက်ရင်း
    အိပ်တန်းဝင်ငှက်များရဲ့အသံကိုကြားတယ်။
    မွန်းကျပ်တဲ့စိတ်ရဲ့ခံစားချက်များကိုရင်ဖွင့်ရင်း
    ဘ၀ရဲ့အဓိပ္ပါယ်ကိုအဖြေရှာကြတယ်
    အဲ့ဒီညနေခင်းလေးမှာ
    သူရယ်ကိုယ်ရယ်ရင်ဘတ်ချင်းထိစပ်ခဲ့တယ်။
    အလင်းထဲမသိမသာရောတဲ့အမှောင်
    ကြယ်တွေတောင်မစုံသေးဘူး
    လမင်းကခရီးနှင်ခဲ့။ ။

    နန်းညီရေ
    အဆင်ပြေရဲ့လားတော့မသိဘူး
    ရေးကြည့်လိုက်တယ်

    ReplyDelete

your comment please

Powered by Blogger.