ပန်းပွင့်ပုံပြင်

ဈာန်အတော်ဝင်နေတုန်း ရေးဖြစ်တဲ့ ၀တ္တုတစ်ပုဒ်ပါ.. အနည်းငယ်တော့ ရှည်တယ်.. ၀တ္တုလို ဇာတ်လမ်းဖွဲ့ရေးတာ ပထမဆုံးပါ.. Welcome Comment !
................................................................................................................................................................

“ပန်းပွင့်”

ပန်းပွင့်တစ်ယောက်ထဲ ကျောင်းကနေ အိမ်ကိုပြန်ရတဲ့ တစ်ညနေမှာ မောင်က လမ်းထိပ်အုတ်ခုံကနေ ထိုသို့ လှမ်းခေါ်ခဲ့ဖူးပါသည်။ ခါတိုင်းနေ့တွေဆို ပန်းပွင့်က သူငယ်ချင်း ၀ါဝါနဲ့ အတူပြန်နေကျမို့ မောင်တို့ထိုင်နေကျ လမ်းထိပ်အုတ်ခုံရှေ့ရောက်လျှင် မသိသလို ၀ါဝါနဲ့ ရယ်မောစကားပြောရင်း ဖြတ်လျှောက်သွားနေကျ။ ဒီနေ့ကျမှ ၀ါဝါက ကျောင်းမတက်သဖြင့် ပန်းပွင့်တစ်ယောက်ထဲ ပြန်လာရသည်။ မောင်တို့ရှေ့ကနေ ဘယ်လိုဖြတ်ရပါ့မလဲဟု တစ်လမ်းလုံးစိတ်ပူလာခဲ့တာ။ ရင်တခုန်ခုန်နဲ့ ဖြတ်လျှောက်သွားတုန်း မောင်က လှမ်းခေါ်လိုက်သဖြင့် ပန်းပွင့် လန့်သွားမိသည်။

ဖျတ်ကနဲ့ လှည့်ကြည့်လိုက်တော့ မောင်ရော မောင့်သူငယ်ချင်းနှစ်ယောက်ကပါ မသိသလို ခပ်တည်တည်ကြီးတွေ ထိုင်နေကြသည်။ သို့သော် ပန်းပွင့်သိပါသည်။ အဲဒါမောင်ပါ။ ပန်းပွင့်ကို လှမ်းခေါ်တာ မောင်မှ မောင်ပါပဲ။ မတိုးသော်လည်း မကျယ်သောအသံ၊ စနေသလိုလို အတည်လိုလို လှမ်းခေါ်လိုက်သော မောင်သည် ဘယ်အချိန်ကတည်းက ပန်းပွင့်ရဲ့နာမည်ကို သိနေပါသလဲ။

ခေါ်တုန်းကခေါ်ပြီးမှ မသိသလိုလုပ်နေသော မောင့်ကြောင့် ပန်းပွင့်အူကြောင်ကြောင်နှင့် ဆက်လျှောက်ခဲ့ရသည်။ ရင်တွေခုန်နေတာကတော့ အရမ်းပါပဲ။ အိမ်ရောက်တဲ့အထိ ပန်းပွင့်လက်တွေ အေးစက်နေသေးသည်။ မောင် ဘယ်တုန်းက ပန်းပွင့်နာမည်ကို သိနေတာလဲ။ မောင့်နာမည်ကရော ဘယ်သူလဲ။

မောင်က ပန်းပွင့်ကို ခုမှ နာမည်ခေါ်ဖူးပေမယ့် ပန်းပွင့်ကတော့ မောင့်ကို သိနေတာကြာပါပြီ။ မောင်နှင့် ပန်းပွင့်က တက္ကသိုလ်မတူသော်လည်း တစ်လမ်းထဲနေသူများဖြစ်သည်။ ပန်းပွင့်က ပန်းပွင့်တက်တဲ့ တက္ကသိုလ်နားက အိမ်ရာတစ်ခုမှာ နေသဖြင့် ကျောင်းကို အမြဲလမ်းလျှောက်သွားနေကြ။ မနက်ခင်းတွေ သူငယ်ချင်းဝါ၀ါကို ၀င်ခေါ်ပြီး ကျောင်းသွားတိုင်း မောင်တို့ ကျောင်းကားစောင့်နေတာ မြင်ဖူးနေသည်။ လူငယ်ဆန်ကာ ချောမောသောမောင့်ကို ပန်းပွင့် စိတ်ဝင်စားခဲ့မိသည်။ “မောင်”လို့ စိတ်ထဲကနေခေါ်ပြီး စကားတွေလည်း အများကြီးပြောဖူးသည်။ တော်တော်ကြာသည်အထိ မောင်က ပန်းပွင့်ကို သေချာတောင် မကြည့်ဖူးပါပဲနှင့် ဒီနေ့ကျမှ ရုတ်တရက်လှမ်းခေါ်လိုက်တော့ ပန်းပွင့် အံ့သြသွားရတော့တာပေါ့။ ဒီလိုဆိုတော့ မောင်ကလည်း ပန်းပွင့်ကို စိတ်ဝင်စားနေတာလား။ ညနေတိုင်း လမ်းထိပ်အုတ်ခုံမှာ တွေ့ရတာတက ပန်းပွင့်ထင်သလို သူငယ်ချင်းတွေစုပြီး စကားပြောနေတာ မဟုတ်ဘဲ ပန်းပွင့်ကို စောင့်နေတာများလား။

စိတ်ကူးများနှင့် ရူးရပြန်ပါသည်။ ဒုက္ခပေးလိုက်တာ မောင်ရယ်။

.......................

နောက် ရက်အတော်ကြာသည်အထိ မောင်က ဘာမှမလှုပ်ရှားပြန်ပါ။ ညနေတိုင်း လမ်းထိပ်မှာ တွေ့နေပြီး မနက်တိုင်း ကျောင်းသွားချိန်တွင် ဆုံသည်မှလွဲ၍ ပန်းပွင့်နှင့် မောင့်ရဲ့အခြေအနေက ထူးခြားမလာခဲ့။

တစ်နေတော့ ညနေဘက် လမ်းထဲက စာအုပ်ဆိုင်မှာ ပန်းပွင့်စာအုပ်ဝင်ငှားပါသည်။ ဘုရားရေ။ စာအုပ်အငှားကောင်တာမှာ အခန့်သားထိုင်နေတာက မောင်ပါလား။ မောင့်ရှေ့မှာမို့ ပန်းပွင့်အနေရခက်လှပါသည်။ ဒီကြားထဲ တီရှပ်ပွပွ..ဘောင်းဘီပွပွကို ၀တ်လာခဲ့မိတာကို နောင်တရနေမိသည်။ နဂိုကမှ ပုသေးလှသော ပန်းပွင့်သည် ဒီအ၀တ်အစားတွေကြောင့် ပိုပြီးသေးကွေးပျောက်ကွယ်နေတော့မှာပဲ။ စာအုပ်စင်ရှေ့မှာ စာအုပ်များကို ရွေးနေတုန်း မောင်က ကောင်တာမှထ၍ အနားသို့လာရပ်သောအခါ မြင့်မားလှသော မောင့်အရပ်သည် ပန်းပွင့်ကို အုပ်မိုးသွားလေသည်။ မောင်က စာအုပ်စင် အပေါ်ဆုံးအဆင့်မှ စာအုပ်များကို အောက်သို့ချပေးရင်း “ဘာသာပြန် စာအုပ်တွေ.. ဖတ်တယ်မဟုတ်လား ဘာသာပြန်” ခပ်ရှရှနှင့် ပီသသော်လည်း အနည်းငယ်မိန်းကလေးဆန်ချင်သော မောင့်အသံသည် ပန်းပွင့်အတွက်တော့ စွဲမက်ဖွယ်။ မောင်ချပေးသော စာအုပ်များထဲမှ ဖတ်ချင်တာကို ခပ်မြန်မြန်ရွေးယူပြီး အငှားကောင်တာရှိ စာရင်းမှတ်နေသော ဆိုင်ရှင် အစ်ကိုကြီး (သူကလည်း မောင့်သူငယ်ချင်းပါပဲ) ဆီသို့ပေးလိုက်သည်။

“ညီမလေး နာမည်”
“ပန်းပွင့်”
“သြော် ပန်းပွင့်လေး ဆိုတာလား"

အနည်းငယ် စချင်နောက်ချင်ဟန်ဖြင့် ရယ်သံစွက်သော အသံဖြင့်ပြောသည်ကို ပန်းပွင့်က နားမလည်မိဘဲ နာမည်အမှန်ကို ပြန်ပြင်ပြောလိုက် မိသေးသည်။

“ပန်းပွင့်လေး မဟုတ်ပါဘူး.. ပန်းပွင့်ငယ်ပါ”
“အော် အော် ပန်းပွင့်ငယ်ကိုး .. ပန်းပွင့်လေး မှမဟုတ်ပဲ”

ဆိုင်ရှင်အစ်ကိုကြီးက ခေါင်းတညိတ်ညိတ် ပြုံးပြုံးကြီးလုပ်ပြီး မလှမ်းမကမ်းမှ မဂ္ဂဇင်းစာအုပ် ထိုင်ဖတ်နေသော မောင့်ကိုလှည့်ကြည့်တော့မှ သူတို့တမင်သက်သက် ပြောနေကြတာဖြစ်မည်ဟု ပန်းပွင့်ရိပ်မိသွားပါသည်။ မောင်က မျက်လုံးကိုတော့ စာအုပ်မှမခွာဘဲ ရယ်ချင်ဟန်ဖြင့် ခပ်ပြုံးပြုံးလုပ်နေတော့ ပန်းပွင့်ရှက်သွားမိသည်။ မောင်ကတော့ ပန်းပွင့်ကို ဘာမှနားမလည်တဲ့ ခပ်ပိန်းပိန်းကောင်မလေးလို့ ထင်သွားတော့မှာပဲ။
...................

ကျောင်းပိတ်ရက်တွေမှာ ပန်းပွင့် အင်္ဂလိပ်စာသင်တန်း သွားရတော့ မောင်တို့ထိုင်နေကျ လဘက်ရည်ဆိုင်ရှေ့ မျက်နှာချင်းဆိုင်မှတ်တိုင်မှာ ကားစောင့်ရပါသည်။ တစ်ရက်ကျတော့ ပန်းပွင့် ကားပေါ်တက်သွားပြီး ခုံမှာဝင်ထိုင်ပြီးမှ မောင်ကားပေါ်တက်လာသည်။ ဂိတ်စနားမို့ ကားပေါ်မှာ လူချောင်နေသော်လည်း နောက်မှတက်လာသော မောင်ကတော့ နေရာမရတော့ပါ။ ခုံအလွတ်ကို ဟိုဟိုသည်သည်ရှာရင်း မတွေ့တော့ ပန်းပွင့်ထိုင်နေသောခုံနားသို့ မောင်လျှောက်လာပါသည်။ ပြီးတော့ ပန်းပွင့်ကို ပြုံးပြရင်း..
“သင်တန်းသွားမလို့လား ပန်းပွင့်”
“ဟုတ်ကဲ့”
“ကိုယ်လိုက်ပို့ပေးမယ်”

မောင်က မျက်နှာထားကလည်း တည်တည် လေသံကလည်း မှန်မှန်နဲ့ ထိုသို့ပြောတော့ ပန်းပွင့်လည်း ဘာပြောရမလဲမသိပါ။ မောင်ကလည်း ဘာစကားမှ ထပ်မပြောပါ။ အနားမှာ မောင်ရှိနေသည် ဟူသော အသိကြောင့် ပန်းပွင့်နေရထိုင်ရခက်လှပါသည်။ မချောမလှသော်လည်း ချစ်စရာကောင်းသော ပန်းပွင့်ကို ပိုးပန်းသူတွေရှိခဲ့ဖူးပါသည်။ မောင်နှင့်ကျမှ ပန်းပွင့် ရင်တွေလှုပ်ရှားလွန်းလှသည်။ ဘာပြောရင်ကောင်းမလဲ ဘာပြောရမလဲ.. ။ အပြင်းအထန် စဉ်းစားရင်းနှင့်ပင် ဘာကိုမှ ပြောမထွက်ဘဲ ဆင်းရမည့် မှတ်တိုင်သို့ ရောက်လာခဲ့သည်။ မောင်က ပန်းပွင့်ခေါင်းကို တစ်ချက်လှမ်းပုတ်ကာ “ဆင်းမယ်လေ” ဟု ပြောမှ ဘေးဘီကို ပန်းပွင့် သတိထားမိတော့သည်။ မှတ်တိုင်တွေကို တကယ်ကို သတိမထားမိခဲ့။ မောင်ကတော့ဖြင့် ဆင်းရမယ့် မှတ်တိုင်တောင် သိနေပါလား။
ကားက တက်လာတုန်းက ချောင်သော်လည်း ဆင်းတော့ကျမှ မနည်းတိုးထွက်ရသည်။ အရပ်ပုသော ပန်းပွင့်က လက်ကိုင်တန်းတွေကို မမီပါ။ ကားက တစ်ချက်ယိုင်သွားတော့ မောင့်တီရှပ်ကို နောက်မှ လှမ်းဆွဲထားမိသည်။ မောင်က လှည့်ကြည့်ပြီး သဘောကျသလို ပြုံးပါသည်။ မောင့်အရပ်ကြီးက မြင့်မားလှသည်မို့ ကားလက်ကိုင်တန်းများနှင့် မလွတ်ပဲ ခေါင်းကိုငုံထားရ၏။ မောင်သနားပါတယ်။ ကားကလည်းကျပ်သေး၊ နေရာကလည်းမရနှင့် ခေါင်းလည်း အတော်ညောင်းရှာမည်။

ကားမှတ်တိုင်ကနေ သင်တန်းသို့ အတော်လှမ်းလှမ်းလျှောက်ရသေးသည်။ နေကပူသည်မို့ ပန်းပွင့်က ထီးဖွင့်ဆောင်းထား၏။ မောင်က ပန်းပွင့်ဘေးကနေ ခြေလှမ်းမှန်မှန်နှင့် လိုက်လျှောက်လာသည်။ ဘာစကားမှလည်း မပြောပါ။ နေပူလှသောကြောင့် မောင့်ကို ထီးရိပ်အောက်ဝင်ဖို့ ခေါ်ချင်သော်လည်း ပန်းပွင့် မခေါ်ရဲပြန်။ ဒီလိုနဲ့ပဲ သင်တန်းကို ရောက်သွားတော့သည်။ သင်တန်းရှေ့ရောက်တော့ ပန်းပွင့်က အသာရပ်လိုက်သော်လည်း မောင်က ကျော်ပြီး နှစ်လှမ်းလောက် ဆက်လျှောက်သွားသေးသည်။ ပန်းပွင့်က လှမ်းခေါ်မလို့လုပ်ပြီးမှ ဘယ်လိုခေါ်ရမလဲမသိပြန်။ မောင်လို့ ခေါ်လို့ကလည်း မဖြစ်ဘူးမဟုတ်လား။ ဒါပေမယ့် တော်ပါသေးသည်။ မောင်က ပန်းပွင့်ပါမလာသဖြင့် လှည့်ကြည့်တော့ သဘောပေါက်သွားပုံရသည်။

“ဒီအိမ်လား သင်တန်းက”
“ဟုတ်ကဲ့”
“ရောက်နေရင်လည်း ပြောမှပေါ့ကွ.. ကိုယ်က ဆက်လျှောက်သွားတော့မလို့”

မောင်က ပြုံးပြီးပြောရင်း ပန်းပွင့်ကိုစပါသည်။ ပန်းပွင့်လည်း ဘာမှမပြောပဲ ပြုံးနေလိုက်သည်။

“အင်း .. အထဲဝင်တော့လေ.. ကိုယ်သွားတော့မယ်”
“ဟုတ်ကဲ့”

မောင်ပြန်သွားပါသည်။ အေးအေးဆေးဆေးပါပဲ။ ခပ်တည်တည်ရုပ်ကလေးနှင့် မောင်က ချစ်ဖို့ကောင်းပါသည်။ အားပါးတရ ရယ်လိုက်လျှင် ပေါ်လာနေကျ သွားတက်ကလေးများကို ဒီနေ့မမြင်လိုက်ရ။ နာမည်အတိအကျကိုလည်း မမေးလိုက်မိပါလား။ ပြီးတော့ ဘတ်စ်ကားကျပ်ကျပ်စီးပြီး ပင်ပန်းခံ၊ ခြေညောင်းခံ၊ ခေါင်းညောင်းခံပြီး လိုက်ပို့တာတောင် ပန်းပွင့်က မောင့်ကို ကျေးဇူးတင်စကားမပြောမိပါ။ ဘတ်စ်ကားခ ပေးဖို့လည်း ခုမှသတိရသည်။ မောင်ကပဲ ပေးလိုက်သည် ထင်ပါရဲ့။ ဒုက္ခပါလား။ မောင်ကတော့ ပန်းပွင့်ကို ဘယ်လိုအူကြောင်ကြောင်လေးမှန်းမသိဘူး ဟု တွေးနေတော့မှာပဲ။

................................

မောင် ပန်းပွင့်ကို စိတ်ဝင်စားနေတာဖြစ်မယ်ဟု ပန်းပွင့် ယုံကြည်နေမိတာက ထိုကိစ္စတွေကြောင့်အပြင် ပိုသေချာသွားတာက အဲဒီနှစ်ရဲ့ ချစ်သူများနေ့က ကိစ္စကြောင့် ဖြစ်သည်။

ထိုနေ့က ဖေဖော်ဝါရီလ ၁၄ ရက်၊ ချစ်သူများနေ့ဖြစ်သည်။ ပန်းပွင့်တို့ လမ်းထပ်နားက အအေးဆိုင်လေးတစ်ခုမှာ ပန်းပွင့် ကျောင်းက သူငယ်ချင်းများနှင့် အအေးထိုင်သောက်နေခဲ့သည်။ ကျောင်းဆင်းချိန်ဖြစ်ပြီး မောင်တို့တက္ကသိုလ်က ကျောင်းကားတွေ လမ်းထဲပြန်ဝင်လာတတ်သော အချိန်ပင်ဖြစ်ပါသည်။ အအေးဆိုင်နားက တိုက်တစ်ခုရှေ့မှာ ကျောင်းကားရပ်သွားပြီး ကျောင်းသားကျောင်းသူ တော်တော်များများဆင်းလာကြ၏။ မောင့်အိမ်က ဒီနားမှာ မဟုတ်တာကြောင့် မောင်ဆင်းလာလိမ့်မည်ဟု ပန်းပွင့်ထင်မထားခဲ့မိပါ။ သို့သော် မောင်ကတော့ ကျောင်းကားပေါ်မှဆင်းပြီး ပန်းပွင့်ထိုင်နေရာသို့ တည့်တည့်ပင် လျှောက်လာပါသည်။

“ရော့ ပန်းပွင့်.. ပန်းပွင့်အတွက်”

ထင်မှတ်မထားသောကြောင့် ကြောင်အစွာ မောင်လာနေသည်ကို ကြည့်နေမိသော ပန်းပွင့်သည် လက်ထဲသို့ မောင်လှမ်းပေးသော သကြားလုံးထုပ်ကလေးကို ခပ်ကြောင်ကြောင်ပင် လှမ်းယူလိုက်မိသည်။ အသည်းပုံသကြားလုံးထုပ် ကလေးကို ဖဲကြိုးလှလှလေးနှင့် ချည်ထားပြီး “ပန်းပွင့်အတွက်”ဟု စာတန်းလေး ရေးထားပါသည်။ ပေးပြီးပြီးချင်း မောင်က လှည့်ထွက်သွားပြီး ပန်းပွင့်နှင့် မျက်နှာချင်းဆိုင် လက်ဘက်ရည်ဆိုင်မှ ၀ိုင်းတွင် သူ့သူငယ်ချင်းများနှင့် ထိုင်နေပါသည်။ ပန်းပွင့်တို့တည့်တည့်ကိုလှည့်ကာ ထိုင်နေပါသည်။ ခပ်တည်တည်ပင် လက်ထဲထိုးထည့်ပေးသွားသည်မို့ ပန်းပွင့်၏ သူငယ်ချင်းမှာလည်း ရုတ်တရက်ကြောင်သွားကြသည်။ ပြီးမှ ..

“ဒီကောင်က ဘာလဲဟ”
“အေးလေ ငါတို့ယောက်ျားလေးတွေ ရှိနေရဲ့သားနဲ့.. သက်သက်ကြောတာ”
“ပေးစမ်း ပန်းပွင့်.. အဲဒိအထုပ်”

သူငယ်ချင်း အယ်လုံးက ပန်းပွင့်လက်ထဲမှ သကြားလုံးထုပ်ကလေးကို ဆတ်ကနဲ့ လှမ်းယူကာ ဖွင့်ဖောက်လိုက်သည်။ ပြီးတော့ သကြားလုံးများကို နှိုက်စားနေတော့သည်။ တစ်လုံး.. နှစ်လုံး.. သုံးလုံး.. သွားပြီ ကုန်ပါပြီ။

“ရော့ ဟေ့ရောင် ဇော်ထက် မင်းလည်းစား”
ယောက်ျားလေးသူငယ်ချင်း ၃ ယောက်ပါ အတူရှိနေချိန်မှာ ထိုသို့လုပ်သွားပုံက မခံချင်စရာ။ မောင်က တကယ်ကို အတင့်ရဲလွန်းသည်။ ပန်းပွင့်တို့ကျောင်းနှင့် မောင်တို့ကျောင်းက အစကတည်းက ကျောင်းသားချင်းတွေ မတည့်ကြပါ။ ပန်းပွင့်သူငယ်ချင်းများက မကျေမနပ်ဖြင့် သကြားလုံးများကို မောင်ရှေ့မှာ တမင်အားရပါးရ စားပြနေကြသည်။ မောင်ကတော့ ခပ်အေးအေးပြုံးလျက်ပင်။ ထိုသို့ဖြစ်မှာကို ကြိုတွက်ထားပြီးပြီဖြစ်ပါလိမ့်မည်။ ပန်းပွင့်သူ့ကို လှမ်းကြည့်နေတာ မြင်သွားသောမောင်က ဇော်ထက်လက်ထဲမှ သကြားလုံးထုပ်ကို လက်ညှိုးထိုးပြကာ “စားလေ” ဟု နှုတ်ခမ်းလှုပ်ရုံလှမ်းပြောပါသည်။ ပန်းပွင့်က သူငယ်ချင်းများစိတ်ဆိုးမှာ စိုးသဖြင့် မစားရဲပါ။ ခေါင်းခါပြလိုက်မိတော့ မောင်က ရယ်ပါသည်။

ထိုနေ့က အယ်လုံး၊ ဖိုးကျော်၊ ဇော်ထက်၊ ၀ါဝါ၊ နန္ဒာ .. သူငယ်ချင်းအားလုံ သကြားလုံးစားလိုက်ရသော်လည်း ပန်းပွင့်တော့ တစ်လုံးမှမစားလိုက်မိ။ သူငယ်ချင်းတွေက ဘာမှမပြောပါ။ ပန်းပွင့်ကလည်း ဘာမှမပြောပါ။ အယ်လုံးစားပြီး လွှတ်ပစ်လိုက်သော အခွံလေးကိုတော့ မသိမသာ ကောက်ယူလာခဲ့မိသည်။ မောင်ကတော့ ပန်းပွင့်ကို စိတ်ပျက်သွားတော့မှာပဲ။

.........................

မောင် ပန်းပွင့်ကိုချစ်နေလို့သာ ချစ်သူများနေ့မှာ အသည်းပုံသကြားလုံး လက်ဆောင်ပေးတာဟု ယုံကြည်နေမိပြီး သိပ်မကြာခင်မှာ မောင်ဖွင့်ပြောလာလိမ့်မည်ဟု ပန်းပွင့် ကြိုတင်ရင်ခုန်နေပါသည်။ သို့သော် သေချာခိုင်မာစွာ ယုံကြည်နေသော ကိစ္စများသည် ဖြစ်မလာတတ်ကြဘူးလား။ ကြီးမားစာမျှော်လင့်ပြီးမှ ဖြစ်မလာသော စိတ်ကူးအိပ်မက်များသည် ပန်းပွင့်ကိုနာကျင်စေပါသည်။

အဲဒိနေ့က ပန်းပွင့် သူငယ်ချင်းများနှင့်အတူ မြို့ထဲပန်းချီပြခန်းတစ်ခုမှာ ပန်းချီကားတွေကြည့်နေတာဖြစ်သည်။ လမ်းပေါ်ကို ဖျတ်ကနဲတစ်ချက်အကြည့်မှာ မောင့်ကို မြင်လိုက်ရသည်။ ရှုပ်ရှုပ်ထွေးထွေးလူအုပ်ကြားမှာ ရိပ်ကနဲမြင်လိုက်ရတာဖြစ်ပေမယ့် မောင်ဟု ပန်းပွင့်စိတ်ထဲက အလိုလိုသိလိုက်ပါသည်။ သေချာမြင်ချင်သဖြင့် ခြေဖျားထောက်ပြီး ရင်တခုန်ခုန်နဲ့ ကြည့်လိုက်မိတော့ .. ..။
မောင်... ။ ဘေးနားမှာ အစ်မကြီးတစ်ယောက်နှင့်။ မောင်နှင့် သက်တူရွယ်တူဖြစ်ပုံရပြီး မောင့်လက်မောင်းကိုတွဲကာ နားနားကပ်ပြီး စကားပြောနေပုံက ပန်းပွင့် ရင်ခုန်နေခြင်းကို ရပ်တန့်သွားစေပါသည်။ အရပ်ရှည်ရှည် ကိုယ်လုံးသွယ်သွယ်နှင့် ချစ်စဖွယ်ပြုံးရယ်နေသော ထိုအစ်မက မောင်နှင့်လိုက်ဖက်စွာ လှပလွန်းပါသည်။

မောင်က ပန်းပွင့်ကိုမမြင်ပါ။ ပန်းပွင့်ကလည်း မမြင်စေချင်ပါ။ မြန်ဆန်လှသော ပြောင်းလဲမှုကို လက်ခံနိုင်ဖို့ ပန်းပွင့်အချိန်ယူရလိမ့်ဦးမည်။ နားလည်း မလည်နိုင်ပါ။ မောင်သည် ဘယ်လိုလူစားမျိုး ဖြစ်ပါသလဲ။ ချစ်သူရှိလျက်နဲ့ တခြားမိန်းကလေးတစ်ယောက်ကို ဆော့ကစားချင်သော စိတ်ရှိသူ မောင့်ကို ပန်းပွင့်ဘယ်လို နားလည်ရမှာလဲ။ မောင့်ကြောင့် စိတ်လှုပ်ရှားရင်ခုန်ရခြင်းကို အချစ်ဟုထင်မှတ်ထားသော ပန်းပွင့်သည် အချစ်ကိုနားမလည်သေးခင်မှာပင် အချစ်ကို မုန်းတီးသွားခဲ့ပါသည်။ အချစ်ကို မယုံတော့ပါ။ မောင့်ကိုလည်း မုန်းသည်။ မြန်ဆန်သော အပြောင်းအလဲကိုလည်းမုန်းသည်။ တုံးလှ အလှသော ပန်းပွင့်ကိုလည်း ပန်းပွင့်မုန်းပါသည်။

အိမ်ရောက်လျှင် သကြားလုံးအခွံလေးကို လွှင့်ပစ်ရမည်။ ဒီသကြားလုံးအခွံမျိုး ဟိုအစ်မဆီမှာလည်း ရှိမှာပဲ။ အခြားတစ်ယောက်ဆီမှာလည်း ရှိချင်ရှိနေမည်။ ဘာကိုမှ သေချာပြောလို့မရဘူးမဟုတ်လား။
နာမည်အပြည့်အစုံပင်မသိသေးသော ထိုလူကိုလည်း ပန်းပွင့်ရင်ထဲမှ လွှင့်ပစ်ရဦးမည်။

နာကျင်သော်လည်း ကြိုးစား၍ပေါ့ .. .. ..။

13 comments:

  1. အမယ် ဒါမျိုးလဲ ရေးတတ်သား

    ReplyDelete
  2. လွမ်းမိတယ် (ဘာကိုလဲမသိဘူး)။ ရသပဲဗျာ :D

    ReplyDelete
  3. သေချာဖတ်သွားတယ်နော်....
    ဖြစ်တတ်တာလေးတွေပေါ့ ..
    စာရေးကောင်းပါတယ်။
    ဆက်ရေးပါလား...

    ReplyDelete
  4. ကောင်းတယ်။ ဆက်ရေးပါ။ အားပေးမယ်။ ကိုယ်တွေ့တော့ ဟုတ်ဖူးမဟုတ်လား..ဟဲဟဲ စတာနော် :P

    ReplyDelete
  5. ကိုယ်တွေ့လိုလို .. ဘာလိုလို..ညာလိုလို.. ပြောရရင်တော့ ဘာဂလိုတိုတိုပေါ့ အစ်မရာ.. ဟီး

    ReplyDelete
  6. ဖတ်သွားပါတယ်။
    အနုပညာသမား တစ်ယောက် အနေနဲ့ ဈာန်ရဖို့ ခက်ခဲတဲ့ အလုပ်မှ မဟုတ်တာ။ ဒိထက်ကောင်း အောင်လည်း ရေးနိုင်ပါတယ်။ ဒါက ပထမဆုံးမို့ စိမ်းဆတ်ဆတ် ဖြစ်ပေမယ့် ရေးအားနာလာ ရင်တော့ ဖတ်ပျော်တဲ့ စာစုလေးတွေ ဖြစ်လာမှာပါ။

    http://winzaw-mdy.blogspot.com

    ReplyDelete
  7. လာဖတ်သွားပါတယ် မနန်းညီ။
    ကိုယ်တွေ့ဇာတ်လမ်းလေးလို့တော့ ထင်မိသား။ ၀တ္ထုလို ဇာတ်လမ်းဖွဲ့တာ ပထမဆုံးပေမဲ့ ဖတ်လို့ အဆင်ပြေပါတယ်။ ရေးရင်းနဲ့ လက်တက်လာမှာပါ။ ဆက်ရေးနော် .. ။ ဒီဘလော့လေးကို လင့်ခ်ခွင့်လည်း ပြုပါ။

    ReplyDelete
  8. ဖတ်သွားတယ် နန်းညီရေ..။ ဇာတ်လမ်းလေးက ပြီးသွားပြီလား။ နောက်ထပ်ဆက်ရေးဦးနော်..။

    ReplyDelete
  9. ဖတ်သွားတယ်.. သိသားပဲ. တစ်ကယ်ကြီး ဆိုတာ.. ဟီး.. ဆက်ရေးဦး.. ဖတ်ဖို့ စောင့်နေမယ်

    ReplyDelete
  10. ကိုကို့ညီမက ဖြတ်ညှပ်ကပ် လုပ်လိုက်တယ်ပေါ့။
    တော်ပါ့ ဒီလောက်တော်နေတာ
    ဘယ်သူ့ညီမလေးပါလိမ့်နော်
    ကိုကိုတောင်မရေးတတ်သေးဘူး။
    ကိုကို့ ညီဆီက သင်စရာတွေများလိုက်တာ
    အေးလေ ဒါကြောင့်လဲ ပိန်းနေတာပေါ့။

    ReplyDelete
  11. တော်တော်ကို ရသမြောက်တဲ့ ပိုစ့်လေးပါ. ချီးကျူးပါတယ် မနန်းညီရေ တခုလောက်ပြောချင်လို့ဗျ အဲဒီအကိုကြီး လက်မောင်းကို တွဲသွားတဲ့ အမကြီးက သူကောင်မလေးဆိုတာ သေချာသွားလား၊ သူရဲ့ မောင်နှမ ဆွေမျိုးတွေများ ဖြစ်နေမလား အဲလိုဖြစ်နေရင်တော့ ပန်းပွင့် အတွက်ကော ၊ အဲဒီ အကိုအတွက်ကော မကောင်းဘူးပေါ့နော့်

    ReplyDelete
  12. စာရေးကောင်းတယ်

    မောင်တော့တော်တော်ကြွေသွားမယ် ထင်တယ် ဟီး

    စာရေးကောင်းတဲ့ကောင်မလေးတွေက ရုပ်ဆိုးတယ်တဲ့

    ဟီး ..မနန်းညီရော

    ဖတ်ရင်းဝင်စသွားတယ်

    အားပေးနေပါတယ်နော်

    ခင်မင်လျက်ပါ

    ReplyDelete
  13. ဒီဝတ္ထုလေး မဆိုးဘူး ဖတ်ပြီး ရင်ထဲမှာ တစ်ခုခု ကျန်အောင်ရေးနိုင်စွမ်းရှိတယ်။ စာရေးကောင်ပါလေရဲ့ ... လက်စွမ်းလက်စရှိတယ်၊ ဆက်ပြီးရေးပါဦး အားပေးနေမယ် ညီမရေ ...

    ReplyDelete

your comment please

Powered by Blogger.