ပီကာဆိုရဲ့ Guernica

ကမ္ဘာကျော် စပိန်လူမျိုး ကျူဘစ်ဇင် ပန်းချီဆရာ ပက်ဘလို ပီကာဆိုရဲ့ နာမည်ကျော်ပန်းချီကားကြီးပါ..



၁၉၃၇ ခုနှစ် ဧပြီလ ၂ ရက်နေ့မှာ စပိန်နိုင်ငံမှာရှိတဲ့ ဂွာရာနီကာမြို့ကလေးကို နာဇီတွေက ဗုံးကြဲတိုက်ခိုက်ခဲ့တယ်.. အစိုးရက ပြည်သူတွေကို ပထမဆုံးဗုံးကြဲတိုက်ခိုက်မှုအဖြစ် သမိုင်းတွင်သွားခဲ့တာပဲ.. ဗုံးကြဲခံရချိန်မှာ အဲ့ဒိမြို့ကလေးရဲ့ ဈေးနေ့ဖြစ်တယ်.. လူစည်ကားနေချိန်မို့ လူထောင်နဲ့ချီပြီး သေခဲ့ကြရတယ်.. ပီကာဆိုက အဲ့ဒိသတင်းတွေကိုကြားပြီး စိတ်ဆင်းရဲခဲ့တယ်.. အဲဒါနဲ့ပဲ ပါရီမြို့မှာ ကျင်းပမယ့် နိုင်ငံတကာကုန်စည်ပြပွဲမှာ စပိန်နိုင်ငံပြခန်းမှာ ချိတ်ဖို့ အဲဒိပန်းချီကားကြီးကိုရေးခဲ့တာပဲ.. ပုံကြမ်းတွေ အများကြီးရေးခဲ့ပြီးမှ မေလ ၂ ရက်နေ့မှာ ၂၆ ပေx ၁၁ ပေ အရွယ်ပန်းချီကားကြီးကို စရေးတာပဲ.. သူ့ပထမ စတူဒီယိုနဲ့ ပန်းချီကားကြီးနဲ့ မဆန့်လို့ အခန်းအသစ်တောင် ငှားခဲ့ရတယ်လို့ သိရတယ်.. ၁၁ ပေအမြင့်ကို လှေခါးထောင်ပြီး ဆွဲခဲ့ရတယ်..

ပန်းချီကားကိုကြည့်မယ်ဆိုရင် .. ..

အလယ်တည့်တည့်ကမြင်းက စပိန်ပြည်သူတွေကို ကိုယ်စားပြုတယ်..မြင်းရဲ့ခေါင်းပေါ်တည့်တည့်မှာ မီးသီးပုံမျက်ဆံပါတဲ့ မျက်လုံးတစ်လုံးကို ဆွဲထားတယ်.. အဲဒါက ဘုရားသခင်ရဲ့မျက်လုံးလို့လည်း ဆိုကြတယ်.. အရာအားလုံးကို စောင့်ကြည့်နေတယ် မြင်နေရတယ်လို့ သူဆိုလိုချင်ပုံပဲ.. တြိဂံပုံသဏ္ဍာန်လျှာသေးသေးလေးက ကြည့်တဲ့သူတိုင်းကို အော်သံစူးစူးရှရှ ကြားယောင်လာစေသလိုပဲ.. မြင်းဗိုက်အောက်က ရဲမက်ကတော့ လက်တစ်ဖက်ကဓားကျိုးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားတယ်.. နွားသိုးကြီးတစ်ကောင်လည်းပါသေးတယ်.. သားသေကိုပိုက်ပြီး ငိုနေတဲ့မိန်းမတစ်ယောက်.. မီးလောင်နေတဲ့ အိမ်ပေါ်က ပြုတ်ကျနေတဲ့ မိန်းမတစ်ယောက်.. ကြောက်အားလန့်အားပြေးလွှားနေတဲ့ မိန်းမတစ်ယောက်.. တကယ့် အနိဌာရုံတွေပါပဲ.. ပန်းချီကားတစ်ခုလုံးကို ဆေးရောင်မပါပဲ အဖြူရောင်.. အနက်ရောင်မှိုင်းမှိုင်းတွေပဲ သုံးထားတယ်.. အဲဒါကြောင့်လည်း ၀မ်းနည်းပူဆွေးမှုကို ပိုပြီးပေါ်လွင်လာစေပါတယ်.. ပန်းချီကားထဲမှာပါတဲ့ လူတွေ.. မြင်းရုပ်.. နွားရုပ်တွေ အားလုံးက ဝေဒနာနမိတ်ပုံတွေ ဖြစ်နေကြတယ်.. အားလုံးပဲ ငြိမ်းချမ်းမှုကို မျှော်လင့်နေကြတယ်.. ပန်းချီကားထဲက မိန်းမကိုင်ထားတဲ့ ဖန်မီးအိမ်က အမှောင်ခွင်းပြီး အလင်းဆောင်လိုတဲ့သဘောကို ပြနေတယ်.. တစ်ချို့ ပန်းချီသုတေသီတွေကတော့ ပန်းချီကားထဲက နွားသိုးရုပ်က ဖက်ဆစ်စနစ်ကိုရည်ညွှန်းတာလို့ ဆိုကြတယ်.. ပီကာဆိုကတော့ အဲဒါမဟုတ်ဘူးလို့ ငြင်းခဲ့တာပဲ.. တိရိစ္ဆာန်လိုရိုင်းတာ ကံဆိုးမိုးမှောင်ကျတာကို ရည်ညွှန်းတာသက်သက်ပဲလို့ သူကရှင်းပြခဲ့ဖူးတယ်..

ပန်းချီကားကို composition ချပုံကလည်း အောက်ခြေနဲ့ ဘေးဘက်တွေကို အရုပ်တွေအပြည့်အသိပ်ဆွဲထားပြီး ကျဉ်းကြပ်တဲ့.. အသက်ရှုပေါက်မရှိတဲ့ သဘောကို ပြထားတယ်.. ပန်းချီကားအပေါ်ပိုင်းကတော့ ဖွင့်ထားတယ်.. နေရာတွေချန်ထားတယ်.. နွားသိုးရဲ့ ချိုနဲ့အမြီး.. အိမ်ပေါ်ကကျနေတဲ့ မိန်းမရဲ့ မြောက်ထားတဲ့လက်.. အပေါ်မော့နေတဲ့ မြင်းခေါင်း.. မီးအိမ်ကိုင်ထားတဲ့မိန်းမရဲ့လက် .. အဲဒါတွေအားလုံးက ပန်းချီကားရဲ့အပေါ်ကိုညွန်ပြနေတယ်.. ကျဉ်းကြပ်တဲ့ ခက်ခဲကြမ်းတမ်းတဲ့ ဘ၀ကနေ လွတ်မြောက်ဖို့ အားလုံးက မျှော်လင့်နေကြတယ်ဆိုတာကို ပေါ်လွင်အောင် သရုပ်ဖော်သွားတာပါပဲ..

ပန်းချီကားကြီးကို သဘောကျ ထောက်ခံအားပေးကြသလိုပဲ.. မလိုတမာပုတ်ခတ်ကြတဲ့သူတွေလည်း အများကြီးရှိခဲ့တယ်.. ပီကာဆိုဟာ ပန်းချီရေးဟန်မှာ ထူးခြားဆန်းသစ်သလိုပဲ နိုင်ငံရေးတာဝန်လည်း ကျေပွန်ပါတယ်လို့ ဆိုကြသလိုပဲ.. အလကား စာချောက်ရုပ်သက်သက်ပဲလို့လည်း ဝေဖန်ကြတယ်.. ဘယ်လိုပဲဖြစ်ဖြစ် ဒီပန်းချီကားကြီးကကျူဘစ်ဇင်နည်းစနစ် ပန်းချီကားတွေထဲမှာ အသိအမှတ်ပြု ထည့်လေ့လာသင့်သလို စပိန်ပြည်သူတွေအားလုံးအတွက်လည်း တစ်သက်လုံး အမှတ်တရဖြစ်နိုင်စေခဲ့တဲ့ ကမ္ဘာကျော်ပန်းချီကားကြီးတစ်ချပ်ပါပဲ..

6 comments:

  1. ဂွာရာနီကာ-ဆိုတာ စစ်ဆန့်ကျင်ရေး ငြိမ်းချမ်းရေး လှုပ်ရှားမှုမှာ အရေးပါတဲ့ ပန်းချီကားကြီးတချပ်ပေါ့

    ပီကာဆိုနဲ့ ဂွာရာနီကာဟာ တယောက်တည်းပါပဲ

    ReplyDelete
  2. ဂွာရာနီကာ ကြားဖူးတာတော့ကြာပြီ... အခုမှ သေသေချာချာ သိတော့တယ်

    ReplyDelete
  3. ကြည့်ရင်း၊ ဖတ်ရင်းနဲ့ကို မုဒ်ဝင်လာတာ။ ဆွဲတဲ့သူကော ရေးတဲ့သူကော တော်ပါပေတယ်ဗျာ။

    ReplyDelete
  4. တော်လိုက်တဲ့ ညီရေ ဆက်လုပ်ကွာ။ အရေးအသားရော ပန်းချီကားရောကောင်းတယ်ကွာ။ ညီက တော်တယ်ကွာ

    ReplyDelete
  5. ညီရေ ZAWဇော်ဆိုတာ အကို့ အစ်ကိုပါ သူ.account ၀င်နေတာ မသိလိုက်ဖူး။ ဒါကြောင့်ပါ။

    ReplyDelete
  6. ပန်းချီကားထဲမှာ အပျက်အဆီးတွေကြားထဲက ကောင်းကင်ဘက်ကိုမော်ပြီးပွင့်နေတဲ့
    ပန်းပင်လေးပါသေးတယ်..အဲဒီပန်းလေးက ဘယ်လောက်ဆိုးနေနေ မျော်လင့်ချက်
    ထားတတ်သော လူတို့ရဲ့ကောင်းမြတ်သောဂုဏ်ကို ကိုယ်စားပြုတာ..
    ဒီလောက်လှတဲ့ အချက်ကိုမေ့ထားခဲ့တယ်...အမှတ်လျော့ပြီ...

    ReplyDelete

your comment please

Powered by Blogger.