ကျောင်းတော်ပုံပြင် ၂

ကျောင်းစတက်တဲ့နေ့မှာပဲ နန်းညီအချစ်ဆုံး မိန်းကလေးသူငယ်ချင်းတစ်ယောက်ကို ရခဲ့တယ်.. ရခဲ့ပုံလေးက ဒီလို.. ကျောင်းပထမဆုံးနေ့မှာ တစ်ယောက်ထဲရောက်လာပြီး သင်တန်းရေးရာကိုရောက်ခဲ့တယ်.. တန်းတန်းမတ်မတ်နဲ့ သင်တန်းရေးရာကို ရောက်လာရတာက ဖေဖေက ရောက်ရောက်ချင်း အဲ့ကိုသွားရတယ်မှာထားလို့.. အရင် ဆရာဇ၀နရဲ့ ကောလိပ်ကျောင်းသားဝတ္တုထဲလို ဘယ်အခန်း ဘယ်ဌာန ဘယ်မှာမှန်းမသိလို့ ယောင်လည်လည်ဖြစ်တာတွေ.. ကျောင်းသားကြီးတွေ ချောက်တွန်းတာခံရတာတွေ ဘာမှမခံလိုက်ရပါ.. (သက်သာလိုက်ပုံများနော်).. သင်တန်းရေးရာကိုရောက်တော့ စာအုပ်ဖိုးတွေဘာတွေငွေသွင်းပြီး.. ဘာညာလုပ်ပြီးတော့ အဲဒီစာရေးမ အစ်မကြီးကပြောတယ်..
“ညီမကပန်းချီပထမနှစ်ကဆိုရင် နန္ဒာဆိုတဲ့တစ်ယောက်ကို ပြောပေးပါ.. သူ့ဆီကစာအုပ်ဖိုး တွက်တာ မှားသွားလို့ ပိုငွေပြန်လာယူပါလို့.. နော်”
“ဟုတ်ကဲ့” ပေါ့.. ပြောပြီး မေဂျာဆောင်ကို ကူးလာခဲ့တယ်..
နန်းညီတို့ကျောင်းက ရှည်လမျောကြီး.. ကျောင်းပေါက်က၀င်လာရင် လမ်းရှည်ကြီးကို လျှောက်ဝင်လာ.. ညာဘက်မှာပထမဆုံးတွေ့တာက စာပေဆောင်.. ကျောင်းသားတွေကတော့ မိုင်နာဆောင်လို့ခေါ်တာပဲ.. မြန်မာတွေ အင်္ဂလိပ်တွေ သမိုင်းတွေ သိပ္ပံတွေ သင်ရတာ.. နောက် လမ်းကွေ့ကွေ့ကို ဆက်လျှောက်မှ အထဲမှာ မေဂျာဆောင်ခေါ်တဲ့ အနုပညာဆောင်.. အဲမှာမှ အဓိက ဘာသာတွေဖြစ်တဲ့ ပန်းချီ ပန်းပု ဂီတ သဘင် ၄ ဌာနရှိတာ.. တော်ရုံဆို အဲ့အနောက်မှာ အဲ့အဆောင်ရှိမှန်းမသိကြဘူး..
မိန်းကလေးဆောင်ဘက်ကွေ့တဲ့လမ်းက တစ်ဖက်.. ပြတိုက်ဘက်လမ်းက တစ်ကွေ့.. ကုမုဒြာခေါ်တဲ့ ဇာတ်ရုံလေးကို သွားတာက တစ်လမ်း.. ကျောင်းဝင်းအ၀င်ပေါက်ကြီးက ဘေးတိုက်ကြီးပေါ့..
မေဂျာရောက်တော့ ပထမနှစ်အခန်းကိုသွားပြီး နန္ဒာဆိုတဲ့တစ်ယောက်ကို ရှာတာပေါ့.. ဘယ်သူ့ မေးရမလဲစဉ်းစားနေတုန်း ကျူတာဆရာတစ်ယောက်ဝင်လာပြီး ဘုတ်ပြားဖိုးလာကောက်ပါတယ်.. ပန်းချီသမားဆိုတော့ စာရွက်ကြီးကြီးတွေကို ဘုတ်ပြားနဲ့ခံ ဒေါက်မှာထောင်ဆွဲရတာလေ.. ဘုတ်ပြားဖိုးသွင်းတော့ နန်းညီရှေ့ကတစ်ယောက်က ပိုက်ဆံပေး.. သူ့နာမည်နဲ့ လက်မှတ်ကို စာအုပ်မှာထိုးနေတာ .. “နန္ဒာ”တဲ့.. အဲဒါနဲ့ နန်းညီက “ခုနက စာအုပ်ဖိုးတွေသွားသွင်းတယ် မဟုတ်လား”.. “အင်း ..ဟုတ်တယ်” .. “အဲဒါ ပိုက်ဆံပိုသွားလို့တဲ့.. ပိုတဲ့ပိုက်ဆံပြန်လာယူပါတဲ့”..
သူနဲ့စတွေ့တွေ့ချင်း ပြောကြတဲ့စကားတွေပေါ့.. အဲဒိနေ့ကစပြီး တွဲမိသွားတာ.. စိတ်နေစိတ်ထားချင်းလည်းတူတော့ ပိုပြီးချစ်ကြတယ်.. ပြီးတော့ သူက နန်းညီထက်နည်းနည်းကြီးတော့ ညီအစ်မတွေလိုဖြစ်သွားပြီး ခုချိန်ထိ ချစ်လို့မ၀သေးပါ..း)

နန်းညီတို့ကျောင်းက မေဂျာ ၄ ခုရှိတယ်ဆိုတာ ပြောပြခဲ့ပြီးပြီနော်.. မေဂျာတစ်ခုချင်းစီကိုမှ အထူးပြုဘာသာရပ်တွေထပ်ခွဲသေးတယ်.. ပန်းချီမှာဆို ရသပန်းချီ (Fine Art) နဲ့ ဒီဇိုင်းပန်းချီ (Communication Art) ဆိုပြီး ၂ ခုခွဲတယ်.. ပန်းပုမှာဆို ထွင်းထု (Carving)နဲ့ ဖို့ဖြည့် (Modeling)ဆိုပြီးခွဲတယ်.. ဂီတမှာဆို စောင်းအထူးပြု တယောအထူးပြု စန္ဒရား စသည်ဖြင့်ပေါ့ အဲလိုခွဲတယ်..
ပန်းချီမှာ အခြေခံပုံဆွဲ (Drawing).. ခန္ဓာဗေဒ (Anatomy).. ရိုးရာပန်းချီ (Traditional).. ရသပန်းချီ/ဒီဇိုင်းပန်းချီ.. နောက် ပန်းချီသမိုင်း (Art History)ဆိုပြီး ဘာသာ ၅ ခုသင်ရတယ်.. ဒါက မေဂျာဘာသာတွေပေါ့.. မိုင်နာဘာသာတွေက အမျိုးသားယဉ်ကျေးမှု.. မြန်မာစာ.. အင်္ဂလိပ်စာ.. သမိုင်း.. ရသဘာသာ.. အနုပညာသိပံ္ပ ဆိုပြီးသပ်သပ်.. နန်းညီအားအနည်းဆုံး ဘာသာဆိုရင်တော့ ပန်းချီသမိုင်းပဲ.. ကမ္ဘာ့ပန်းချီသမိုင်းရော မြန်မာ့ပန်းချီသမိုင်းရော စာတွေက အများကြီးကျက်ရတာလေ.. ပြီးတော့ အင်္ဂလိပ်လိုတွေ.. ပန်းချီသမိုင်းဆိုတော့ ကိုယ်စိတ်ဝင်စားတဲ့အကြောင်းပဲလေ.. ဒီအတိုင်းဆို ဘယ်လိုဖြစ်ဖြစ် သတိရနေတတ်ပေမယ့် စာအနေနဲ့မှတ်မှတ်သားသားကျက်ရတော့ မကျက်ချင်တာနဲ့ပဲ အမြဲအမှတ်နည်းတယ်.. ဟီဟိ ..
မိုင်နာဘာသာတွေမှာတော့ ပေါ့ပေါ့ပါးပါး ကျော်ဖြတ်နိုင်တာ အင်္ဂလိပ်စာပဲ.. ကျန်တာတွေကတော့ တွန်းတွန်းထိုးထိုးနဲ့ပဲ အောင်လာတာ.. တစ်ခါမှတော့ စာမေးပွဲမကျပါဘူး.. တော်ပါသေးတယ်..း) ..

နန်းညီတို့ကျောင်းက ပွဲတော်ကျောင်းကြီးလို့ ပြောလို့ရတယ်.. ကျောင်းတက်လတွေမှာ တစ်လမှပွဲမလွတ်ဘူးလေ.. သိချင်လား.. ပြောပြမယ်.. ပွဲတော်တွေအကြောင်း.. ဒါပေမယ့် ကျောင်းတော်ပုံပြင် ၃ ကျမှပြောမှာ.. မျှော် ..

1 comment:

  1. အမစိတ်ထဲ fine art နဲ့ commercial art လားလို့ ..

    ReplyDelete

your comment please

Powered by Blogger.