ကျောင်းတော်ပုံပြင် ၁

ယဉ်ကျေးမှုတက္ကသိုလ်ကို စရောက်တဲ့နေ့က ၂၀၀၄ နိုဝင်ဘာ ၂ ရက်နေ့.. ပန်းချီကျောင်းသူတစ်ယောက်အဖြစ် စရောက်တဲ့နေ့ကို ပြောတာပါ.. အဲ့ဒိမတိုင်ခင်ကတည်းကတော့ ကျောင်းကို ရောက်ရောက်ဖူးနေသားပဲ.. ၁၀ တန်းအောင် အမှတ်စာရင်းတွေ ထွက်တော့ ကျောင်းလျှောက်လွှာတွေတင်ရတယ်လေ.. ယဉ်ကျေးမှုတက္ကသိုလ်မှာ ပန်းချီမေဂျာကိုလျှောက်ပြီး အောက်တိုဘာ ၁၅ ရက်နေ့မှာ အရည်အချင်းစစ် စာမေးပွဲလာဖြေရသေးတယ်.. ကျောင်းလျှောက်တော့ အမှတ်ကို အဓိကထားမကြည့်ဘူး.. အရည်အချင်းစစ်စာမေးပွဲဖြေပြီး ဗီဇရှိ.. ၀ါသနာပါတဲ့လူတွေကိုပဲ ရွေးချယ်လက်ခံတယ်ဆိုပါတော့.. လူတွေ့လည်းဖြေရတယ်.. အဲဒိနေ့က ကျောင်းကို ဖေဖေ့ကားနဲ့ လိုက်လာခဲ့တာ.. (နန်းညီဖေဖေက ပန်းချီမေဂျာဌာနမှူးလေ).. ကျောင်းရောက်တော့ အထက်တန်းကျောင်းတုန်းက သူငယ်ချင်း တစ်ယောက်နဲ့ပြန်တွေ့တယ်.. ကျောင်းတုန်းကတော့ သိပ်မခင်ပေမယ့် အခုကတော့ သိဟောင်းကျွမ်းဟောင်းပြန်တွေ့တာဆိုတော့ ၀မ်းသာလိုက်တာ ပြောမနေပါနဲ့တော့.. အဲဒါနဲ့ မနက် ၉ နာရီမှာ စာတွေ့ဖြေရတယ်.. ဒီကျောင်းကို စတည်တဲ့နှစ်တို့ ကျောင်းရဲ့ပါမောက္ခချုပ်နာမည်တို့.. သိတဲ့ မြန်မာပန်းချီဆရာတွေ.. နိုင်ငံခြားပန်းချီဆရာတွေနာမည်တို့.. သေတ္တာပုံတို့.. နောက်... ဘဲဥ.. ကြက်ဥ.. ငုံးဥ.. အိမ်မြှောင်ဥ ဆိုပြီးဆွဲခိုင်းသေးတယ်..
အဲဒိဥတွေက တူသလိုနဲ့ မတူဘူးလေ.. နော်.. ဘဲဥက ရှည်ရှည်နှစ်ဖက်ညီ.. ကြက်ဥက ထိပ်ချွန်ဖင်ပြား.. ငုံးဥက လုံးဝအလုံးလေး.. အိမ်မြှောင်ဥကျတော့ လုံးပေမယ့် သေးတယ်.. အဲဒါမျိုးပေါ့.. နောက် ၁ နာရီခြားပြီးတော့ လူတွေ့ဖြေရတယ်.. အခန်းထဲမှာ ဆရာတွေတန်းစီထိုင်နေပြီးတော့ လျှောက်တဲ့ကျောင်းသားတွေက တစ်ယောက်စီဝင်ရတာပေါ့.. အခန်းပြင်မှာထိုင်စောင့်နေတုန်း ရယ်စရာတစ်ခုဖြစ်သေးတယ်.. အခန်းပြင်မှာစောင့်တော့ ကျောင်းသားကျောင်းသူတွေရော သူတို့ မိဘတွေရောပေါ့နော်.. အဲ့မှာ နန်းညီဘေးမှာထိုင်နေတဲ့ အန်တီ နှစ်ယောက်ကပြောနေတယ်..
“ပန်းချီဌာနမှူးသမီးလည်း ပါတယ်ပြောတယ်”
“ဟုတ်လား.. ဘယ်တစ်ယောက်လဲ”
“ဟိုမှာလေ.. ဟိုအညိုနဲ့တစ်ယောက်ပေါ့.. မြန်မာဝတ်စုံလေးနဲ့.. ကြည့်ပါလား.. ဆရာနဲ့တစ်ရုပ်ထဲပဲ”
“အေးနော်.. ဌာနမှူးသမီးဆိုတော့ စံပြဖြစ်အောင်ထင်တယ်.. ၀တ်စားထားတာကိုက ရိုးရိုးယဉ်ယဉ်လေး”
နန်းညီနဲ့ သူငယ်ချင်းလည်း သူတို့ပြောတဲ့ ရိုးရိုးယဉ်ယဉ်လေးတစ်ယောက်ကို လိုက်ကြည့်မိတာပေါ့.. ဘေးကအန်တီကြီးက နန်းညီတို့စိတ်ဝင်တစား လိုက်ကြည့်နေတာမြင်တော့ ပိုမြင်သာအောင် သူ့ကိုယ်ကို ဘေးကိုတိမ်းပေးသေးတယ်..
“တွေ့လား သမီး.. အဲဒါဌာနမှူးသမီးလေ.. ခင်အောင်လုပ်ထားနော်” တဲ့.. အင်... နန်းညီသူငယ်ချင်းက အဖြစ်မှန်ကိုသိတဲ့သူဆိုတော့ အသံထွက်ပြီးတောင် ရယ်ပါတယ်..
နန်းညီလည်း ဘာပြောရမလဲမသိတော့ဘူး.. ရယ်ချင်နေတာပဲသိတယ်.. အန်တီ ၂ ယောက်ကို “ဟုတ်ကဲ့”ဆိုပြီး ပြုံးတော့ပြလိုက်မိသေးတယ်ထင်တာပဲ.. သူတို့ကသာ တစ်ရုပ်ထဲပြောနေတာ အဲ့ကောင်မလေးကဖြင့် ဖေဖေနဲ့မတူပေါင်.. တခြားစီပဲ.. ပြီးတော့ တကယ့် ဌာနမှူးသမီးနန်းညီကဖြင့် ၀တ်ထားတာက တီရှပ်နဲ့စကပ်နဲ့ .. အဟိ..
အဲဒိအန်တီကြီးတွေ ဘာကဘာမှားနေလဲတော့ မသိပါဘူး.. ခုထိလည်း သိဦးမယ့်ပုံမပေါ်ဘူး.. အဲဒိအဖြစ်ကို တွေးမိတိုင်း နန်းညီကတော့ရယ်မိတာပဲ.. (ဟဲဟဲ ဟိ)

ကျောင်းဝင်ခွင့်အောင်စာရင်းတွေကိုတော့ အောက်တိုဘာ ၂၀ မှာကပ်တယ်.. ကျောင်းကိုလာကြည့်ကြရတာပေါ့လေ.. နန်းညီကတော့ သွားမကြည့်ဘူး.. ဖေဖေကပြောတာကိုး “သမီးပါတယ်” တဲ့.. :)

ကျောင်းစတက်တဲ့နေ့မှာပဲ နန်းညီအချစ်ဆုံး မိန်းကလေးသူငယ်ချင်းတစ်ယောက်ကို ရခဲ့တယ်.. ရခဲ့ပုံလေးကို သိချင်ရင်တော့.. ကျောင်းတော်ပုံပြင် ၂ ကိုစောင့်ပါ. ခုတော့အိပ်ချင်နေပြီ ဆက်မရေးနိုင်တော့ဘူး..း)

1 comment:

  1. ငါလဲ...ဆက်ရေးဦးမယ်...ဟီဟီ

    ReplyDelete

your comment please

Powered by Blogger.