ခန္ဓာကိုယ်ပေါ်က အနုပညာ

ခုနောက်ပိုင်း အပြင်ထွက်ရင် ကောင်လေးတွေ အစ်ကိုကြီးတွေ ဦးလေးကြီးတွေ.. ယောက်ျားလေး တော်တော်များများရဲ့ ကိုယ်ပေါ်မှာ tattoo အရုပ်တွေကို အတွေ့များလာတယ်.. tattoo ဆိုတာ တဟီတီကျွန်းစကား tatau ကနေ ဆင်းသက်လာတယ်လို့ ၀ီကီပီးဒီးယား ထဲမှာ ဖတ်လိုက်ရပါတယ်.. tattoo ကိုဆေးမင်ကြောင်လို့ မြန်မာမှုပြုကြတယ်မဟုတ်လား.. နန်းညီကတော့ body art လို့ခေါ်တာကို ပိုပြီးသဘောကျတယ်..ကိုယ်ခန္ဓာပေါ်မှာ ပန်းချီဆွဲပြီး အလှဆင်တယ်ပေါ့နော်.. ကင်းဗတ်စ်ပေါ်မှာ ဆေးနဲ့စုတ်တံသုံးပြီးဆွဲတယ်.. အသားပေါ်မှာဆိုတော့ ဆေးကို အပ်နဲ့ထိုးပြီး ဆွဲရတယ်ပေါ့..

tattoo ထိုးတဲ့ဓလေ့က ဟိုးရှေး ဘီစီ ၁၂၀၀ လောက်ကတည်းက ပေါ်ခဲ့တာလို့ သိရပါတယ်.. တဟီတီကျွန်းကမိန်းမတွေ.. ဂရိ အီဂျစ် နဲ့အာရှတွေမှာ အပျိုဖော်ဝင်တဲ့အခါ မျက်နှာမှာ အထိမ်းအမှတ်အဖြစ် ရေးခြစ်ကြတယ်.. (apoclyapto ဆိုတဲ့ ကားထဲမှာဆို အင်ဒီးယန်းလူမျိုးနွယ်တွေဟာ အဲဒိလို မျက်နှာမှာ ရေးခြစ်အလှဖော်တဲ့ ဓလေ့ရှိတာတွေ့ရတယ်)..
အစပိုင်းမှာတော့ အမှတ်အသားတစ်ခုအနေနဲ့သာ ရေးကြဆွဲကြပေမယ့်.. နောက်ပိုင်းမှာတော့ အလှဆင်တဲ့အနေနဲ့ tattoo ထိုးလာကြပါတယ်.. မျက်နှာမှာ tattoo ထိုးပြီးအလှဆင်တာကို မြန်မာမှာ ဆိုရင် ချင်းလူမျိုးတွေဆီမှာ တွေ့နိုင်ပါသေးတယ်.. နောက်တော့ tattoo ကို ယောက်ျားကြီးတွေ သတ္တိပြဖို့ထိုးကြတယ်.. နောက် ခေတ်နည်းနည်းပြောင်းလာတော့ tattoo ထိုးတာကို အားမပေးကြတော့ပြန်ဘူး.. ကူးစက်ရောဂါတွေ ခေတ်စားနေချိန်မို့လည်း ပါတယ်နေမှာပေါ့.. ခုတော့ အဲဒါတွေပြန်ပြီးခေတ်စားလာပြန်ပါပြီ.. အခုခေတ်မှာတော့ သတ္တိပြတဲ့အရာ အထိမ်းအမှတ် ဆိုတာတွေထက်
အနုပညာတစ်ခုအနေနဲ့ ပြန်ခေတ်စားလာတယ်ဆိုရမှာပါ.. ခုနကပြောခဲ့သလို body art အနေနဲ့ ပြန်ခေတ်စားလာတာပါ..

ရှေးမြန်မာတွေက ဆေးမင်ကြောင်ထိုးဖို့ဆိုရင် နေ့ကောင်းရက်မြတ်ကိုရွေး.. ဂါထာတွေ အင်းအိုင် လက်ဖွဲ့အစီအရင်တွေလုပ်ပြီး တခမ်းတနားနဲ့ ဆေးမင်ကြောင်ထိုးပွဲလုပ်လေ့ရှိပါတယ်.. စာရေးဆရာ ရန်ကုန်ဘဆွေရေးတဲ့ “မြန်မာပြည်သား” ၀တ္တုကြီးထဲမှာ ဆေးမင်ကြောင်ထိုးတဲ့အကြောင်းတွေ အသေးစိတ်ဖတ်လိုက်ရတယ်..
ဒီခေတ်မှာတော့ အရင်ကလို စုတ်အကြီးကြီးတွေနဲ့ ပေါက်စရာမလိုတော့ ပါဘူး.. အင်းအိုင်လက်ဖွဲ့အစီအရင် ထိုးတာလည်း ရှားသွားပါပြီ.. body art ဆိုတဲ့အတိုင်းပဲ နဂါး.. ငါးကြင်း.. ကနုတ်တွေ.. ပန်းတွေ.. စာတန်း စာလုံးတွေ.. လှရာလှရာ စိတ်ကြိုက်ရွေးပြီးပဲ ထိုးကြတော့ တာပါ.. ထိုးတဲ့စက်ကလည်း မော်တာနဲ့ အပ်သေးသေးလေးတွေနဲ့..
ဆေးပုလင်းရောင်စုံကို တစ်ခါတည်း တပ်ပြီးထိုးလို့ရတဲ့စက်လည်း ရှိပါသေးတယ်..ဆေးအပြည့်ဖြည့်ထိုးရတဲ့နေရာတွေဆို အပ် ၃ ချောင်းတွဲတို့ ၄ ချောင်းတွဲတို့ ဆိုတာတွေနဲ့ ထိုးကြတယ်.. အပ်သေးသေးလေးနဲ့ မော်တာနဲ့ဆွဲတာဆိုတော့ အရင်ခေတ်ကလိုလည်း မနာတော့ပါဘူး.. မြန်မြန်လည်းပြီးပါတယ်.. အနာလည်းကျက်မြန်ပါတယ်..

tattoo အသိုင်းအ၀ိုင်းက နန်းညီနဲ့မဝေးပါဘူး.. နန်းညီ အစ်ကိုက tattoo ထိုးပါတယ်.. နဂိုကတည်းက ပန်းချီသမားလည်းဖြစ်.. ကောက်ကြောင်းလည်း သိပ်သန့်ပြီးသေသပ်တော့ သူ့လက်ရာက အတော်ကောင်းပါတယ်.. သူနဲ့ထိုးချင်သူတွေက
တန်းကိုစီနေရတာပါ..ရန်ကုန်က နာမည်ကြီး tattoo artist တွေထဲမှာ သူလည်းပါတယ်ဆို မမှားပါဘူး.. (လမ်းကြုံတုန်းကြွားထားတာ.. ထိုးချင် နန်းညီကို ဆက်သွယ်နော်..အဟိ).. ဒီတော့ မျက်စိရှေ့မှာ မြင်ရသမျှ tattoo ထိုးချင်သူ လူပေါင်းစုံကို အသေအချာ လေ့လာဖြစ်တာပေါ့..

tattoo ထိုးဖို့ဆို စိတ်အတော်ပြတ်ပြီး ဆုံးဖြတ်ချက်လည်း ခိုင်မာမှရမယ် ထင်ပါတယ်.. ဟုတ်တယ်လေ.. ကိုယ့်ကိုယ်ပေါ်မှာ တစ်သက်လုံးကြီး ရှိနေမယ့် အရုပ်တစ်ခု.. သို့မဟုတ် စာတန်းတစ်ခု. . ကိုယ်တစ်သက်လုံး မငြီးငွေ့သွားမယ့် အရာဖြစ်ရမယ်.. လှရမယ်.. သူများနဲ့မတူချင်တာကလည်း လူတိုင်းဆန္ဒဖြစ်မှာပါ.. ပြီးတော့ ခေတ်မမီတော့တာ ပုံတုံးကြီးဖြစ်သွားတာမျိုးလည်း မဖြစ်ရဘူး.. စာတန်းဆိုရင်လည်း အဓိပ္ပါယ် ရှိရမယ်.. ကိုယ်တစ်သက်လုံးကြိုက်မှာသေချာရမယ်.. ထိုးတော့မယ် သေချာရင်လည်း စိတ်ချရတဲ့ လက်ရာကောင်းတဲ့ ကိုယ်လိုသလို ထိုးပေးနိုင်မှာသေချာတဲ့ tattoo artist ကိုရွေးရတော့မယ်..
အမလေး .. ရွေးချယ် ဆုံးဖြတ်ရမှာတွေ.. ထည့်စဉ်းစားရမှာတွေ အများကြီးပါ.. (နန်းညီဆို ငါသာ ထိုးမယ်ဆို ဘာအရုပ်
ဘာစာတန်းကိုရွေးမလဲလို့ ခဏခဏ စဉ်းစားကြည့်ပါတယ်.. ခုထိကို မဆုံးဖြတ်နိုင်သေးပါဘူး).. တစ်ချို့တွေကတော့ အသေအချာ စဉ်းစားပါတယ်.. ရွေးပါတယ်.. တစ်ချို့ကတော့ ဘာပုံမြင်မြင် “မိုက်တယ်ဗျာ .. ချမယ်” ဆိုတာချည်းပဲ.. တစ်ချို့ကကျတော့ ထိုးနေရင်းမှ စိတ်ကူးပေါက်ရာ လျှောက်လျှောက်ပြောပြီး ထိုးတဲ့သူကို ပြင်ခိုင်းတာမျိုးရှိသေးတယ်.. ဘယ်လိုပဲပြောပြော ထိုးဖို့ရွေးချယ်ဆုံးဖြတ်ရဲတာကိုက သူတို့သတ္တိ.. သူတို့ရူးသွပ်မှုပါပဲ..
tattoo ထိုးတယ်ဆိုတာလည်း အရင်လို ဘုရားပွဲဈေးလေးမှာ ဖြစ်သလိုလေးထိုးတာမျိုးမဟုတ်တော့ပါဘူး.. နိုင်ငံခြားမှာဆို ဆိုင်ခန်းနဲ့ အကြီးအကျယ်ပါပဲ.. ဒီမှာတော့ ဒီလောက်မကျယ်ပြန့်သေးပေမယ့် အဆင့်မြင့်မြင့်ထိုးတဲ့သူတွေ ရှိနေပါပြီ.. လက်မောင်းတစ်ဖက် အပြည့် အရောင်စုံဆို ၅ သောင်းဝန်းကျင်လောက်အထိ ပေးရပါတယ်.. စာတန်းလေးတစ်ခုဆို ၁ သောင်းခွဲ ၂ သောင်း.. ကျောပြည့် အမည်းရောင်သက်သက်ဆို ၁ သိန်းခွဲကျော်ပါတယ်.. လက်ရာအလိုက် ဈေးတော့ကွာသေးတာပေါ့လေ.. နောက် အရောင်.. အမည်းသက်သက်ဆို ဈေးသက်သာပါတယ်.. အနီ.. အပြာ အစိမ်းတွေပါလာရင် အရောင်အလိုက် ဈေးတက်သွားပါတယ်.. အဖြူက ဈေးအကြီးဆုံးပါပဲ..
ဆေးဗူးချည်းသက်သက်ကိုပဲ သိန်းကျော်ပေးရပါတယ်.. နန်းညီ ကြည့်သလောက်တော့ အစ်ကို့ဆီမှာ အဖြူရောင်ထည့်ထိုးတဲ့သူ မရှိသေးပါဘူး.. အပြင်ထွက်တိုင်း သူများလက်မောင်းတွေမှာ အရုပ်တွေကြည့်ရင် ပြူးပြဲပြီး သေချာလိုက်ကြည့်တာက အကျင့်လိုဖြစ်နေပါပြီ.. ကြည့်သလောက်လည်း အဖြူနဲ့အရုပ်မမြင်သေးပါဘူး ..

အရုပ်ထိုးတာကလည်း မသိသာပေမယ့် စွဲပါတယ်.. လက်မောင်းမှာ ငါးလေးတစ်ကောင်ဖြစ်ဖြစ် နဂါးဖြစ်ဖြစ် ထိုးပြီးရင်.. နောက်လက်တစ်ဖက်.. နောက်..ပုခုံး..တဖြည်းဖြည်း ဖြည့်ဖြည့်လာလိုက်တာ.. နောက်ဆုံး ကျောပြည့်ထိုးမယ်ဗျာ ဆိုပြီးဖြစ်လာတတ်ပါတယ်.. အဲလိုဖြစ်တဲ့သူတွေ အတော်များပါတယ်.. ထိုးသူများလာလေ.. လုံခြုံမှုနဲ့ သန့်ရှင်းရေးက
အရေးကြီးလာပါပြီ.. အစ်ကိုကတော့ အပ်တွေကို အများကြီးဝယ်ပြီး မထိုးခင် အရက်ပြန်နဲ့ဆေးပါတယ်.. အင်္ကျီချုပ်တဲ့အပ်ကလေးတွေက ဈေးလည်းမကြီးတော့ ပေါပေါများများလည်းသုံးနိုင်တယ်.. ထိုးတဲ့စက်ကလည်း လက်မှာကိုင်ရင် ခဲတံတို့ ဘောပင်တို့ကိုင်သလို ကိုင်ပြီးဆွဲရထိုးရတာဆိုတော့ သူ့ကိုယ်သူ အပ်ပြန်ထိုးမိမှာလည်း
မပူရတော့ပါဘူး.. ဘာပဲဖြစ်ဖြစ် အရမ်းတော့ ဂရုစိုက်ရတာပါပဲ..

အခုဆိုရင် လက်မောင်းမှာ အရုပ်ကိုယ်စီနဲ့ လူတွေအတော်များလာပါပြီ .. ကိုယ်ခန္ဓာပေါ်မှာ အလှဆင်သူ များပေါ့လေ.. ထိုးတဲ့အချိန် ခံရတဲ့နာကျင်မှု.. ဒီအရုပ်တစ်ရုပ်ထိုးဖို့အတွက် သတ္တိရှိရှိ ဆုံးဖြတ်ရဲတဲ့အတွက်ရော.. နောက်.. ပိုက်ဆံအကုန်ခံထားရတာရော.. အဲဒါတွေအားလုံးအတွက်ပေါ့လေ.. ကိုယ်ခန္ဓာပေါ်မှာ အနုပညာတစ်ခုပိုင်ဆိုင်ထားတဲ့ သူတို့ကို အားလည်းကျ လေးလည်းလေးစားမိပါတယ်..

7 comments:

  1. ထိုးထားတယ်ဗျ။ ကြည့်မလား။ နောက်မှ ပြမယ်။ :P

    ReplyDelete
  2. ကြိုက်တော့ ကြိုက်တယ် အဲဒါထိုး တာကို
    အသားအရမ်းနာတယ် နော်အဲဒါက
    လှတော့လှတာပေါ့ အန္တရာယ်တော့
    များတယ်ရောဂါလဲရ နိုင်တယ်မှတ်လား
    လှတာတော့ အတော်လှတယ်

    ReplyDelete
  3. body art ဆိုကျွန်တော်က အ၀တ်အစားမပါပဲ ကိုယ်ပေါ်မှာ လှလှပပ ထူးထူးဆန်းဆန်း ဆေးတွေခြယ်ထားတဲ့ ပုံတွေကိုပဲ ပြေးမြင်သဗျ..။
    :D
    :P

    ReplyDelete
  4. အကြောင်းအရာတစ်ခုကို သေသေချာချာလေ့လာပြီးရေးထားတာပဲ
    ကောင်းပါတယ်ဗျာ။ အချိန်ရရင် မြန်မာဝီကီ အတွက်ပါ အင်္ဂလိပ်ဝီကီ
    ကနေ ဘာသာပြန်ပါလား။ :-)

    ReplyDelete
  5. ညီနေမင်း

    နိဂုံးကို ပြောရရင်တော့ ဆေးမှင်ကြောင်ထိုးတာ ကောင်းလားမကောင်းလားတော့မသိဘူး အခုကိုနေတဲ့ ကျွန်းမှာဆိုရင်တော့ Tattoo ထိုးတာ ပိုက်ဆံတော်တော်ပေးရတယ် .... နဲနဲလေးတောင်မှ 300000 (သုံးသိန်း)ကျော်ပေးရတယ် ....ဟိဟိ

    http://www.coralhaadrin.com

    ReplyDelete
  6. ကျုပ်ဆို ကိုယ်ပိုင်ဒီဇိုင်းနဲ့ လက်မောင်းအပြည့်၊ ကျောမှာက သူငယ်ချင်း ပန်းချီဆရာ ကေမိုးကိုရဲ့ ဒီဇိုင်း၊ ပေါင်မှာက ကိုယ်ပိုင်ဒီဇိုင်း၊ လက်ဝါးစောင်းမှာက ရိုးရာဒီဇိုင်း ဆေးမှင်တွေ ထိုးထားတယ်။ ဒူးမှာလည်း ဒူးပိတ်ရှိသေးတယ်။ ပေါင်က ဟာက ဆေးဖြည့်ရဦးမယ်။ ကျုပ်က မြန်မာ့ရိုးရာ စုတ်နဲ့ ထိုးတာ။ အဲဒါနဲ့က ထိုးတတ်မှ လှတယ်။

    ပြောရဦးမယ် ပေါင်က အရုပ်ကို ကိုယ့်ဘာသာကိုယ်ထိုးတာဗျ။ ယုံလားမသိဘူး။
    :)
    သင်ကာ

    ReplyDelete
  7. ဆေးဖြည့်ဖို့ ရန်ကုန်ရောက်မှ နန်းညီကို ဆက်သွယ်မယ်။

    :)

    ReplyDelete

your comment please

Powered by Blogger.