ဖတ်မိသမျှဟာသ
လက်မှတ်ရောင်းပါ
ရန်ကုန်ဘူတာကြီးတွင်ဖြစ်သည်။ ရထားထွက်တော့မည်ဖြစ်ကြောင်းအချက်ပေးသံ ထွက်ပေါ်လာသည်။လက်မှတ်အရောင်းကောင်တာသို့ လူတစ်ယောက်ပြေးလာပြီး ကသောကမြောပြောသည်။
“ကျွန်တော့်ကို လက်မှတ်တစ်စောင် အမြန်ဆုံးရောင်းစမ်းပါ”
“ဘယ်ကိုသွားမလို့ပါလဲ”
“ဘယ်သွားသွား ခင်ဗျားနဲ့မဆိုင်ပါဘူး၊ လက်မှတ်သာရောင်းစမ်းပါ၊ မဟုတ်ရင် ကျွန်တော် ရထားနောက်ကျသွားလိမ့်မယ်ဗျ”
ခံလိုက်ရတယ်
ညကြီးအချိန်မတော် လမ်းမတော်အိမ်ရှေ့မှနေ၍ အငှားကားကို စိုးမင်းလက်ပြတားလိုက်သည်။ စိုးမင်း ကားထဲဝင်ထိုင်ရုံရှိသေးသည်။ ကားစက်ရုတ်တရက် ရပ်သွားသည်။ ဘယ်လို နှိုးနှိုးစက်ပြန်နိုးမလာချေ။ ကားဆရာက ပြောသည်။
“ဘယ်လိုမှမအောက်မေ့ပါနဲ့ ငါ့ညီရာ၊ ကားကိုနည်းနည်းတွန်းပေးပါ”
စိုးမင်းကားထဲမှထွက်ပြီး နောက်ကနေတွန်းသည်။ ကားဆရာလည်း ဆင်းတွန်းသည်။ တော်တော်ဝေးဝေး ကိုရောက်သွားသော်လည်း စက်မနှိုးချေ။
“တွန်းပါဦး ငါ့ညီရာ”
စိုးမင်း လုံချည်တိုတိုလေးပြင်ဝတ်လိုက်သည်။ အပေါ်အင်္ကျီကိုချွတ်သည်။ ထို့နောက်ကားကို အားနှင့်တွန်းလိုက်သည်။ အရှိန်ရလာသည်။ ဘီးလိမ့်ရာနောက် အပြေးလိုက်သည်။ သို့သော် ကားစက်သည် ဘယ်လိုမှနိုးမလာချေ။
“ငါ့ညီ တွန်းပါဦးကွ”
ဆက်တွန်းသည်။ မနိုး။ရှိသမျှအားဖြင့် ဆက်တွန်းသည်။ အချိန်အတော်ကြာသွားသည်။ ဘယ်လိုမှမနိုးပြန်ချေ။
“ငါ့ညီတွန်းပါဦး။ နိုးတော့မှာပါကွာ”
နဖူးမှချွေးများကိုသုတ်ပြီး စိုးမင်းတွန်းသည်။ ကုန်းဆင်းတစ်နေရာသို့ရောက်သည်။ အရှိန်ရလာသော ကားနောက်မှနေ၍ စိုးမင်း ကျန်သမျှအားနှင့်တွန်းလိုက်ရာ “၀ူး”ကနဲ ကားစက်နိုးသွားတော့သည်။ အသက်ကိုအနိုင်နိုင်ရှူလျက် စိုးမင်းကားထဲဝင်ထိုင်သည်။ ကားဆရာကပြောသည်။
“ကျေးဇူးပဲ ငါ့ညီရာ၊ ငါ့ညီဘယ်ကိုသွားချင်သလဲပြော၊ အစ်ကိုအခမဲ့လိုက်ပို့ပေးမယ်”
လမ်းဘေးတွင်စိုက်ထားသော “ထောက်ကြန့်”ဆိုသည့် ဆိုင်းဘုတ်ကိုလှမ်းကြည့်ရင်း စိုးမင်းကပြောသည်။
“ရန်ကုန်ကို ပြန်ပို့ပေးပါဗျာ”
လွဲသွားမှဖြင့်
စိတ်ရောဂါကုဆေးရုံတွင် လူနာနှစ်ယောက် စကားပြောနေကြသည်။
“ဟေ့ကောင်- မင်းရဲ့ခေါင်းထဲကို ၂ လက်မသံတစ်ချောင်း ငါရိုက်သွင်းပေးမယ်၊ ဘယ်လိုလဲ”
“မင်းရူးနေလား။ ဦးထုပ်ကိုချော်ပြီးရိုက်မိရင် ဘယ့်နှယ့်လုပ်မလဲကွ”
ဆရာမပြနည်းမကျ
ဌာနမှူးက ယနေ့မှအလုပ်စ၀င်လာသော လူငယ်ကိုပြောသည်။
“ကိုင်း၊ အစအနေနဲ့ ကြမ်းတိုက်ပါ”
လူငယ်က ဒေါသကိုထိန်းထားရဟန်ဖြင့် ပြန်ပြောသည်။
“ကျွန်တော်ဘွဲ့ရပါခင်ဗျ”
“သြော် ဟုတ်လား၊ ဒီလိုဆိုရင် ကြမ်းကို ဘယ်လိုတိုက်ရတယ်ဆိုတာ ငါပြမယ်၊ သေသေချာချာကြည့်ထား”

ဟာသမှန်သမျှ သဘောကျ :D
ReplyDeleteရီစရာလေး တွေထပ်တင်ပါဦးနော်
မျှော်နေမယ်
ဟီးးးး ဒီဟာသလေးတွေရီရတယ်.... မျှပေးတာကျေးဇူး :P
ReplyDelete