ကိုးရိုးကားရားမနက်ခင်း
ဒီမနက် ..အိပ်ရာထတော့ အစ်ကိုကပြောတယ် “နင်ကြည့်ရဲရင်လာကြည့်ပါလား”တဲ့ ..ဘာပါလိမ့်ပေါ့လေ ..
ဝရံတာထွက်ပြီးသွားကြည့်လိုက်တော့ .. အလိုလေး .. မိန်းမအလောင်းတစ်လောင်းကို ဆိုက်ကားပေါ်တင်ထားတာ .. အရှေ့တိုက်က အသက် ၃၀ အရွယ်လောက် အမျိုးသမီးတစ်ယောက် .. ၆ ထပ်တိုက်ပေါ်ကခုန်ချတာလား ပြုတ်ကျတာလားမသိ ..ညကတည်းက ကျနေပုံပေါ်တယ်.. ဒီမနက်ကျမှ နောက်ဖေးလမ်းကြားမှာ အလောင်းကိုတွေ့တာ. .. တစ်ညလုံး မိုးကလည်း ရွာနေတော့
အသံဗလံလည်း မကြားမိကြတာနဲ့ ... ..
ငယ်ငယ်ရွယ်ရွယ် .. သန်သန်မာမာနဲ့ ဘ၀တစ်ခု .. ပျောက်ကွယ်သွားပြန်ပြီ .. ဘာအကြောင်းကြောင့်လဲ ဘာလဲ ညာလဲ ... ရပ်ကွက်လူကြီးတွေ ရဲတွေတော့ စစ်ဆေးနေကြတာပဲ ..
သူဘာတွေများ ကြုံတွေ့ခဲ့ရလို့လဲ ..ပြုတ်ကျနေချိန်..ဒါမှမဟုတ် ခုန်ချဖို့ပြင်ဆင်ချိန်မှာ ဘယ်လိုတွေများ ခံစားရမလဲ .. ပြုတ်ကျပြီး သတိလစ်သွားသလား .. ဒါမှမဟုတ် တစ်ခါတည်း သေသွားတာလား .. ဒါမှမဟုတ် သူ အော်ဟစ်ပြီး အကူအညီတောင်းသေးသလား .. ဘယ်လိုထိတ်လန့်မှုတွေ နာကျင်မှုတွေနဲ့..ဘယ်လောက်များကြောက်လန့်ခဲ့ရမလဲ .. သူ့အစားနာကျင်လာတယ် .. ရင်တွေဘာတွေတောင် ဆို့လို့ .. မနက်စာလည်း မစားနိုင်တော့ဘူး .. ရေမိုးချိုးပြီး အလုပ်ကိုထွက်လာခဲ့တယ် ..
ဘတ်စ်ကားက ချောင်လှချည်လားလို့ စိတ်သက်သာရာရသွားတယ် .. နောက်မှသိရတာက ကားတွေပူးနေတယ်ဆိုပဲ .. ရှေ့ကားနောက်ကား ..အားလုံး ဒီလမ်းကြောင်းပေါ်ပြေးတဲ့ကားတွေချည်းပဲ ဖြစ်နေလို့ ဒီကားဒီလောက်ချောင်နေတာ.. စပယ်ရာကလည်း တစ်ချိန်လုံးမကျေမနပ်နဲ့ .. “အဲဒါ ၅၈၆၅ ပဲဖြစ်မယ်. .ဒီမေ...ပေး ..ပြောတော့ ရွှေဂုံတိုင်တက်မယ်ဆိုပြီး ဒီဘက်ဆင်းလာတာ... #$&^%@#% ” ...အဲဒါတွေပေါ့ ထုံးစံအတိုင်း ရေရွတ် .. ဆဲဆို ..
ကုန်းတက်တစ်ခုရောက်လာတော့ .. ဆိုက်ကားတစ်စီးကိုလှမ်းဆဲတယ် .. ဘေးမကပ်လို့တဲ့ ..တကယ်က ဆိုက်ကားက အစွမ်းကုန်ကပ်ထားတာပါ ... ဒီတော့ ဆိုက်ကားဆရာကလည်း ပြန်ဆဲတာပေါ့ .. အပေါ်ကဆဲ အောက်ကပြန်ဆဲ .. “လိုက်ခဲ့လေ လာလေ” ဆိုပြီး ကားကကျော်လာတဲ့အထိ .. ဆိုက်ကားဆရာက ဆဲနေတုန်းပဲ .. အဲဒါနဲ့ လှည်းတန်းမီးပွိုင့်ကို တမေ့တမောမိနေရာကနေ .ဆိုက်ကားဆရာကမီလာပါလေရော .. ဖြစ်ချင်တော့ ဆိုက်ကားဆရာ ကားနားရောက်လာချိန်မှာ ..ခုန သူ့ကိုဆဲခဲ့တဲ့စပယ်ရာက ကွမ်းဆင်းဝယ်နေချိန် .. ကျန်တဲ့နောက်တစ်ယောက်ကို ဆိုက်ကားဆရာက ..လာဆဲ .. ဟိုလူကလည်း
သူ့လူနဲ့မှားပြောနေမှန်းသိရဲ့နဲ့ .. ပြေပြေလည်လည်မဖြေရှင်းပဲ ..“ခင်ဗျားကိုကျုပ်ဘာပြောလို့လဲ” အစချီပြီးဆဲ .. အမလေး .. အဆဲပေါင်းစုံမိုးမွှန်နေတာပါပဲ ...
ကားပေါ်ကလူတွေအားလုံးလည်း မအီမသာဖြစ်နေရတာပေါ့ .. မနက်ခင်း စောစောစီးစီး .. ကိုယ့်နေ့တစ်နေ့ကို အတက်ကြွဆုံးစတင်မယ်ဆိုတဲ့အချိန်မှာ ဒီလို စကားသံတွေကြားရတာ စိတ်အနှောင့်အယှက် သိပ်ဖြစ်ရတာပါပဲ .. ဒါမျိုးက ဒီတစ်နေ့တည်းကြုံရတာလည်း မဟုတ်ဘူး .. မကြာခဏ ဖြစ်နေတာ .. စိတ်ပျက်စရာ ..
ဒါနဲ့တင် ကြုံရတာတွေက ရပ်မသွားဘူး .. ဆင်းရမယ့်မှတ်တိုင်ရောက်ခါနီးလို့ ကျောပိုးအိတ်ကောက်လွယ်ပြီးထလိုက်မှ ဘေးမှာရပ်နေတဲ့ အမျိုးသမီးကိုမြင်မိတယ် .. စိတ်ထဲကတွေးလိုက်မိတာက (ဒုက္ခပဲ --ငါလည်း ဒီမနက် ဘယ်လိုကိုးရိုးကားရားတွေကြုံနေမှန်းကိုမသိဘူး) .. ပြောချင်စရာပါပဲ .. သူဝတ်ထားတဲ့အ၀တ်ကို ပြောပြပါဦးမယ် ..
နိုင်ငံခြားတိုင်းပြည်တွေမှာ ညအိပ်ဝတ်တဲ့ .. ကြိုးလေးတစ်ချောင်းနဲ့ ဇာနားကွပ် ဂါဝန်လေးပါ .. ပိုးသားပါးပါးပျော့ပျော့လေးနဲ့ .. ဒူးဖုံးဂါဝန်အဖြူလေးကို အပေါ်က အနက်ရောင်ဆွယ်တာအပါးသားလေးနဲ့
ဝတ်ထားတာက ..ရုတ်တရက်ကြည့်တော့ အဆင်ပြေလိုက်ဖက်နေသလိုနဲ့ .. တကယ်က ည၀တ် အင်္ကျီမှန်းသိသာနေပါတယ် .. တစ်ချို့သတိထားမိတဲ့လူတွေကလည်း ကွက်ကြည့်ကွက်ကြည့် လုပ်လို့ပေါ့ ... အစ်မကြီးကတော့ ဘာမှမသိရှာပါဘူး .. ခပ်တည်တည်ပဲ နန်းညီထသွားလို့ လွတ်တဲ့နေရာမှာ
ဝင်ထိုင်ပါတယ် .. တစ်ခုခုတော့ ပြောလိုက်ချင်သား .. ဒါပေမယ့် ရှင်းနေရရင် မှတ်တိုင်ကျော်သွားမှာ စိုးလို့ရယ် .. ဘာကိုဘယ်လိုစပြီးပြောရမှန်းမသိတာရယ်ကြောင့်ပဲ .အသာလေးလစ်ထွက်ခဲ့ပါတော့တယ် ..
သူ့ကြည့်တော့လည်း သန့်သန့်ပြန့်ပြန့်ပါ .. ဘယ်လိုများဖြစ်ရတာလဲ အစ်မရယ်ပေါ့ ..
တစ်မနက်ခင်းလေးနဲ့တင် ကြုံရတာတွေက ဘာတွေမှန်းကိုမသိဘူး ..စိတ်ရှုပ်ရှုပ်နဲ့ပဲ အော်ပစ်လိုက်တယ် .. (GRRRRRRR) ..

ရန်ကုန်တစ်မနက်လေး ရှုပ်ယှက်ခတ်နေတာပါလား
ReplyDeleteနောက်နေ့တွေလည်း ဆက်ပါဦး