ဘာကြောင့်လဲ ..
ဘာကြောင့်ဒီလိုဖြစ်နေရတာလဲ
ထွက်သွားသူရဲ့ကျောကိုငေးရင်း
ပြန်လာပါ့မလားလို့တောင် ပူပန်မိတဲ့အထိ ..
အမှာစကားလည်း ပါးခဲ့ပြီးပြီ .. ..

ကလေးရေ
ငါဘာမှမတွေးတော့ဘူးလို့
အခုငါတွေးနေရတယ် ..
နင်ကပြောတယ် ..
ငါသံသယကြီးတယ်တဲ့ ..
ငါဘာကြောင့် သံသယများနေရတာလဲလို့များ
ပြန်တွေးကြည့်စမ်းပါဦး ..
ကဲ - ကြည့် .. မတွေးပါဘူးဆို .. ..

ဘာမှမစဉ်းစားနဲ့ ..
ချစ်တာ မုန်းတာ .. ကောင်းတာ ဆိုးတာ
ပျော်တာ ၀မ်းနည်းတာ .. အကျိုးရှိတာ အကျိုးယုတ်တာ
ဘာကိုမှ မစဉ်းစားနဲ့ .. ..

သစ်ပင်တွေက သူတို့အရိပ်တွေကို
ဖြည်းဖြည်းချင်းဆန့်ထုတ်နေကြတယ် ..
သူတို့အရိပ်တွေ
အရပ်ဘယ်လောက်ရှည်တဲ့အချိန်ကျမှ
နင်ပြန်လာမလဲ .. ..

အရူးမ ..
တစ်ခါတစ်ခါ ငါ့ဘ၀ကို ငါကန်ထုတ်ပစ်ချင်တယ်
သစ်ရွက်ခြောက်တွေလို ..
လမ်းမပေါ်မှာ ဒလိမ့်ခေါက်ကွေး ..
စိတ်ညစ်တယ် စိတ်ညစ်တယ်
စိတ်ညစ်တယ်ဟေ့ ..
အခုကိုစိတ်ညစ်နေပြီ .. ..

သက်ပြင်းမောတွေခဏခဏချပြီးတော့
သီချင်းလေးတွေညည်းမိတယ် ..
“ကိုယ်ဘာများတတ်နိုင်မှာလဲကွယ်”
အဲဒါ စိုးလွင်လွင်ရဲ့သီချင်း ..
“ကိုယ်ဘာစတေးရမလဲ”
ဒါက မျိုးကျော့မြိုင် ..
“ဘာမှ နောက်ထပ်တောင်းဆိုမနေတော့ဘူး” ..
The Ants .. ..

နေက တရွေ့ရွေ့
ငါ့အပေါ်ကနေဖြတ်တယ် ..
လေကငြိမ်လွန်းတယ် ..
စီးကရက်မီးလောင်တာ ..
ငါကြားနေရတယ် ..
ငါကိုယ်တိုင်လည်း ကြွတ်ဆတ်ခြောက်သွေ့လို့ .. .. ..

(ဒီကဗျာကိုရေးတဲ့သူက စိုင်းဆိုင်ဝမ်းပါ .. နန်းညီအတွက်လို့ ရည်ညွှန်းပြီးရေထားတဲ့ကဗျာလေးမို့ အမှတ်တရအဖြစ် သူ့ကိုခွင့်တောင်းပြီး ဒီမှာတင်ပါတယ်.. နောက်ဆိုလည်း အဆင်သင့်ရင် သူရေးတဲ့ကဗျာလေးတွေ တင်ဦးမယ် .. တစ်ချို့ဟာလေးတွေက တော်တော်ကောင်းတယ်)

1 comment:

  1. ကဗျာကောင်းလေးပါ..ရေးတဲ့ စိုင်းဆိုင်ဝမ်းကော..တင်တဲ့ နန်းညီပါ...မင်္ဂလာပါ..

    ReplyDelete

your comment please

Powered by Blogger.