မိုင်ပေါင်း ထောင်ချီ

Road Trip သွားရတာကို သဘောကျတယ်.. ၂၀၁၅ တုန်းက ဘားအံဘက်ကို ၂ ရက်ထဲပဲ ရက်တိုကလေး roadtrip သွားခဲ့သေးတယ်.. အရမ်းသာယာ အရမ်း စိတ်လက်ပေါ့ပါးပြီး ပျော်ခဲ့ရလို့ ဒီနှစ်လည်း ထပ်ပြီးသွားမယ် စီစဉ်တော့ ကိုရဲအောင်သူက ပင်လောင်းလမ်းဘက် အရမ်းလှတယ် အဲ့ဘက် သွားကြမယ်ဆိုလို့ ကဲ ဒီနှစ်တော့ တောင်ပေါ်ခရီးပေါ့..

roadtrip တစ်ခုအတွက် မဖြစ်မနေလိုအပ်တဲ့အရာတွေအနေနဲ့
၁) အလွယ်တကူ စားနိုင်တဲ့ ကွတ်ကီး ခေါက်ဆွဲခြောက် ကော်ဖီမစ် လက်ဖက်ဗူးလိုဟာတွေ
၂) ဖုန်း ကင်မရာတွေနဲ့ သူ့ဘက်ထရီတွေ၊ ဓာတ်မီးအကြီး အသေး ၂ ခု၊ မီးခြစ် ဖယောင်းတိုင်
၃) ခေါင်းအုံး စောင်၊ အနွေးထည်တွေ ခြေအိတ်တွေ
၎) ဖတ်စရာစာအုပ် သီချင်း အပုဒ် ၃၀၀ ထည့်ထားတဲ့ မန်မိုရီစတစ်
၅) နေကာမျက်မှန် လက်ဆေးရည် စသဖြင့် ခရီးသွားနေကျ လိုအပ်တာလေးတွေကို ပြင်ဆင်ထားတယ်..



တနင်္လာနေ့ညဘက် သားသားအိပ်သွားတော့မှ စထွက်ခဲ့တယ်.. နေပြည်တော်အမြန်လမ်း တစ်လျှောက် ဖြည်းဖြည်းအေးဆေးပဲ စကားတပြောပြောနဲ့ မှန်မှန်မောင်းလာတယ်.. ညဘက် အိပ်ချင်တော့ ခဏကားရပ်ပြီး အိပ်တယ်.. ခေါင်းအုံးတွေ စောင်တွေ ပါနေတော့ အေးဆေးပဲ..

အင်္ဂါမနက်ခင်းမှာ နေပြည်တော်မှာ မနက်စာစား မိတ်ဆွေတစ်ယောက်ဆီ ခဏဝင်လည်.. ကားစစ်ပြီးတော့ ဆီဖြည့်လိုက်ပြီး ပင်လောင်းလမ်းကို စတက်ခဲ့တယ်.. လမ်းမှာတွေ့တဲ့ ဗျူးပွိုင့်လို့ခေါ်တဲ့ တောင်စောင်းမှာ ထိုးထားတဲ့ ထရံကာဆိုင်လေးမှာ နေ့လည်စာ ဝင်စားကြတယ်.. သူ့ရှိတာတွေမှာစားရင်း ကိုယ့်ဆီကပါတဲ့ လက်ဖက် ရေညှိစသဖြင့်တွေနဲ့ ဖြည့်စားတော့ အရမ်းစားကောင်းပါတယ်.. ဖြစ်သလိုလေးတွေ စားရတာကိုက အရသာပဲလေ..



တောင်တက် တောင်ဆင်းတွေနဲ့ ပင်လောင်းလမ်းဟာ အရမ်းလှတယ်.. မနက်အစောဆို မြူတွေနဲ့ တိမ်တွေနဲ့.. နေပြည်တော်ကနေ ပင်လောင်းထိဟာ အကွေ့အကောက်အဆင်းအတက် များတယ်.. ကားမကောင်းရင် မလွယ်ဘူး.. ကလေးငယ်တွေနဲ့ ကားမူးတတ်သူပါရင် မလွယ်ဘူး.. ဒါတောင် တော်တော်ကောင်းလာတာတဲ့.. လိန်းလီတံတားကိုရောက်တော့ နေတအားပူနေချိန်ကြီး.. ဓာတ်ပုံဆင်းရိုက်မလို့ကြံသေးပေမယ့် ကိုရဲအောင်သူက နေမြင့်နေတော့ ပုံမကောင်းလောက်ဘူး အပြန်မှရိုက်လို့ ပြောလို့ မဆင်းဖြစ်ဘူး..

ပင်လောင်းမှာ ဆီထပ်ဖြည့်တယ်.. အစက ပင်လောင်းမှာ  ညအိပ်မလို့.. ဒါပေမယ့် စောနေသေးတာနဲ့ ဆက်ပဲသွားလိုက်တယ်.. လွိုင်ကော်ရောက်မှ အိပ်မယ်ပေါ့.. ပင်လောင်း-လွိုင်ကော်လမ်းကတော့ ပိုပြီးမြေညီတယ်.. မိုးဗြဲကန်ကြီးကို တကွေ့ကြီးပတ်မောင်းနေရတာက လမ်းရှည်တယ်.. ဒါပေမယ့် ကား အဲကွန်းတောင် ဖွင့်စရာမလိုဘူး လေအေးအေးလေးတွေတိုက်နေပြီးတော့ အရမ်းကို စီးရတာ အရသာရှိတယ်..



လွိုင်ကော်ကို ညနေမှရောက်တယ်.. ငွေတောင်ဆည်ကို sunset ကြည့်ဖို့ သွားဖို့ မမီတော့ဘူး.. မမီလည်းဘာဖြစ်လဲ. ဒီတိုင်းကြည့်တာပေါ့.. roadtrip သွားတာ အရမ်းကြီး အချိန်တွေ နေရာတွေ သွားချင်လည်ချင်တာတွေများနေရင် target ထားနေရင် ပျော်ဖို့ဘယ်ကောင်းမလဲ.. ကိုရဲအောင်သူကတော့ ငွေတောင်ဆည်ဆန်းဆက် ပြချင်တာ မပြလိုက်ရလို့ စိတ်မကောင်းဖြစ်နေတယ်.. ဒါဆို နောက်တစ်ခေါက် လေယာဉ်နဲ့လာပြီး လွိုင်ကော်တဝိုက် နေရာစုံရောက်အောင် လျှောက်လည်ကြတာပေါ့လို့ ပြောရတယ်.. ခုခရီးကတော့ လမ်းရှူခင်းတွေကြည့်ရင်း လမ်းအရသာကိုခံချင်တာကိုး.. စိတ်ထဲပျော်ရွှင်နေရင် ပြီးတာပါပဲ..



လွိုင်ကော်မှာ ညဘက်ဆိုတော့ တောင်ကွဲစေတီကိုတော့ လည်လို့ရတယ်.. ပြီးတော့ ထမင်းစားတယ်.. လွိုင်ကော်မြို့ကတော့ အများသူငါမြို့လေးတွေလိုပါပဲ.. မြို့ဝင်ဝင်ချင်း ဆိုင်းဘုတ်ရှိတယ်.. နောက်တော့ မြို့တော်ခန်းမ၊ ပန်းခြံ၊ နာရီစင်.. နာရီစင်ကနေပတ်ပြီး မြို့ထဲဝင်ရင် မြို့လည်မှာ ဘုရားနဲ့ဈေး.. ည ၈ နာရီမှာ လူခြေပြတ်ပြီး တိတ်ဆိတ်သွားတာလည်း တခြားမြို့တွေလိုပဲ တူတယ်..



အပြန်ကို ဒီလမ်းကနေပဲ မပြန်ချင်တော့ လွိုင်ကော်မှာ နောက်တစ်ည ဗုဒ္ဓဟူးပါ ဆက်အိပ်ပြီး ကြာသပတေးမှ မနက်အစော တောင်ငူသံတောင်ကြီးလမ်းဘက်ကို ပြန်ဆင်းမလို့ ကြံကြတယ်.. ခက်တာက လမ်းက ပြင်နေတော့ ပိတ်ထားသတဲ့.. ဒါနဲ့.. မဖြစ်သေးဘူးဆိုပြီး ဗုဒ္ဓဟူးမှာ မနက်ထ.. ကလောလမ်းဘက်ကိုမောင်း.. လမ်းမှာ ထီးစဲခါး ရေတံခွန်ဝင်ပြီး တောင်ကြီးဘက်လမ်းကနေ ပတ်ပြန်ကြတယ်..

ထီးစဲခါးဟာ တကယ်ကို လှတဲ့ရေတံခွန်.. ခက်တာက အရင်တစ်နှစ်ကတောင် သဘာဝအတိုင်းအရိုင်းပဲ ရှိနေသေးတာ..ခုတော့ သာသနာ့အလံတွေထောင် လမ်းတွေဖောက်.. ရေတံခွန်မှာလည်း ရေကာတာလိုမျိုး ပိတ်ပြီး ရေလှောင်.. အုတ်ဘောင်တွေ လျှောက်စီ.. အဲလိုတွေလုပ်ထားတော့ ရေစီးတာကလည်း မညင်သာတော့ဘူး.. ပြီးတော့ သဘာဝအရသာတွေလည်း ပျက်တာပါပဲ.. အဆိုးဆုံးကတော့ ရေစပ်နားတွေမှာ ဘီယာပုလင်း အရက်ပုလင်းခွံတွေ အမှိုက်တွေစပြီး အများကြီးတွေ့လာရတာ.. သဘာဝဟာ သဘာဝအတိုင်းကောင်းပါတယ်.. လူက နားနေခံစားလို့ရအောင် ပြုပြင်မယ်ဆိုလည်း သဘာဝအရသာဖြစ်အောင် အနီးစပ်ဆုံးတူအောင် စနစ်တကျ လုပ်သင့်တယ်.. ခုတော့ ဘယ်နေရာလေးမဆို နည်းနည်းလေး မတွေ့လိုက်နဲ့ ဘုရားနဲ့စေတီ ကောက်တည်.. ဘုန်းကြီးရောက်လာ.. အလှူခံ.. တလွဲတချော်တွေ ပြုပြင်.. မဆိုင်တဲ့နေရာမှာ မဆိုင်သူနားမလည်သူတွေ ဝင်လုပ်ရင် ဖျက်ဆီးတာပါပဲ..

ထီးစဲခါးမှာ တနေကုန်နားနေမယ်စိတ်ကူးပေမယ့် တနေမကုန်ခဲ့ဘူး.. ခံစားလို့လည်း သိပ်မကောင်းတာနဲ့ ခဏတဖြုတ်ပဲ ဓာတ်ပုံရိုက် နားပြီးပြန်ထွက်ခဲ့တယ်.. (ထီးစဲခါးပုံတွေက ကင်မရာအကြီးထဲမှာဆိုတော့ ဖုန်းလို မလွယ်ဘူး.. ပြင်ပေးမယ့်လူက ပြင်ပေးမှ တင်လို့ရမယ်.. ).. လွိုင်ကော်-ဆီဆိုင်-ဟိုပုံး-တောင်ကြီး.. မောင်းလို့ကောင်းပြီး လှတဲ့လမ်းတွေပဲ.. လမ်းတလျှောက်ရွာကလေးတွေမြင်ရတာလည်း ချစ်စရာ.. ကျောင်းဖွင့်ရက်ဆိုတော့ ကျောင်းသားတွေ ထမင်းစားဆင်းကြတာ ကျောင်းတက်ကြတာလေးတွေမြင်ခဲ့ရတယ်.. တချို့တဲကျောင်းလေးတွေမှာ ဆရာမနဲ့ ကျောင်းသားတွေ အပြင်ဘက် နေပူလှူံရင်း ဝိုင်းထိုင်စာသင်နေကြတာလည်း မြင်ရတာကြည်နူးစရာလေး..



တောင်ကြီးမှာ အမျိုးတွေဝင်နှူတ်ဆက်.. မုန့်စား ကားရေဆေး.. ထုံးစံအတိုင်း ကန်ရှေ့က ဖက်ထုပ်မြီးရှည်အတင်းဝင်စား.. ပြီးတော့ ညနေဘက်ကျတော့မှ အောင်ပန်းကို ဆင်းအိပ်တယ်.. လမ်းမှာ ဂျာမန်အမျိုးသမီးတစ်ယောက် ကျောပိုးအိတ်တစ်လုံးနဲ့ ကားကြုံတားစီးနေလို့တင်ခေါ်ခဲ့တယ်.. သူက သာစည်ဆင်းမှာတဲ့ သာစည်ကနေ ပဲခူးကို ရထားနဲ့သွားမလို့တဲ့.. အောင်ပန်းထိပဲရောက်မယ် အဲ့ကနေဆက်သွားဆိုပြီး ခေါ်လာလိုက်တာ.. သူလည်း လွိုင်ကော်ကနေ လှေနဲ့ အင်းလေးကို ကူးလာတဲ့လူပဲ.. လွိုင်ကော်-အင်းလေး လှေစီးတာ ၄ နာရီလောက်ကြာတယ်တဲ့.. ပိုက်ဆံလည်း သိပ်မရှိဘူး.. လွိုင်ကော်မှာတုန်းကလည်း တွေ့တဲ့ရွာမှာ တညအိပ်တယ်.. နောက်တညက ဘုန်းကြီးကျောင်းမှာ အိပ်တယ်တဲ့.. ဗမာတွေသိပ်ဖော်ရွေတယ်လို့ ပြောနေတယ်..


အောင်ပန်းကနေ နောက်နေ့မနက်အစောထ စိုက်ခင်းတွေသွားကြည့်.. မလှဘူး.. အခင်းတွေက ပန်းတွေလည်းမပွင့်သေးတော့ အရောင်စုံတွေလည်း မရှိဘူး.. ဒီတိုင်းပြန်လာခဲ့တယ်.. ကလော-ယင်းမာပင်-ဘုရားသုံးဆူလမ်း.. အဲ့ကနေ ပျော်ဘွယ်ဘက်ဆင်း.. ပျော်ဘွယ်ကနေ အမြန်လမ်းကို ပြန်တက်ရမှာ.. အဲ့မှာ လမ်းပြောင်းပြန်ဝင်မိလို့ ရဲက တားပြီးစစ်နေတာနဲ့ ကိုယ်တွေပထမ ကြည့်ထားတဲ့ လမ်းအတိုင်းမသွားမိဘဲ ကပ်လျက်လမ်းကို ကွေ့ဆင်းသွားလိုက်တာ မိတ္ထီလာဘက်သွားတဲ့ လမ်းကြီးဖြစ်နေတယ်.. မြေပုံကြည့်တဲ့ မယ်ညီကလည်း သိပ်တော်တာဆိုတော့ လုံးဝလမ်းတဝက်ကျိုးပြီး မိတ္ထီလာနဲ့ တော်တော်နီးမှ သိတယ်.. ကိုယ်ကတော့ ဘာအရေးလဲ ဘေးက ထိုင်လိုက်ရတာ.. ကားပေါ်မှာလည်း စားစရာသောက်စရာအစုံနဲ့ဆိုတော့ ဘယ်မြို့ရောက်သွားသွား ကျေနပ်နေမှာပဲ.. မိတ္ထီလာမှာ ရေကန်ကြီးမြင်ရတော့မယ် ဓာတ်ပုံဆင်းရိုက်မယ် လေရှူမယ်လို့ တွေးထားတာ.. ဒါပေမယ့် ကားမောင်းရတဲ့ ဘေးကလူက ပင်ပန်းတော့ စိတ်ဆိုးနေတာနဲ့ မဆင်းလိုက်ရဘူး..

မိတ္ထီလာမရောက်ခင် လမ်းမှာ ဆည်တစ်ခုနားတွေ့တဲ့ ဆိုင်လေး သဘောကျလို့ ဆင်းပြီး ထမင်းစားသေးတယ်.. ဆည်ကိုဖြတ်တိုက်လာတဲ့ လေအေးအေးလေးနဲ့ သစ်ပင်ရိပ်မှာ ထန်းပလက်လေး ခင်းပြီး မကောင်းမကန်းဆီတွေများနေတဲ့ ဟင်းနဲ့ ထမင်းဆိုင်လေး.. နေ့လည် ၁ နာရီဆိုပေမယ့် အဲ့ဆိုင်မှာ လုံးဝမပူဘူး.. အရမ်းသဘောကျတယ်ကွာ.. roadtrip အရသာပဲ.. စားစရာဘာမှမကောင်းပေမယ့် ထိုင်လို့ကောင်းတယ်.. စိတ်ချမ်းသာတယ်.. ဒါပဲအရေးကြီးတယ်..

နောက်တစ်ခုက.. ဒီခရီးမှာ အားတိုင်းဓာတ်ပုံမရိုက်နေဘဲ ဟိုကြည့်ဒီကြည့်နဲ့ စိတ်ဓာတ်ပုံတွေပဲ များများရိုက်ဖြစ်တယ်.. ဘယ်ကင်မရာတွေ ဘယ်လောက်ကောင်းကောင်း မျက်စိနဲ့မြင်ရတဲ့ မြင်ကွင်းအလှကို မမီဘူး.. စိတ်ထဲမှာ ကျေနပ်ခံစားရတဲ့ စိတ်ချမ်းသာမှူကို ပေါ်လွင်အောင် မဖော်ပြနိုင်ဘူး.. လတ်ဆတ်တဲ့လေကို တဝကြီးရှူရတဲ့အခါ.. နေခြည်နွေးနွေးက ပါးအေးအေးပေါ်ကို လာထိတဲ့အခါ.. လယ်ကွင်းပြင်တွေထဲမှာ ပအို့ဝ်တွေအလုပ်လုပ်နေတာကို မြင်ရတဲ့အခါ.. တောင်ယာမီးရှို့လို့ထွက်လာတဲ့ ရိုးပြတ်အနံ့တွေကို ရတဲ့အခါ.. အဲ့ဒါတွေဟာ ကဗျာတွေပါ.. သဘာဝ အလှတရားပါ.. အဲ့ဒါတွေဟာ တန်ဖိုးထားရမယ့်အရာတွေပါ..


#NangNyi
09-12-2016

No comments:

your comment please

Powered by Blogger.