နေသာသောနေ့တစ်နေ့တွင် မင်္ဂလာဆောင်ခြင်း ၁

သိပ်မကြာခင်မှာ မင်္ဂလာဆောင်တော့မယ့်၊ သတို့သမီးအဖြစ် ပွဲတစ်ခုကို ဆင်နွှဲရတော့မယ့်၊ ဘ၀သစ်တစ်ခုကို ကိုယ်နဲ့ သွေးသားမတော်စပ်တဲ့ သူစိမ်းတစ်ယောက်နဲ့အတူ ဆက်လက်လျှောက်လှမ်းတော့မယ့် လူတစ်ယောက်အနေနဲ့ ကိုယ်တွေ့ကြုံရသမျှ အခက်အခဲတွေ၊ စိတ်လှုပ်ရှားမှုတွေ၊ ပျော်စရာတွေ၊ ရှုပ်ထွေးမှုတွေကို အားလုံးကို ပြန်လည်ဝေမျှချင်လာတာနဲ့ပဲ ပစ်ထားတာကြာတဲ့ ဒီ blog လေးကို ပြန်အသက်သွင်းမိပြန်ပါပြီ..

ကိုယ်တိုင်တွေ့ကြုံရမယ့် မင်္ဂလာဆောင်အကြောင်း ရေးမှာဖြစ်လို့ ကိုယ့်အကြောင်းတွေပါ ရောပါနေမှာဖြစ်ပေမယ့် relationship တစ်ခု တည်ဆောက်တာကနေစပြီး propose လုပ်တဲ့အကြောင်းတွေ .. ပွဲအတွက် ဖိတ်စာ အခမ်းအနား အ၀တ်အစား စသဖြင့် တစ်ခုလုပ်ပြီးတိုင်း တစ်ခါ ကိုယ်လုပ်ခဲ့သမျှအတိုင်း အစဉ်လိုက်ရေးသွားမှာပါ..

လူတိုင်းလူတိုင်းဟာ တစ်နေ့နေ့တစ်ချိန်ချိန်မှာတော့ အချစ်ကို တွေ့ကြတာချည်းပဲ မဟုတ်လား.. အချစ်ကို တွေ့ကြတဲ့လူချင်းတူတူ ဘ၀ တစ်ခုဖြစ်အောင် ပေါင်းဖက်နေနိုင်ဖို့အထိကြိုးစားတဲ့အခါမှာတော့ မတူညီကြဘူး.. မတူညီကြတာတွေထဲကမှ နန်းညီကိုယ်တိုင်တွေ့ကြုံရတဲ့အကြောင်းတွေက နောက်ထပ် ဒီလှမ်းကိုပဲ လျှောက်ကြမယ့် ညီအစ်မတွေ အားလုံးကို အကျိုးတစ်ခုခုဖြစ်စေမယ်လို့တော့ ယုံကြည်တာပါပဲ..

+ + + + + + + + + + + + + + + + + + + + + + + + + + + + + + 

(၁) healthy relationship 

သူ့ကို facebook ကနေ တဆင့် စပြီး သိခဲ့တယ်.. ဒီလိုပဲ တစ်ချို့ပို့စ်တွေမှာ ကောမန့်လေးတွေပေးလိုက် ဟိုပြောဒီပြောနဲ့ သိပ်ပြီး ခင်မင်ရင်းနှီးတယ်လို့ မဆိုနိုင်ပါဘူး.. လူချင်းစပြီး မြင်ဖူးတာကတော့ ၂၀၁၀ BarCamp yangon အပြီး ရက်တစ်ရက်ရက်မှာပဲ.. ကြားထဲက မိတ်ဆက်ပေးတဲ့ လူတစ်ယောက်ကြောင့် "ဒါက ရဲအောင်သူလေ.. ရဲအောင်သူ ဒါကတော့ နန်းညီလေ" လို့ သိကြရုံသာ.. တစ်ယောက်နဲ့ တစ်ယောက် ပြုံးပြနှုတ်ဆက်ပြီး ကိုယ့်ဘ၀နဲ့ ကိုယ် ဆက်ပြီးနေခဲ့ကြတယ်..

နောက်တော့ ၂၀၁၀ ဇွန်လထဲမှာ အလုပ်ကိစ္စ project တစ်ခုမှာ အတူတွဲလုပ်ကြရဖို့ ဖြစ်လာခဲ့တယ်.. မထိုက်တို့ ကိုဖြိုးဟိန်းကျော်တို့ အပါအ၀င် အားလုံးပေါင်း ၈ ယောက်.. project အစမှာ အားလုံးအတူတူ နိုင်ငံခြားခရီးတစ်ခုကို ၁၀ ရက်ကြာသွားဖြစ်တယ်.. အဲဒီခရီးမှာပဲ ခင်မင်ရင်းနှီးလာရင်း တစ်ယောက်နဲ့တစ်ယောက် ပိုပြီး နားလည်လာ၊ သဘောကျလာတယ်လို့ ဆိုရမလား.. ၂၀၁၀ ရဲ့ စက်တင်ဘာလ ၁၄ ရက်မှာ တရားဝင် ချစ်သူတွေအဖြစ်ရောက်ခဲ့ကြပါတယ်..

စပြီး ခင်မင်ချိန်မှာတွေရော ချစ်သူတွေဖြစ်ပြီးတဲ့အခါမှာရော ၂ ယောက်စလုံးက တစ်ခုခုဆိုရင် ပွင့်ပွင့်လင်းလင်းပဲ ပြောဆိုတတ်ခဲ့ကြတယ်.. ပျော်တာ၊ မကျေနပ်တာ၊ စိတ်ဆိုးတာ၊ သဘောကျတာ ဘာမဆိုပေါ့.. ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ဘယ်တော့မှ ထိမ်ချန်မထားဘဲ စိတ်ထဲရှိတာတွေအကုန် အချင်းချင်း ဝေမျှတယ်.. အလုပ်ကိစ္စတွေလည်း အချင်းချင်းတိုင်ပင်တယ်.. တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် အဖော်ပြုတယ်.. ကိုယ့်အတွက် ခက်ခဲတဲ့အချိန်တွေ စိတ်ထိခိုက်ရတဲ့အချိန်တွေတိုင်းမှာ အနားမှာ သူက အမြဲ ယုယတယ် ချော့မော့တယ်.. သူ့အတွက် ပင်ပန်းတဲ့အချိန်တွေ စိတ်တိုနေချိန်တွေတိုင်းမှာလည်း ကိုယ်က အနားကနေ အားပေးတယ် ပျော်အောင်လုပ်ပေးတယ်.. အဲဒီလိုနဲ့ ၃ နှစ်တာ relationship တစ်ခုကို ကိုယ်တို့တွေ အောင်မြင်အောင် ထိန်းနိုင်ခဲ့တယ် ဆိုရမယ်..

လူ နှစ်ယောက် ချစ်ကြဖို့ဆိုတာက သိပ်လွယ်ပါတယ်.. ဒါပေမယ့် healthy relationship လို့ပြောကြတဲ့ အောင်မြင်တဲ့ အဆင်ပြေတဲ့ ခိုင်မာတဲ့ ရေရှည်ဆက်ဆံရေးကို တည်ဆောက်ဖို့ဆိုတာက ခက်ခဲတယ်.. လူနှစ်ယောက် ရေရှည်အတူတွဲနေထိုင်နိုင်ဖို့အတွက် တစ်ဦးချင်းစီက ပေးရတဲ့ အချိန်တွေ စိတ်အာရုံတွေနဲ့ တာဝန်ယူမှုတွေက အများကြီးပါ.. ကိုယ်တစ်ယောက်ထဲ စိတ်ထင်တိုင်း နေထိုင်ခဲ့တဲ့ ကိုယ်နှစ်သက်တဲ့ အပြုအမူတချို့တွေကို သူ့အတွက်နဲ့ လျှော့ချပေးလိုက်ရတာတွေ အများကြီးရှိမယ်.. သူ သဘောကျခဲ့တဲ့ ပြောဆိုပုံ သွားလာနေထိုင်မှုပုံစံ လွတ်လပ်တဲ့ ဘ၀ပုံစံတချို့ဟာ ကိုယ့်အတွက်ကြောင့် ဘောင်တစ်ခုထဲကို ၀င်သွားရတာတွေ ရှိမယ်.. ဒါပေမယ့် ကိုယ်တို့ ပျော်ခဲ့ကြပါတယ်..

၃ နှစ်တာအတွင်းမှာ ကိုယ်တို့တွေ ခဏခဏ ရန်ဖြစ်ကြတယ်.. စိတ်သဘောချင်း မတိုက်ဆိုင်တာတွေ အများကြီးရှိခဲ့တယ်.. အထူးသဖြင့် သူ အလုပ်ပြောင်းတဲ့အချိန်မှာပေါ့.. အခြေတကျဖြစ်နေတဲ့ အရှိန်ရနေတဲ့ အဆင်ပြေနေတဲ့ IT အလုပ်ကနေ သူ သေချာမသိကျွမ်းသေးတဲ့ စမ်းတ၀ါးဝါးဖြစ်နေဆဲ ဓာတ်ပုံလုပ်ငန်းကို ၂၀၁၀ နှစ်ကုန်ပိုင်းမှာ သူပြောင်းခဲ့တယ်.. သူ လုပ်ချင်တာ ဒါပဲ.. သူ ၀ါသနာပါတာ ဒါပဲ.. သူ ယုံကြည်တာ ဒါပဲ.. ဆိုပြီး ဖြစ်အောင်လုပ်မယ်ဆိုတဲ့ စိတ်နဲ့ ဆုံးဖြတ်ချက်နဲ့ သူက ဓာတ်ပုံလောကထဲ ၀င်သွားတဲ့အချိန် ကိုယ်တို့ ၂ ယောက်အတွက် အခက်ခဲဆုံးအချိန်တွေပါပဲ.. ငွေရေးကြေးရေး၊ အချိန်၊ ပတ်ဝန်းကျင် အပေါင်းအသင်း၊ အားလုံးကို ကိုယ်တို့ ၂ ယောက် ခံခဲ့ကြရတယ်.. စိတ်ရော လူပါ ပင်ပန်းလွန်းလို့ မကြာခဏ စိတ်တိုရ ရန်ဖြစ်ရ စိတ်ညစ်ရတွေ ဖြစ်ခဲ့ကြရပေမယ့် အခက်ခဲဆုံးလို့ ဆိုရမယ့် အချိန်တွေကို အတူတူ ဖြတ်ကျော်ခဲ့ပြီး.. အဲ့ဒီလို ခံခဲ့ရတဲ့ ဒုက္ခတွေရဲ့အကျိုးကျေးဇူးကို ခု ကိုယ်တို့ ခံစားနေရပြီလို့ ဆိုရမှာပါပဲ..



ရန်ဖြစ်တာ ခဏခဏပေမယ့် ကိုယ်တို့ ကြာရှည်မခေါ်မပြောဘဲ မနေကြဘူး.. ရန်ဖြစ်ရင်လည်း နှစ်ယောက်သားက မတူဘူး.. သူက ထစ်ခနဲဆို ၀ူးဝူးဝါးဝါး အော်ပစ်တတ်တယ်.. အော်ချင်ရာအော် ပြောချင်ရာပြောပြီးရင် ထွက်သွားတတ်ရော.. ကိုယ်ကကျတော့ တခွန်းချင်း အော်ဟစ်ရန်ဖြစ်တတ်တဲ့လူ မဟုတ်ဘူး.. စိတ်တိုလာရင် ဘာမှ မပြောတော့ဘဲ ငြိမ်သွားတတ်တဲ့လူလို့ ပြော၇မယ်.. သူ အော်ဟစ်နေတဲ့အချိန် ဘာမှပြန်မပြောဘူး.. သူထွက်သွားမှ စိတ်တိုတာကို တစ်နည်းနည်းနဲ့ ဖောက်ထုတ်ပစ်လိုက်တတ်တယ်.. သိပ်မကြာခင် သူက ဖုန်းဆက်ပြီး ပြန်ချော့မယ်.. နောက်တော့ အေးအေးဆေးဆေး ကိုယ်တို့ ပြန်တွေ့တော့မှ ပြဿနာကို ကိုယ်က တစ်ခွန်းချင်း ထောက်ပြပြီး ပြန်ပြောမယ်.. သူက ပြန်ဆွေးနွေးမယ်.. အဲ့ဒီနည်းနဲ့ ကိုယ်တို့ ရန်ဖြစ်ကြပါတယ်.. တစ်ယောက်တစ်ခွန်း အော်ဟစ်ပြီး ရန်ဖြစ်နေရင် စကားအမှားတွေ ပါလာနိုင်တယ်.. လက်တွေခြေတွေ စိတ်မထိန်းနိုင်ဘဲ ပါလာတတ်တဲ့ စုံတွဲတွေကိုလည်း မြင်ဖူးတယ်.. ကိုယ်တို့ ရန်ဖြစ်နည်းဟာ အဲလို့နည်းမဟုတ်ဘဲ ပြဿနာကို အဖြေထွက်အောင်လုပ်ယူနိုင်တဲ့ ရန်ဖြစ်နည်းဖြစ်နေတာဟာ တော်သေးတယ်လို့ ပြောရမယ်..

ကိုယ်တို့ ၂ ယောက်ဟာ အပေးအယူမျှတယ်လို့ ပတ်ဝန်းကျင်သူငယ်ချင်း အားလုံးက သတ်မှတ်ကြတယ်.. တကယ်လည်း အပေးအယူမျှတယ်လို့ ထင်ပါတယ်.. ဘာလို့လဲဆိုတော့ ရဲအောင်သူ နဲ့ နန်းညီဟာ ကိစ္စတော်တော်များများမှာ အကြိုက်မတူကြဘူး.. အစားအသောက်ဆိုရင် ကိုယ်က အဖြူထည် ဆီမပါတာတွေ အသီးရွက်တွေကြိုက်တယ် အသားမစားဘူး.. သူက ၀က်သားသိပ်ကြိုက်တယ် ဆီနဲ့ပျားနဲ့ ချက်တဲ့ မြန်မာထမင်းဟင်းတွေကို သဘောကျတယ်.. သီချင်းဆိုရင် ကိုယ်က ရှေးဂန္ထ၀င်သီချင်းတွေ ကြိုက်တယ် သူက Hip Hop ကြိုက်တယ်.. အ၀တ်အစားဆိုရင် ကိုယ်က ပေါ့ပါးလွတ်လပ်တဲ့ ကို့ယို့ကားယားအရောင်တွေပါတဲ့ ထူးဆန်းတဲ့ ဒီဇိုင်းတွေကြိုက်တယ်.. သူက သပ်ရပ်ကျော့ရှင်းနေတဲ့ smart ဖြစ်တာမျိုးကိုကြိုက်တယ်.. ကိုယ်က ဒန်ပေါက်နဲ့ ဒူရင်းသီးဆို အနံ့တောင်မခံနိုင်အောင် မုန်းတယ်.. သူက သိပ်ကြိုက်တယ်.. ကိုယ်က အပျော်စားရတဲ့ သွားရည်စာတွေ တဇွတ်ဇွတ်စားတတ်တယ်.. သူက ဗိုက်ပြည့်အောင်စားရတဲ့ ထမင်းလိုဟာမျိုးကလွဲရင် ဘာမှ သိပ်မစားဘူး.. ဒီလောက်အကြိုက်မတူကြတဲ့လူချင်းချင်း ရေရှည်လက်တွဲနေလာနိုင်တာဟာ နားလည်မှုရှိရှိနဲ့ အပေးအယူမျှလို့ပဲ မဟုတ်ဘူးလား..

"မနေ့က ညီ ဂမုန်းပွင့်သွားတော့ ပရိဘောဂတွေ ဈေးချနေတာတွေ့တယ်.. ခုံတစ်လုံးက တော်တော်တန်တယ်.. ကိုကို ၀ယ်ပါလား"
"ဈေးတန်တယ်ဆိုပေမယ့် ဒီဇိုင်းပုံစံမှ မမြင်ဖူးသေးတာ ကြည့်ပြီးမှ ၀ယ်မယ်လေ"
"ဟာ.. ၀ယ်သာဝယ်လိုက်.. အဲ့ခုံကို ညီ သိပ်ကြိုက်တာမဟုတ်ဘူး"
"အော် အေး ဒါဆို ပြေးဝယ်တော့မယ်.. ညီ မကြိုက်ဘူးဆို ကိုကို ကြိုက်မှာသေချာနေပြီ"

--------------------------------
အပိုင်း (၂)  propose ဆက်ရန်>>

10 comments:

  1. နန်းညီဆိုတဲ့ နာမည်ကို ဖေ့ဘွတ်မပေါ်ခင်ကတည်းက သိနေခဲ့တယ်...google မှာ အကြောင်းအရာတစ်ခုကိုရှာရင်းနဲ့ပေါ့....ဘလော့တွေဖတ်လေ့ဖတ်ထရေးလေ့ရေးထမရှိပေမယ့်..နန်းညီဲရဲ့ စာအရေးအသား ရိုးရှင်းမှုကို ကြိုက်လို့ ဖတ်ဖြစ်ခဲ့တယ်...စာအုပ်လည်းထုတ်စေချင်ခဲ့တယ်...တောင်ကြီးက အကြောင်းတွေရေးထားတာဖတ်ရင်း သွားလည်ချင်စိတ်ပေါက်မိတယ်... ကိုယ်ချစ်တဲ့ စာရေးသူတစ်ယောက်ကို မကြာခင် နှစ်ယောက်တွဲတွေ့ရတော့မယ်...ဘာပဲဖြစ်ဖြစ် အပေးအယူမျှမျှနဲ့ ပျော်ရွှင်အောင်မြင်တဲ့မိသားစုဘဝကို ပိုင်ဆိုင်နိုင်ပါစေ

    ReplyDelete
  2. ဖတ်လို့ကောင်းတယ်ဟေ့... ဆက်ဖတ်ဖို့ စောင့်နေပါတယ်... ခုမှသိတယ် သတို့သားလောင်းကြီးကို သတို့သမီးလောင်းကြီးနဲ့ မသိခငျကတည်က အွန်းလိုင်းမှာ သိခဲ့တာ... ခုမှ သတို့သားလောင်းကြီးက မသိချင်ယောင်ဆောင်နေလား မသိတော့ပါ... နန်းညီတို့ ဓာတ်ပုံလေးတွေ အရမ်းလှတယ်... ဇာတ်လမ်းလေးလဲကောင်းတယ်... ရေးတာလဲတော်တယ်... နောက် မင်္ဂလာဆောင် ပြင်ဆင်မှုတွေ ဖတ်ဖို့ စောင့်နေမယ်....

    ReplyDelete
  3. congratulations နန်းညီရေ .....
    လူချင်း မသိကြပေမယ့် နန်းညီရေးတဲ့ စာလေးတွေကို ကြိုက်ရာကနေ စလို့ ..... တနွယ်ငင် တစင်ပါဆိုသလို ကိုရဲအောင်သူရဲ့ ဓာတ်ပုံလေးတွေကိုပါ မြင်တွေ့ ကြိုက်နှစ်သက်ခဲ့ရပါတယ် ...
    အနုပညာမှာ ခံစားပျော်ဝင်နိုင်မှု မြင့်မားကြတဲ့ ဒီမောင်နှံ သေတပန် သက်တဆုံး ချမ်းမြေ့ပျော်ရွှင်သော အိမ်ထောင်ရေးကို တည်ဆောက်သွားနိုင်ကြမယ်ဆိုတာ မြေကြီးလက်ခတ်မလွဲပါဘူး ....

    ReplyDelete
  4. This comment has been removed by the author.

    ReplyDelete
  5. ပတ်ဝန်းကျင်မှာ တကယ်လိုက်ဖက်ညီပြီး ချစ်စရာကောင်းတဲ့ နားလည်မှုရှိတဲ့ အားကျစရာကောင်းတဲ့ စုံတွဲလေးပါ...

    ReplyDelete
  6. ချစ်စရာ ပျော်စရာလေး... ညီ... ဆက်ရေးပါအုံး...
    မတူတာတွေကို အချစ်တွေ နားလည်မှုတွေနဲ့ ညှိယူပြီး အစစ အဆင်ပြေတဲ့ အိမ်ထောင်တစ်ခု တည်ဆောက်နိုင်ပါစေလို့ ဆုတောင်းတယ်နော်...

    ReplyDelete
  7. နန်းညီလေး... ယောက်ျားယူတော့မယ်..... ဟေးဟေး...ပျော်စရာကြီး

    ReplyDelete
  8. 2014 မှာ Celebrity တွေ မောင်ဂလာတော်တော်ဆင်ကြသဟ နန်းညီရ...Congratulations!!!!!!!!!!!!!!!

    ReplyDelete
  9. အပိုင်း (၂) မြန်မြန် ထွက်ပါတော့...စောင့်ဖတ်နေမယ်..:P

    ReplyDelete

your comment please

Powered by Blogger.