မြမဲ့ခရီးသွား

တစ်ယောက်ထဲလျှောက်ရသော လမ်းတိုင်းသည် လွတ်လပ်ပေါ့ပါးမှုနှင့်အတူ နာကျင်မှုကိုပေးနိုင်စွမ်းပါသည်.. မိုင်တိုင်များဖြတ်ကျော်လာလေတိုင်း ချစ်ခင်သူများနှင့် တဖြည်းဖြည်းချင်းဝေးကွာနေရခြင်းကြောင့် ယခင်က ကျနော်ထားရှိလေသမျှသော ရည်ရွယ်ချက်တို့ေ၀၀ါးလာရခြင်းကို မြ လက်ခံချင်ပါ့မလား.. ကျနော်က အတ္တကြီးသည်ဟု မြက စွပ်စွဲဖူးသည်.. မြ၏ အသံနှင့်စကားတချို့ကိုပြန်လည် ကြားယောင်လာသောအခါ သူမ အနားမှာ အခုနေ ကျနော်ရှိနေနိုင်ရင်ကောင်းမှာပဲလို့ တားဆီးမရသော မတားဆီးလိုသော စိတ်ဆန္ဒတို့ ဖြစ်ပေါ်လာ၏.. ကျနော် ချစ်သော မြရဲ့အနား.. ကျနော့်ကိုချစ်သော မြရဲ့အနားကိုပေါ့..


ယခု ကျနော်သွားနေသော လမ်းကတော့ဖြင့် ခြောက်သွေ့တိတ်ဆိတ်လွန်းလှသည်.. ကျနော့်ကို မကြိုဆိုသော စိမ်းကားအေးစက်သော လမ်းမတိုင်းမှာ ကျနော့်အပေါ် စိတ်ရင်းမှန်ဖြင့် မဆက်ဆံတတ်သော လူများကလည်း အသင့်စောင့်ကြိုနေတတ်သေး၏.. မြနှင့်အတူ လျှောက်ဖူးသော လမ်းများအကြောင်း ပြန်လည်တွေးတောမိလေတိုင်း ရင်မှာစူးအောင့်နာကျင်ရခြင်းကို မည်သူမျှ နားလည်လိမ့်မည်မဟုတ်ပါ..  မြကို ထားခဲ့ပြီး ၊ ဓာတ်ပုံများနှင့် အမှတ်တရ အဖြစ်အပျက်တချို့တလေကို ပြန်တွေးရင်း အလွမ်းဖြေနေရခြင်းသည် ကျနော် ကိုယ်တိုင်လိုလားသော တိုးတက်အောင်မြင်မှုများကြောင့်သာမဟုတ်လျှင် ဒီလမ်းများကို ဒီမျှထိ ခက်ခဲပင်ပန်းစွာ လျှောက်နေနိုင်ပါ့မလားလို့ မသေချာ..

"မြန်မြန်သွားချင်ရင် တစ်ယောက်ထဲသွား.. ဝေးဝေးသွားချင်ရင် အတူတကွသွား"ဆိုသော စကားကို ဘာဖြစ်လို့များ ကျနော် အရင်က မကြားဖူးခဲ့တာလဲ.. ကျနော်သည် ဝေးဝေးသို့ မြန်မြန်ရောက်ချင်နေသော လောဘကြီးသူတစ်ယောက်ဖြစ်လေသလား.. ဘယ်တော့မှ အဖြေရှာမတွေ့နိုင်သော ပုစ္ဆာတချို့ကြောင့် ကျနော့်အချိန်များကို ကုန်ဆုံးစေခဲ့ပြီးနောက် အဆုံးမှာတော့ မြကို ကျနော် တွေ့ရှိခဲ့ရသည်.. ကျနော် သူမအနားကနေ မထွက်လာခဲ့သင့်ပေမယ့် အောင်မြင်မှုနှင့် အတ္တကိုပဲ ကျနော်ရွေးချယ်ခဲ့မိ၏.. ကျနော် တွယ်တာချည်နှောင်ရမည့် တစ်စုံတယောက် မရှိသောအခါ မျှော်လင့်ထားသမျှ လိုချင်မိသမျှအရာအားလုံးတို့သည်လည်း အတုအယောင်အဖြစ်မျှသာ ကျန်ရစ်ခဲ့ကြောင်း တော်တော်နောက်ကျမှ သိလိုက်ရပါသည်.. ကျနော် မြ ကို လွမ်းနေ၏..

ကျနော် မြအနားမှာ မရှိနေသော အချိန်များမှာ ကံကြမ္မာက မြကို စောင့်ရှောက်ဖေးမပါစေလို့ ဆုတောင်းပါသည်.. ကျနော် ကာကွယ်ပေး စောင့်ရှောက်ယုယပေးသင့်သော်လည်း အနားမှာမနေနိုင်သောကြောင့် မြ အပေါ်ကံတရားကတော့ မျက်နှာသာပေးပါစေ.. လူတိုင်းလူတိုင်းမှာ ကိုယ့်ဖြစ်တည်မှုအတွက် ဟန်ဆောင်ဖုံးကွယ်နေစရာမလိုဘဲ ပွင့်လင်းလွတ်လပ်စွာ ဆက်ဆံပြောဆိုနိုင်သော လူတစ်ဦးတစ်ယောက်တော့ အနည်းဆုံးလိုအပ်ပါသည်.. မြ နှင့်ဆိုလျှင် ကျနော်သည် ဟန်ဆောင်စရာမလို.. လိမ်ညာဖို့မလို.. ဖုံးကွယ်ဖို့မလို.. စိတ်တင်းကျပ်နေစရာမလို..

ထိုသို့သော ရရန်ခက်ခဲသည့် ဆုလာဘ်တစ်ခုကို ရှာတွေ့ပြီးမှ ချန်ထားပစ်ခဲ့ရစ်သော ကျနော်လို လူအတွက် မည်သည့်စကားကမျှ ဖြေသိမ့်ပေးနိုင်လိမ့်မည် မထင်ပါ.. အခုတော့ ကျနော်သည် တစ်ယောက်ထဲ အထီးကျန်စွာ ပင်ပန်းစွာ လွမ်းဆွတ်နာကျင်စွာဖြင့် သူမကို တမ်းတနေမိပြီ.. သူမ အနားသို့ တစ်ခါပဲ ဖြစ်ြဖစ် ပြန်ရောက်ခွင့်ရမည်ဆိုလျှင်ပင် ကျနော်သည် ကံကောင်းသူတစ်ဦးဖြစ်ပါလိမ့်မည်..

မိုင်တိုင်များဖြတ်ကျော်လာလေတိုင်း  မြနှင့် တဖြည်းဖြည်းချင်းဝေးကွာနေရခြင်းကြောင့် ယခင်က ကျနော်ထားရှိလေသမျှသော ရည်ရွယ်ချက်တို့ေ၀၀ါးလာရခြင်းကို မြ လက်ခံချင်ပါ့မလား..


နန်းညီ
၂၅ စက်တင်ဘာ ၂၀၁၃
၂၃း၁၀

No comments:

your comment please

Powered by Blogger.