နေသာသော နေ့တစ်နေ့တွင် မင်္ဂလာဆောင်ခြင်း ၂

(၂) propose

ချစ်သူရည်းစားအဖြစ် တွဲလာကြတဲ့ ၃ နှစ်တာအတွင်းမှာ ပျော်စရာတွေ အတူတူ ပျော်လိုက်၊ ပြဿနာတွေ အတူတူ ဖြေရှင်းလိုက်၊ တစ်ယောက်နဲ့ တစ်ယောက် ညှိယူလိုက်နဲ့ပဲ ဖြတ်ကျော်ခဲ့ကြတယ်.. ကိုယ်တို့ ၂ ယောက်စလုံးဟာ အပေါင်းအသင်း သိပ်များတယ်.. သူငယ်ချင်းတွေကိုလည်း သိပ်ခင်မင်တတ်ကြတယ်.. ဒါပေမယ့် အပေါင်းအသင်းနဲ့ ပတ်သက်ပြီး သိပ် ပြဿနာမတက်ရပါဘူး.. သူ့ ဓာတ်ပုံအသိုင်းအ၀ိုင်းကလူတွေဟာလည်း ကိုယ်နဲ့ မိတ်ဆွေတွေဖြစ်လာသလို ကိုယ့်သူငယ်ချင်း ကိုယ့်အသိုင်းအ၀ိုင်းကလည်း သူ့အတွက် ခင်မင်စရာလူတွေဖြစ်လာတာပါပဲ.. အသိုင်းအ၀ိုင်းချင်း ဆက်စပ်လာလေလေ ကိုယ်တို့  ၂ယောက်အတွက် အလုပ်လုပ်ရတာတွေကလည်း ပိုပြီး လွယ်ကူလာတယ် ကျယ်ပြန့်လာတယ်.. ကိုယ်တို့ ၂ ယောက်က အလုပ်မှာလည်း အချင်းချင်း အထောက်အကူ ပြုနိုင်တယ် ဆိုရမှာပေါ့..

အဲလိုနဲ့ တောင်ကြီးက ကိုယ့်သူငယ်ချင်းတွေကိုလည်း သူ သဘောကျခင်မင်လာတယ်.. ၂၀၁၀ တုန်းက တောင်ကြီးတန်ဆောင်တိုင်ကို မသွားရဘူးလို့ သူတားမြစ်ခဲ့ပေမယ့် နောက်နှစ်တွေ ဆက်တိုက်မှာတော့ သူပါ လိုက်လာခဲ့ပြီး "သိပ်ပျော်တယ် နှစ်တိုင်းသွားမယ်"လို့ ဖြစ်သွားတဲ့ထိကို တောင်ကြီးကို သူသဘောကျသွားပါတယ်.. ပြီးတော့ တောင်ကြီးနဲ့ နိုဝင်ဘာလဟာ သူ့အတွက် အမြဲတမ်းကံကောင်းစေခဲ့တယ်.. (၂၀၁၁ တုန်းက သူရိုက်တဲ့ တောင်ကြီး တန်ဆောင်တိုင် ဗီဒီယိုအတိုလေးက CNN မှာလွှင့်ခဲ့လို့ world wide ပြန့်ခဲ့တယ်.. ၂၀၁၂ မှာ သူ တောင်ကြီးမှာ ရိုက်တဲ့ ကိုရင်လေးပုံက နိုဝင်ဘာ ၂၄ ရက်စွဲနဲ့ Gurdian ရဲ့ eye witness မှာဖော်ပြခံရတယ်.. eye witness က တစ်ကမ္ဘာလုံးက တက်လာတဲ့ သတင်းဓာတ်ပုံပေါင်းများစွာထဲမှ တစ်နေ့ကို တစ်ပုံပဲ ရွေးတဲ့ site ပါ.. ၂၀၁၃ မှာ တောင်ကြီးမီးပုံးပျံပွဲကို သူ photo essay ရိုက်တယ်.. နိုဝင်ဘာလမှာ ဓာတ်ပုံပြိုင်ပွဲတစ်ခု ပထမဆုရတယ်).. 

မီးပုံးပျံကွင်းထဲမှာ လည်ကြရင် သူက ကိုယ့်ကို သူ့အနားမှာပဲ နေစေချင်တယ်.. သူ ဓာတ်ပုံရိုက်တဲ့အခါ စောင့်နေပေးပြီး သူပြန်လာတဲ့အချိန် ကိုယ့်အနားမှာ သူနေတယ်.. မီးပုံးအကြောင်းတွေပြောမယ်.. သူမသိတာတွေ ကိုယ့်ကို မေးမယ်.. မုန့်တူတူ သွားစားမယ်.. ကိုယ်သွားချင်တဲ့ နေရာ သူလိုက်ပို့မယ်.. အဲလိုပေါ့.. ကိုယ်ကကျတော့လည်း တစ်နှစ်တစ်ခါရောက်တုန်းလေး ကိုယ့်သူငယ်ချင်းတွေနဲ့ လည်ချင်တယ်.. စကားတွေ လျှောက်ပြော ရယ်မောချင်တယ်.. သူ ဓာတ်ပုံ သွားရိုက်နေတုန်း ကိုယ်က တစ်ယောက်ထဲ ကွင်းထဲမှာ ရပ်ကျန်ခဲ့ပြီး စောင့်နေရတာကို စိတ်ညစ်တယ်.. အဲ့ဒါကို အဆင်ပြေအောင် ညှိယူတဲ့အနေနဲ့ သူငယ်ချင်းတွေနဲ့ သွားလည်လိုက်.. သူနဲ့ ပြန်လာနေလိုက် လုပ်ရတယ်..

အဲလိုနဲ့ ၂၀၁၂ ခုနှစ်ရဲ့ မီးပုံးပျံကွင်းထဲက ည တစ်ညမှာ သူက ကိုယ့်ကို လက်ထပ်မယ် လို့ ပြောလာပါတယ်.. ချမ်းချမ်းအေးအေးနဲ့ မြူတွေကျနေတဲ့ ညမှာ.. မီးမောင်းဆလိုက်ကြီးတွေ ထိုးထားတဲ့ လူတွေအများကြီး ရှိနေတဲ့ မီးပုံးပျံလွှတ်တဲ့ ကွင်းလည်ထဲမှာ.. မီးပုံးပျံပြိုင်တဲ့အဖွဲ့အတွေအကြောင်း ကြေငြာနေတဲ့ အသံချဲ့စက်သံကြီးကြားမှာ.. .. နောက်ထပ်ဆက်ပြီး လုပ်မယ့် အလုပ်တွေအကြောင်းကို သူပြောပြနေရင်း ပိုက်ဆံစုမယ်၊ ရက်အားလေးတစ်ခုယူမယ်လို့ ပြောလာတော့ ကိုယ်က "ဘာလုပ်ဖို့လဲ"လို့ မေးမိပါတယ်.. သူက "ညီ့ကို လက်ထပ်မယ်လေ" လို့ ခပ်ပြုံးပြုံးနဲ့ ခပ်လောလောပြန်ဖြေတယ်.. မီးအလင်းရောင် သိပ်မရှိလို့ သူ့ကို ပြတ်ပြတ်သားသားမမြင်ရပေမယ့် သူရှက်နေတယ်လို့ ကိုယ်ခံစားရပါတယ်.. ကိုယ်က ပြုံးပြီး သူ့ကို ကြည့်နေတော့ ကိုယ့်ကို ဆွဲဖက်လိုက်ရင်း "အရိပ်တွေက မိုက်တယ်မြင်လား"လို့ သူ ဓာတ်ပုံရိုက်ပါတော့တယ်..


---------------------------------
အပိုင်း (၃) Parents & Engagement ဆက်ရန်>>

2 comments:

your comment please

Powered by Blogger.