အပျော်ခရီး အတွေးခရီး

အစက ရုံးပိတ်ရက်တွေများတုန်းလေး.. မန်းလေး ရွှေစာရံအိမ်ကို ခဏပြန်ချင်လို့ သွားမလို့.. နောက်တော့ တစ်ယောက်က လိုက်မယ်.. နောက်တစ်ယောက်လည်းလိုက်မယ်.. ဟိုလူလိုက်တော့ ဟိုလူလည်းလိုက်မယ်နဲ့ လူတွေများများလာလိုက်တာ.. အားလုံးပေါင်း ၁၃ ယောက်..

အိမ်အပြန်ခရီးစဉ်ဟာ တစ်ယောက်ထဲ မြို့ပြကနေ ခွဲထွက်လာရရင် အထီးကျန် လွမ်းမောဖွယ်များ ဖြစ်မလား.. ဒါပေမယ့် ခုကတော့ ရယ်မောသံတွေ စနောက်သံတွေနဲ့ တက်ကြွပြီး ပျော်စရာ.. တစ်ယောက်နဲ့ တစ်ယောက် စိတ်သဘောထားတွေ နားလည်ပြီးသား အထာကျပြီးသား..

အချင်းချင်းပဲ သဘောပေါက်နားလည်တဲ့ ဟာသဖြစ်ရပ်တွေပေါင်း များစွာပြောဆိုလို့ ပျော်နေကြတာများ.. စိတ်ဓာတ်ပုံမှာ စွဲစွဲမြဲမြဲ မှတ်တမ်းတင်ပြီးသား ဖြစ်နေပြီ..



ရွှေစာရံကိုရောက်ရောက်ချင်းပဲ.. အိမ်ကလေး မကျယ်မကျဉ်းမှာ မိုးတိုးမတ်တပ်.. ဝိုင်းဖွဲ့စားသောက်ပြီးတော့ ရေစက်ရှိမှ ရောက်ရတယ်ဆိုတဲ့ ဒုဋ္ဌဝတီမြစ်ကိုရောက်ဖြစ်ကြတယ်.. ရန်ကုန်လို မြို့ကြီးမှာ ရခဲတဲ့ မြစ်ရေရဲ့ အေးစိမ့်စိမ့် အထိအတွေ့က ကြက်သီးမြမြပါ ထစေ.. မထိုက်ရဲ့ ကမ်းစပ်ရေလှိုင်း အက ကလည်း ကိုယ်တို့တတွေကို ရယ်မောနိုင်စေခဲ့ပါတယ်..

နေ့လည်စာ စားသောက်ပြီးတော့ အိမ်ပေါ်ထပ်မှာ တရေးတမောအိပ်ကြတဲ့အခါ ငါးသေတ္တာလေးတွေလိုလို.. ညနေစောင်းတော့ မေမြို့အတက်နားက ရှုခင်းသာစေတီတောင်ပေါ်ကို တက်ကြတယ်.. တက်ရဆင်းရ မောလိုက်တာ.. ဒါပေမယ့် တဖြည်းဖြည်း နေဝင်သွားတာကို မြင်ရတာလည်း အရသာ.. ရန်ကုန်လို မန်းလေးလို မြို့တွေမှာ လမ်းမီးရောင်တွေ တိုက်ရဲ့မီးအလင်းတွေ ကြော်ငြာဆိုင်းဘုတ်မီးတွေနဲ့ ဆည်းဆာဟာကြောင်စီစီ.. ဒါပေမယ့် ရွှေစာရံလို နေရာမှာတော့ အမှောင်စစ်စစ်ဟာ တဖြည်းဖြည်းကျလာတာကို မြင်ရမယ်..

ညဘက်ကျတော့ ၆ ယောက်သား ထုပ်ဆီးတိုးကြတယ်.. ယောက်ျားလေး ၃ ယောက်တဖွဲ့ မိန်းကလေး ၃ ယောက်တဖွဲ့ ဘောလီဘောပုတ်ကြတယ်.. နိုင်တဲ့အသင်းက ဖရဲသီးစားကြေး.. ဖရဲသီး ၂ လုံးကို ၆ ယောက်ထဲ စားလိုက်ကြတာများ.. ထမင်းတောင် မစားနိုင်ကြ.. မျက်နှာတစ်ခုလုံးလည်း ပေပွလို့.. ပေါင်းတင်တယ်ဆိုပီး မျက်နှာတွေကို ဖရဲသီးစိတ်တွေနဲ့ လိုက်ပွတ်လို့ ပြေးလိုက်လွှားလိုက်တာလည်း ဆူညံပွက်လို့..

နောက်နေ့မနက်တော့ ပြင်ဦးလွင်တက်ဖြစ်တယ်.. မနက်ကထည်းက အစောသွားမယ်ထင်လို့ ထပြီး ပြင်ဆင်ထားတာ.. နေ့လည်မှ ထွက်ဖြစ်တယ်.. လူက အိပ်ချင်နေပီး နေမကောင်းသလိုမို့ သိပ်တောင် စိတ်မပါတော့ဘူး.. သို့သော် ဒီလူတွေနဲ့သွားရဖို့တော့ ဘယ်တော့မှ နောက်မချန်နေလိုပါ.. ဆေးသောက်ပြီးလိုက်မယ်.. နှီးဘုရား၊ ပိတ်ချင်းမြှောင်၊ သုံးဆင့်ရေတံခွန်.. ပိတ်ချင်းမြှောင်ကို ဂူအထဲ မဝင်လိုက်ရ.. နေလည်းသိပ်မကောင်းတော့ အသက်ရှူကျပ်တတ်လို့.. အထဲဝင်သွားတဲ့ ဓာတ်ပုံဆရာတွေကတော့ သိပ်ကြာတယ်.. ရေစိုထားတဲ့ ဂျင်းဘောင်းဘီက ခြေထောက်တွေပါအေးစက်.. တကိုယ်လုံး စိမ့်ပြီးချမ်းတက်လာလိုက်တာ.. လူက ဘယ်လိုမှ နေလို့ ထိုင်လို့ မကောင်းတော့ဘူး.. အဆာလွန်နေတဲ့ အစာအိမ်ကလည်း အောင့်နေ.. ခရီးသွားရင် နေမကောင်း အမြဲဖြစ်တဲ့ ကိုယ့်ကိုကိုယ် မုန်းပါသည်..

သုံးဆင့်ရေတံခွန်ဘက်ကိုတော့ ဆင်းဖြစ်အောင် ဆင်းလိုက်သေးတယ်.. ဓာတ်ပုံတွေမှာ ချိုသာကြည်လင်စွာ မပြုံးနိုင်တော့ပါ.. ကိုယ် သိပ်နေရ ဆိုးနေပြီ.. ရေတံခွန် တဖက်ကမ်းကို လိုက်မကူးနိုင်တော့ဘဲ အသာလေး ကျောက်ဆောင်ပေါ်မှာ ထိုင်နေခဲ့ရင်း ကူးသွားတဲ့လူတွေကို ကြည့်မိတဲ့ကိုယ့်မျက်လုံးတွေမှာ အားကျမနာလိုတဲ့ သဝန်တိုတဲ့ အရိပ်ယောင်တွေများ ပေါ်နေမလား စိုးရိမ်မိ.. ဒီလိုနဲ့ပဲ အကြည့်လွှဲထားလိုက်တယ်..


အဲ့ဒိကထွက်တော့ ဒီဇင်ဘာခြံ.. လှလိုက်တာ.. လေကလည်း လတ်ဆတ်.. ခုနက ရေတံခွန်တွေ ဂူတွေနားကလို အေးစိမ့်စိုထိုင်းတဲ့ အသက်ရှူရခက်တဲ့ လေမျိုးမဟုတ်တော့ဘူး.. ရေခဲမုန့် ချိုချို ပူတင်း ပျော့ပျော့ကို စားလိုက်တော့ ကိုယ့်အစာအိမ်လေးလည်း သက်သာရာ ရသွားရှာ.. ကိုယ်ပြုံးပါတယ်.. ကျနေရောင်ခပ်စူးစူး.. အစိမ်းရောင် အခင်းတွေ အပင်တွေ.. ရောင်စုံပန်းပွင့်လေးတွေ.. သာယာပါ၏..

ဒီဇင်ဘာခြံကအထွက် မဟာအံ့ထူးကံသာ ဘုရားကို ဝင်တယ်.. နောက်တော့ ပြန်တယ်ပေါ့.. ပြင်ဦးလွင်က  အဆင်းလမ်းကတော့ အတော်လေးကို လူတွေ ပင်ပန်းတဲ့လမ်းပဲ.. ဇကောထဲ ဇီးဖြူသီးထည့်လှိမ့်တယ်ဆိုတာမျိုးခေါ်မယ်..  ပြင်ဦးလွင် နေ့လည်စာကလည်း မှတ်မှတ်ရရ.. "ရှမ်းစာစားချင်တယ်"ရယ်လို့ ကိုယ်တို့ တောင်းဆိုတာကို ကားသမား ဦးလေးကြီးက ချစ်တီးထမင်းဆိုင် ခေါ်သွားလေရဲ့.. မှတ်သားဖွယ်.. မန်းလေးမှာ တည်းမယ့်အိမ်က ၃ ထပ်ပေါ်မှာ.. ဝရံတာဘက်က တံခါးပေါက်ကို ဖွင့်လိုက်တဲ့အခါ အိပ်ခန်းထဲ အထိပါ လေတွေက ဟူးဟူးရားရား.. ဝရံတာမှာစုထိုင်ပြီး တညလုံးမအိပ်ဘဲ လျှောက်သွားမလား.. စကားပဲ ထိုင်ပြောကြမလား.. သို့သော် စိတ်တွေကသာ တက်ကြွနေ..လူတွေက ပင်ပန်းလွန်းတော့ အကုန် ထိုးဝင်အိပ်ကြတယ်.. ကျပ်ကျပ်တည်းတည်း ကသိကအောက် ဖြစ်သော်ငြား အချင်းချင်း သည်းခံစိတ်တွေ ရှိကြပါရဲ့..

နောက်တစ်နေ့ကတော့ ရွှေမန်းမနက်ခင်း..  မင်းသီဟနဲ့ စတဲ့ မနက်ခင်း.. ထင်သလောက် စားမကောင်းတဲ့ စမူဆာသုတ်နဲ့ စပါတယ်.. နန်းတွင်းဝင်လည်မယ် လုပ်ပြီးကာမှ နေသိပ်ပူလို့ အစီစဉ်ပြောင်းပြီး ကုသိုလ်တော်နဲ့ ရွှေကျောင်းဘက်ကို ရောက်သွားပါတယ်.. နောက်တော့ မင်းကွန်းဘက်ကိုကားနဲ့ ကူးကြတယ်.. လမ်းမှာ ရွှေကြက်ကျနဲ့ ရွှေကြက်ယက်စေတီတွေကို ခဏဝင်.. စစ်ကိုင်းတံတားကြီးနဲ့ ဧရာဝတီမြစ်.. ဘယ်တော့မှ ရှုလို့မငြီးငွေ့သွားမယ့်မြင်ကွင်းလို့ပဲ ပြောချင်တာ.. အော်.. ခုမှ သတိရတာ..ဘုရားတောင် ဦးမချခဲ့မိပါလား..



ဆွမ်းဦးပုညရှင်တောင်ကို စတက်တော့ စိတ်ထဲ ပျော်လိုက်တာ.. အကွေ့အကောက် လမ်းလေးတွေ.. မဟာပုညချောင်.. သီရိမင်္ဂလာချောင်.. စတဲ့ စတဲ့ ချောင်တွေ.. အရင်ခေတ်ကဆိုရင် သစ်ရိပ်ဝါးရိပ်တွေနဲ့ မြေသားလမ်းတွေ လှေခါးထစ်လေးတွေနဲ့များဖြစ်မလား.. ခုကတော့ ကတ္တရာလမ်းမှာကားတွေ တဝူးဝူးမောင်းနေနိုင်ပြီ.. ကိုယ်တို့အဖွဲ့ကို ဒဏ်ပေးချင်ရင် ဒီ စစ်ကိုင်းချောင်တွေမှာ Laptop တွေ ကင်မရာတွေ ဖုန်းတွေမပေးဘဲ တစ်ယောက် တစ်ချောင်စီသာ ပို့ထားလိုက်.. တစ်ယောက်က အထက်မှာ တစ်ယောက်က အောက်မှာ.. ဆင်းလိုက်တက်လိုက်လုပ်ဖို့ မတတ်နိုင်တာနဲ့ပဲပျင်းသေလောက်တယ်လို့ ပြောရင်း ရယ်မိကြသေးတယ်..

မင်းကွန်းဘက်ကို ကူးတဲ့လမ်းမှာ အလှူတစ်ခု တွေ့လို့.. ထူးဆန်းတာပဲ.. အညာဒေသမှာ ရှမ်းအိုးစည်နဲ့ ရှမ်းတိုးနယားတွေ ကနေလေရဲ့.. လမ်းကတော့ အတော်လေး ဖုန်ထူတယ်.. ဖုန်ကတော့ ဘယ်နေရာမဆို ထူနေတာလိုပဲ.. ဆံပင်တွေ အကျပ်အခဲလိုက်ကြီးတွေဖြစ်လို့.. မျက်နှာတွေ ကြမ်းထော်ဖြူဖွေး.. ထုထည်ကြီးမားလွန်းတဲ့ ခြင်္သေ့ရုပ်ကြီးရှေ့ရောက်မှပဲ လူတိုင်း ကိုယ်စီ သက်ပြင်းချနိုင်တော့တယ်..



ပုထိုးတော်ကြီးကို ခေါင်းပေါ်ကနေပူပူ အောက်က အုတ်ခဲပူပူတွေနဲ့ပဲ အပေါ်ထိ တက်ဖြစ်ကြတယ်.. တိမ်တွေသိပ်လှတယ်.. ကောင်းကင်ကလည်း ပြာလဲ့.. အမြင့်ကြောက်တဲ့ မထိုက်က အပေါ်ထိရောက်ပြီးမှ လန့်ပြီးငိုနေလို့ ဘေးကနေ ဝိုင်းပြီး ချော့မော့အားပေးကြရတော့ "မကြောက်နဲ့ မထိုက်..မထိုက်ဘေးမှာ ကျနော်တို့ အမြဲရှိနေတယ်" ဆိုတဲ့ ကိုရဲ ရဲ့စကား.. သူကတော့ ခု အဆင်းအတက်မှာဆိုတဲ့သဘောကို ပြောတာပေမယ့် ချဲ့တွေးကြည့်လိုက်ရင် အဲ့ဒိစကားက သိပ်အားရှိဖွယ်ရာ.. ကိုယ်တို့ မောင်နှမတွေ သွေးမတော်ပေမယ့် ဒီလောက်ချစ်ကြပါတယ်..

မင်းကွန်းကနေ ဦးပိန်တံတား..
ကောင်းကင် ညနေဆည်းဆာရဲ့ အရောင်ဟာ ရေပြင်ကိုပါ ရွှေရောင်တလက်လက် ထစေ.. ရေပြင်ရဲ့ ပြာလဲ့ကြည်လင်မှုကလည်း ကောင်းကင်ကို ရောင်ပြန်ဟပ်လို့.. ဒါပေမယ့် ဝမ်းနည်းစရာ.. ဘယ်လောက်ပဲ အချင်းချင်း အပြန်လှန် အကျိုးပြု ချစ်ခင်သည်ဖြစ်စေ.. သူတို့အချင်းချင်းအနိမ့်မြင့်မတူညီ.. ဆုံစည်းဖို့ မဖြစ်နိုင်ကြ.. ကောင်းကင်ဟာ သူ့ကို ပြန်အကျိုးမပြုတဲ့ တိမ်တွေကိုပဲ လှပဖို့ ပံ့ပိုးပေးနေရင်း ခရီးသွားနေရတာ.. တံတားပေါ်မှာ ထိုင်ရင်း ဒီလိုတွေတွေးမိပြီး မျက်ရည်ကျမိတဲ့ မိန်းမတစ်ယောက်ရှိခဲ့ရင် မရယ်မောကြပါနဲ့လား..



နောက်တော့ ည ၉ နာရီ အဝေးပြေးကားဂိတ် မဆင်းခင် မဟာမြတ်မုနိ ဘုရားကို ဝင်ဖူးကြသေးတယ်.. စိတ်ထဲမှာ ထိထိခိုက်ခိုက်ကြီး ဝမ်းနည်းနေချိန်မို့လားတော့မသိဘူး.. ဘုရားကို ဦးချအပြီး မျက်နှာတော်ကို မော့ကြည့်လိုက်မိတဲ့အခါ အားကိုးတကြီး ရှိလိုက်တာ.. စိတ်ထဲလည်းနည်းနည်းတော့ အေးဆေးသက်သာသွားသလိုလို..

အဲဒီညက ညစာမစားလိုက်ရ.. ကားဂိတ်ဆင်းဖို့ အချိန်ကပ်နေလို့ ရေမိုးချိုးပီး ညစာမစားဘဲ ဆင်းခဲ့ကြတယ်.. လမ်းမှာ ကားရပ်မှ စားမယ်ပေါ့.. ဒါပေမယ့် ကားက လမ်းမှာ လုံးဝမရပ်ဘဲ ရန်ကုန်အရောက် တောက်လျှောက်မောင်းသွားတော့ ကိုယ်တို့လည်း ကြောင်စီစီနဲ့ပြန်ရောက်လာကြပါသည်.. ရန်ကုန်က မိုးစက်များနဲ့ ကြိုဆိုပါ၏..

အိပ်ချင်လှပြီ.. ပင်ပန်းနေပြီ.. အိမ်ပြန်ရောက်တော့ အထုတ်တွေချ.. အနွေးထည်ကိုချွတ်လိုက်ပြီး အဝတ်စားတောင် မလဲဖယ်ပဲ အိပ်ရာထဲကို အတင်းထိုးဝင်.. အား - အရသာရှိလိုက်တာ.. နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားချင်ပါတယ်.. အိပ်မက်တွေ မမက်ပါစေနဲ့လား..

2 comments:

  1. ပျော်စရာကြီး..

    ReplyDelete
  2. သာမန်ရန်ရှန်ကာပဲ...။
    နညတို့ကတော့..။
    ဟိုတယောက်နဲ့များ ကွာပါ့..။
    ရှမ်းချစ်တီးထမင်းနေမှာပေါ့..။
    ဟီးးဟီးး

    ပေါက်

    ReplyDelete

your comment please

Powered by Blogger.