ဉာဏ်မရှိတော့ရင်

တခါတလေ စဉ်းစားမိတာ..
ဘာလို့ ပညာတတ်မိန်းမတစ်ယောက် ဖြစ်လာပါလိမ့်လို့လေ..

သာမန်လက်လုပ်လက်စား လူတန်းစားက သာမန် အတန်းကျောင်းအောင်ရုံလောက်
ပညာတတ်တဲ့ ကောင်မလေးတစ်ယောက်သာဖြစ်မယ် ဆိုကြပါစို့..

မိုးလင်းလာရင် အခုလိုမျိုး ကသုတ်ကရက်နိုးထပြီး တစ်နေ့တာလုံးအတွက်
ကြိုတင်မောပန်းနေစရာမလိုဘူး.. အိပ်ရာကနေထ.. တအိမ်လုံးစားဖို့
ဈေးဝယ်ချက်ပြုတ်.. ကိုယ့်ထမင်းချိုင့်ကိုယ်ထည့်ပြီး စက်ရုံကို
ကမန်းကတမ်းပြေး.. ပတ်ဝန်းကျင်မှာ ဘာတွေဖြစ်နေသလဲ.. ဘယ်သူတွေဘာလုပ်လို့
ကမ္ဘာမြေကြီး ဘယ်လိုညစ်ညမ်းလာသလဲ.. လေထုထဲမှာ ဘယ်လိုဓာတ်တွေ ပါနေပြီလဲ
စဉ်းစားတွေးတောနေဖို့မလို.. အမေတို့ မသိအောင် ခိုးထားရတဲ့ ရည်းစားနဲ့
ဘယ်လိုတွေ့လို့ရမလဲပဲ ကြံစည်နေမိမလား..

စက်ရုံမှာ စက်ရုပ်လို အလုပ်လုပ်ရင်း ဘေးကအဖော်သူငယ်ချင်းနဲ့
အတင်းခိုးပြော.. မနေ့ကကြည့်ထားတဲ့ ကိုရီးယားကားတွေ
မြန်မာကားတွေအကြောင်းပြော.. မလိုဘူး.. connection ကောင်းစရာမလိုဘူး..
processor မြန်စရာမလိုဘူး.. အဲကွန်းအေးဖို့မလိုဘူး.. သူများနဲ့မတူတဲ့
တီထွင်ဖန်တီးမှုရှိအောင်လို့ ခြောက်ခမ်းနေတဲ့ခေါင်းကို
အတင်းဖျစ်ညှစ်စဉ်းစားနေစရာမလိုဘူး.. စိတ်ခဏခဏ ကျတတ်လွန်းလို့ မကြာခဏ
ခရီးထွက်ပေးရမယ်ဆိုတာတွေ မလိုဘူး.. ဆန်းပြားတဲ့ နည်းစနစ်တွေ
ဆန်းပြားတဲ့ရောဂါတွေ ဆန်းပြားတဲ့ကုထုံးတွေ.. ဘာတစ်ခုမှ မလိုဘူး..

တခြားလူရဲ့ စိတ်ကို ဖောက်ထွင်းနားလည်တတ်တဲ့ ဥာဏ်ရည်နဲ့
နှလုံးသားမရှိတဲ့အခါ ချစ်ရင် ချစ်တယ် မုန်းရင် မုန်းတယ်..
လုပ်ချင်လုပ်မယ် မလုပ်ရင် မလုပ်ဘူး.. ပြတ်သားနိုင်မလား..
ငါဒီလိုပြောရင်တော့ သူ ဒီလိုတွေးပြီး ဝမ်းနည်းတော့မှာပဲ လို့ ကြိုတင်စာနာ
နားလည်နေပြီး အခါခါဆွံ့အခဲ့ရတဲ့ အဖြစ်မျိုးတွေနဲ့များ ကင်းဝေးမလား..
အကွက်ကျော်တွေ တွေးပြီးပင်ပန်းရတဲ့အဖြစ်တွေများ မရှိတော့ဘူးလား..
မဆင်ခြင်လိုက်နိုင်ဘဲ လုပ်ပီးကာမှ မှားသွားတာတွေကို ပြန်သုံးသပ်မိပြီး
နောင်တရ ပူပန်နေရတာမျိုးတွေကိုများ တားဆီးနိုင်မလား..
တစ်ခါတလေ စိတ်လွတ်လက်လွတ် တုံ့ပြန်ချင်ပေမယ့် မလုပ်သင့်ဘူးဆိုတဲ့
အသိဥာဏ်က ထိန်းထားတဲ့အခါ မွန်းကျပ်လွန်းတဲ့အဖြစ်တွေများ
လျော့ပါးသွားမလား..

တွေးခေါ်စဉ်းစားတတ်တဲ့ ဥာဏ်ပညာကြီး ခဏလောက် ထွက်သွားရင် ဘယ်လိုများနေမလဲနော်..

6 comments:

  1. ၃၁ ဘုံမှာတော့ ဘယ်သူဖြစ်ဖြစ် ဒုက္ခချည်းပါပဲ။

    ReplyDelete
  2. ဒါနဲ့ စကားမစပ် ပညာတတ် (ဘွဲ့ရကိုဆိုလိုသည်) မိန်းမတွေ ဘာမှမစဉ်းစားဘဲ မျက်စေ့စုံမှိတ်လိုက်ပြီတဲ့ ဆိုရင်တော့ ဘယ်သူမှကို လိုက်မမီတော့တာ။

    ReplyDelete
  3. အင်း တခုခုတော့ တခုခုပဲ
    တခုခု ကချင်မှလဲကမှာပါလေ

    ReplyDelete
  4. အဲ့လိုတော့ မဖြစ်ချင်ပါ။ လိမ်ခံရမှာ သေချာနေတယ်။ ပညာ အရမ်းတတ် တော့လည်း အထီးကျန်ပါတယ်။ အင်း တခုမှ မကောင်းပါ။

    ReplyDelete
  5. တခါတလေ.. ကိုယ်လည်း စဉ်းစားမိတယ်.. ဘာလို့များ ဒီဇိုင်းလုပ်တဲ့ အသက်မွေးဝမ်းကြောင်းကို ရွေးမိတာလဲလို့.. စဉ်းစားရင်း ခေါင်းက အရည်ပြားတောင် ခြောက်တယ်

    ReplyDelete
  6. ကိုယ်အမြဲတွေးနေကျအတွေးပါလား------။ ကိုယ်လဲ အထက်တန်းတောင်မအောင်ဘဲ မိဘနားကမခွဲဘဲနေချင်တယ်။ အခုလို အဆုံးမသတ်တဲ့ပညာနဲ့အခြားအရာတွေကို မလိုချင်ဘဲ သီးနှံတစ်ရာသီစာလောက်ဘဲ လောဘရှိတဲ့ တောင်သူ ဖြစ်ချင်လိုက်တာ။ စိုက်ခင်းတွေရယ်၊ မိသားစုရယ် ရွာကလေးရယ်နဲ့အေးချမ်းချင်လိုက်တာ။

    ReplyDelete

your comment please

Powered by Blogger.