ဆောင်းအိပ်မက်

ညက သော်အိပ်မက် တစ်ခုမက်သည်..

အိပ်မက်ထဲမှာ သော်သည် ညိုမှောင်ရှည်လျားသော ဆံပင်အခွေအလိမ်တွေနှင့် မိန်းကလေးတစ်ယောက် ဖြစ်လို့နေသည်.. ထိုဆံပင်ပုံစံသည် ယခုမှ သော် အသစ်ပြုပြင်ပြီးစ ဆံပင်လည်း ဖြစ်သေးသည်တဲ့.. ဆံပင်ညှပ်ဆိုင်လိုလို အင်္ကျီရောင်းသောဆိုင်လိုလို အခန်းကြီးထဲက ကိုယ်လုံးပေါ်မှန်ကြီးရှေ့မှာ ကိုယ့်ဆံပင်ကိုယ် ကြည့်ရင်း သော် ပျော်ရွှင်ကျေနပ်လို့နေသည်..

ကြည့်စမ်း.. လှလိုက်တာ.. ကျောအလယ်လောက်ထိ ဖြန့်ချထားသော ဆံနွယ်အခွေလေးများမှာ ပျော့ပျောင်းပြီး နူးညံ့ကာ ကိုင်လို့လည်း ကောင်းလှသည်.. ပြီးနောက် သော်သည် သူ့အား ဆံပင်တွေကို ပြမည်လို့ ရည်ရွယ်ချက်ဖြင့် သူ့အိမ်ကို သွားမလို့ ပြင်လိုက်သည်တွင် သူငယ်ချင်းဖြစ်သူ ညီထွေးတစ်ယောက် စက်ဘီးတစ်စီးဖြင့် သော့်ရှေ့ရောက်လို့ လာပါလေရော..



“လာ လာ.. တက်.. မြန်မြန်” လို့ ညီထွေးက ဆိုတော့ ရွေ့နေသော စက်ဘီးပေါ်ကို တင်ပါးလွှဲခုန်မတက်တတ်သည့် သော်က တွန့်တွန့်ဆုတ်ဆုတ်.. သို့သော် နောက်တော့လည်း သော် စက်ဘီးပေါ် ဘယ်လိုရောက်သွားသည်မသိ.. ညီထွေးက ရှေ့က နင်းလျက်ရှိသည်..

မိုးတွေကလည်း ရွာနေတော့ သော်တို့ နှစ်ယောက်စလုံး စိုရွှဲလျက် ညီထွေးက လမ်းလည်းမသိဘဲ စမ်းတဝါးဝါးဖြင့် ဟိုကွေ့လိုက် သည်ကွေ့လိုက်မို့ အိမ်နေရာအမှန်သို့ တော်တော်နှင့် မရောက်နိုင်ချေ.. သစ်ကိုင်းခြောက်တွေ အများကြီးရှိသော သစ်ပင်ကြီးနှင့် ကားတစ်စီးမှ မရှိဘဲ ခြောက်သွေ့နေသည့် ဓာတ်ဆီဆိုင်တစ်ခုရှေ့သို့ ထပ်ကာထပ်ကာ သော်တို့ ရောက်လျက်ရှိသည်..





“ညီထွေး နင် သူ့အိမ်လမ်းကို သိရဲ့လား”

သော်ကမေးတော့ ညီထွေးက စက်ဘီးကိုရပ်ပစ်လိုက်ရင်း သော့်ကို လှည့်ကြည့်သည်..

“မကျေနပ်ရင် နင် နင်းပါလား.. ရော့” တဲ့..





“ငါက စေတနာနဲ့လည်း မိုးရေထဲ လိုက်ပို့ရသေးတယ်.. တကယ်ဆို ငါ့ဘာသာငါ ဆော့နေတာ.. ရော့ မလိုက်ပို့တော့ဘူး.. ကိုယ့်ဟာကိုယ် သွား”

ပြောပြောဆိုဆိုပင် သူက စက်ဘီးကို သော့်ဆီ ထိုးပေးကာ လမ်းဘေးဆင်းရပ်လျက် လက်ကိုတင်းတင်းပိုက်ရင်း သော့်ကို မကျေမနပ်ကြည့်လျက်ရှိသည်.. သော်ကလည်း ခပ်တည်တည်ပဲ စက်ဘီးကို ခွတက်လိုက်ပြီး စတင်နင်းထွက်လိုက်တော့ ခဏချင်းပင် သူ့ရပ်ကွက်လမ်းတွေထဲရောက်သွားတော့၏..



ဟောသည်မှာ ဘုန်းကြီးကျောင်း.. ဟောသည်မှာ လမ်းဆုံ.. ပြီးတော့ ဘီယာဆိုင်အကြီးကြီးတစ်ခု.. နောက်တော့ လမ်းထိပ်က လက်ဘက်ရည်ဆိုင်.. သော်သည် သူ့ရပ်ကွက်ထဲ ဝင်လာတော့ လမ်းဘေး ဝဲယာမှ ဆိုင်တွေ အဆောက်အဦတွေကို မှတ်မိနေသည့်အတွက် ခပ်အေးအေးပဲ စက်ဘီးကိုနင်းလာခဲ့သည်.. လမ်းထဲကို ချိုးကွေ့လိုက်ပြီး သူ့အိမ်ရှေ့မှာ စက်ဘီးရပ်လိုက်တော့ ညီထွေးက နောက်ကနေ ဖျတ်ကနဲ ခုန်ဆင်းရင်း “သြော် ဒီအိမ်ကိုး”ဟု ရေရွတ်၏.. ညီထွေး ဘယ်တုန်းက စက်ဘီးပေါ် ပြန်ပါလာသည် မသိ.. ခုတော့ ခပ်တည်တည်ပဲ သူ့အိမ်တံခါးကို ခေါက်ကာ တွန်းဖွင့်ဝင်သွားတော့ သော်လည်း စက်ဘီးကိုထောင်ထားခဲ့ကာ နောက်မှ ခပ်သွက်သွက် လိုက်ဝင်သွားလိုက်သည်..



အိမ်နေရင်း ဝတ်စုံခပ်နွမ်းနွမ်းဝတ်ထားသော သူက ပြုံးရယ်လျက် ဆီးကြို၏.. စက်ပစ္စည်းတစ်ခုခုကို ပြင်ဆင်နေသည်လားမသိ.. လက်ထဲမှာ ဝက်အူလှည့်တွေရော သံတို သံစတွေရော.. “လာကြ.. လက်ဘက်ရည်လိုက်တိုက်မယ်” တဲ့.. “သော့် ဆံပင် သိပ်လှပါလား”လို့လည်း ချီးကျူးသေးသည်.. သော်သည် ဇဝေဇဝါဖြင့် သူ့ကို ကြည့်နေမိသည်.. အိပ်မက်ထဲမှာ သူသည် သူဟုတ်သော်လည်း မျက်နှာပုံစံကတော့ မရေမရာ ဝါးတားတားဖြစ်လို့နေ၏.. တခါတရံ လွန်ခဲ့သည့် ၅ နှစ်က သော်နှင့် ချစ်ကြိုက်ဖူးသည့် လူ၏ မျက်နှာဖြစ်ဖြစ်သွားသည်.. အိပ်မက်ထဲမှာတော့ သော်သည် အဲ့ဒါကိုလည်း သိသည်တဲ့.. သူ့ရုပ်က ဒီလိုရုပ်မှ မဟုတ်တာလို့ သော်သိနေသည်တဲ့..



ပြီးတော့ သော် သူ့မျက်နှာကို ဟိုလူနှင့် ရောထွေးမြင်နေမိသည့်အတွက်လည်း သူ စိတ်ဆိုးမှာကို ကြောက်နေသေးသည်.. ဘယ်လိုအိပ်မက်ကြီးလဲလို့လည်း စိတ်ရှုပ်ထွေးနေသေးသည်.. သော်ငြိမ်ချက်သား ကောင်းနေသဖြင့် သူက “ချမ်းနေလား”လို့ မေးသော်လည်း ပြန်မဖြေနိုင်ဘဲ သူနှင့် မျက်လုံးချင်းတောင် မဆုံချင်လောက်အောင် ပူပန်စိုးရိမ်ကြီးလျက်ရှိနေသည်.. သူ့ မျက်နှာ ပေါ်လာအောင် ဘယ်လိုပဲ အားစိုက်ထုတ်သော်လည်း ပီပြင်မလာဘဲ ကြိုးစားလေလေ ပိုပြီးရောထွေးလာလေ ဖြစ်နေသောအခါ “အိပ်မက်က နိုးပါတော့”လို့ ကျိတ်ဆုတောင်းမိသေး၏..



နောက်ပြီး သော်တကယ်ပဲ အိပ်မက်က လန့်နိုးသွားလေသည်.. ရေမြန်မြန် ထသောက်ပြီး ကွန်ပျူတာကို ပြေးဖွင့်ကာ သူ့ ဓာတ်ပုံများကို ကြည့်လိုက်သေး၏.. ဒီတခါ အိပ်မက် ပြန်မက်ရင်လည်း သူ့ရုပ်ပီပြင်ပါစေလို့ ဆုတောင်းလိုက်သေး၏.. မနက် ၄ နာရီ ၁၂ မိနစ် ရှိနေပြီ.. ပြန်အိပ်ခါနီး အနွေးထည်ယူဝတ်ပြီးမှ အိပ်ယာထဲ ဝင်ခဲ့သည်.. နွေးနွေးထွေးထွေး နှစ်နှစ်ခြိုက်ခြိုက်ဖြင့် အိပ်မက်ပင် မမက်လိုက်ဘဲ အိပ်ပျော်သွားသည်ကို မနက်ကျမှ သိရသည်.. အိပ်ယာထ နည်းနည်းလည်း နောက်ကျနေသဖြင့် သူနှင့် မနက်စာစားရန် ချိန်းထားသည့် ဆိုင်ကို အပြေးအလွှား သွားရသည်..



တွေ့သောအခါ လက်ကိုဖမ်းကိုင် ဆုပ်ယူထားလိုက်ရင်း “ဆောရီးနော်.. သော် တောင်းပန်တယ်နော်” ကို ထပ်ခါထပ်ခါ ပြောမိတော့ သူက ထုံးစံအတိုင်း ခပ်ပြုံးပြုံးဖြင့် “အရူးမ”ဟု ဆိုကာ ခေါင်းကို ထုလိုက်လျှင် သော်သည် ညက အိပ်မက်ကြောင့် စိတ်ဆင်းရဲရခြင်းတို့ မေ့ကာ ပြန်လည်ရယ်ရွှင်လာပြန်ပြီး သူ့ကို မေးလိုက်မိ၏..



“ဆံပင်ကို ခပ်ရှည်ရှည်ထားပြီး ကောက်လိုက်ရင် လှမယ်ထင်လားဟင်”

No comments:

your comment please

Powered by Blogger.