ပို့စ် ၁၀၀၊ အိပ်မက်ရှင်နှင့် Little Brook

၈ . . ကြယ်စင်များ အရောင်များ မိုးပျံပူပေါင်းများနှင့် နန်းညီ
by အိပ်မက်ရှင်

ကြယ်စင်များ
.......

ကျွန်တော်တို့ကို သူမ မော့ကြည့်တိုင်း ကျွန်တော်တို့ကဲ့သို့ သူ့မ မျက်လုံးများ တဖျတ်ဖျတ်တောက်ပနေတတ်ခဲ့သည်။ ညအချိန် ကျွန်တော်တို့ လမ်းလျှောက်ထွက်လာချိန်တွင် သူမနှင့် အမြဲဆုံတတ်ခဲ့သည်ပဲ။ ပထမတော့ ကျွန်တော်တို့ သတိမထားမိခဲ့၊ နောက် သူ့အကြည့်တို့တွင် အားကျသော အဓိပ္ပါယ်တို့က ပျော်ဝင်နေသည်ကို တဖြည်းဖြည်း သတိထားလာမိခဲ့သည်။ တစ်ညပြီး တစ်ည ... သူမကို သတိထားစောင့်ကြည့်ရန် ကျွန်တော်တို့ အချင်းချင်းလက်တို့ကာ ဆုံးဖြတ်ခဲ့သည်။

သူမမျက်ဝန်းများနှင့် ဆုံလေတိုင်း ကျွန်တော်တို့ ရင်ထဲတွင် တစ်စုံတစ်ခုသော ခံစားမှုကို ခံစားရသည်။ ကျွန်တော်တို့ အချင်းချင်း သူမအကြောင်းကို စကားစပ်မိ၍ ပြောဖြစ်သော ညများတွင် အားလုံး တစ်မှေးမှ မမှေးမိပဲ စကားလက်ဆုံကျတတ်ခဲ့သည်။ ကျွန်တော်တို့ ထိုသို့စကားလက်ဆုံကျတိုင်း အိပ်ရေးပျက်ပေါင်းမနည်းသော လမင်းကြီးက ပူညံပူညံ ထလုပ်လေ့ရှိသည်။ တကယ်တော့ သူမ၏ အရေးတယူရှိမှုကို လိုချင်နေရှာသော လမင်းကြီးက ယခုကဲ့သို့ သူ့၏ ဆန္ဒကို မသိမသာ ပြသလေ့ရှိတတ်သည်ပဲ။ ကျွန်တော်တို့ အားလုံးက အားနာ နားလည်စွာဖြင့် လမင်းကြီးအပေါ် ပြုံးမိတတ်ကြသည်။

သို့နှင့် ကျွန်တော်တို့ သူမ မျက်နှာကို ဖတ်ရှုခဲ့ကြသည်မှာ ကာလတစ်ခုတိုင်အောင် ရှိလာသောအခါ သူမ၏ နှလုံးသားနှင့် အတွေးများကို နားလည်သထက် နားလည်လာသည်။ သူမက ကျွန်တော်တို့ကို ချစ်သည်တဲ့ ...။ ကျွန်တော်တို့ အတွင်းစိတ်တွင်းက အားငယ်သိမ်ငယ်နေမှုများ ကိုယ်စီကိုယ်ငှ ပျောက်လွှင့်သွားကြသည်။ လူတစ်ယောက်၏ ချစ်ခင်စွဲလန်းခြင်းကို ခံရသည့် စိတ်ခံစားမှုက ဘာနှင့်မှ နှိုင်းယှဉ်ပြစရာ မရှိလောက်အောင် ... ပင် ...။ သူမက မေးသည် “ကြယ်တွေရဲ့ တောက်ပမှုနဲ့ တစ်ထပ်တည်းကျမယ့် ပျော်ရွှင်မှုမှာ လှုပ်လီလှုပ်လဲ့နဲ့ ယိုင်နဲ့ မတည်ငြိမ်မှုတွေ ပါနေမှာလား ” တဲ့ ။ အခွင့်အရေးတစ်ခု အနေဖြင့် ကံကြမ္မာက ကျွန်တော်တို့ဘက်ကို မျက်နှာသာပေးလာလိမ့်မည်ဟု ကျွန်တော်တို့ အသီးသီးယုံကြည်ထားကြသည်။ ထိုကြောင့် ကျွန်တော်တို့ အားလုံး ညနေရီနေ၀င်တရော ကာလများတွင် ပုဇွန်ဆီရောင်နေမင်း ကန့်လန်ကာ နောက်ကွယ်တွင် ပုန်းလျိုးကွယ်လျိုးနှင့် သူမ ရုံးမှ အပြန်ကို စောင့်ကြည့်တတ်လာကြသည်လေ ... ။

တကယ်တမ်း ... တော့ ... ။

အရောင်များ ....

စုတ်ကို ကိုင်ထားသော သူမ၏ လက်တွေက ကင်းဗတ်စပေါ်တွင် တဖျတ်ဖျတ်နှင့် သွက်လက်စွာ လှုပ်ရှားနေကြသည်။ တစ်အောင်အကြာတွင် ရေးလက်စကို ခဏ ရပ်ထားပြီး ခပ်လှမ်းလှမ်းက သွားကြည့်လိုက် အနီးကပ်လာပြီးပြီး ကြည့်လိုက်နှင့် သူမ အလုပ်ရှုပ်လျှက်ရှိသည်။ သူမှ မျက်လုံးအစုံကို မှေးလိုက်၊ ပြူးကျယ်လိုက်နှင့် သူမ အာရုံနှင့် သူမ တစ်ထပ်တည်းကျနေသည်ကို ကျွန်တော်တို့ အတိုင်းသား ထိုင်ကြည့်နေမိသည်။ သူ့မ ဟန်ပန်နှင့် စည်းချက်ကျကျ လှုပ်ရှားမှုများက အသံတိတ် ကဗျာတစ်ပုဒ်လို လှပလို့နေသည်။ အဖြူ အပြာ အ၀ါ အစိမ်း ခရမ်းနှင့် အနီ အစရှိသည့် အရောင်များဖြစ်သော ကျွန်တော်တို့ကို သူမက သူ့လက်ထဲမှ စုတ်တံနှင့် သဲ့သဲ့ယူကာ အထားအသို ကျနစွာနှင့် တဖြည်းဖြည်း ပီပြင်လာအောင် စုတ်ချက်တို့ဖြင့် နေရာချလို့နေသည်။ ကျွန်တော်တို့ တာဝန်က သူမ၏ စိတ်ခံစားမှုများကို ထပ်တူထပ်မျှ ခံစား၍ အခြားတစ်ပါးသော သူကို တင်ပြဖို့ သူမက စနစ်တကျနှင့် တာဝန်ပေးနေလေတော့သည်။

ပြင်းပြင်းထန်ထန် အသက်ရှုသံကို ကျွန်တော်တို့ ကြားနေရသည်။ သူမ၏ စိတ်ခံစားမှုများ အထွဋ်အထိပ်သို့ တဖြည်းဖြည်းရောက်လာလေ၊ သူမ၏ အသက်ရှုသံက သူမ၏ လှုပ်ရှားမှုကြောင့် ပေါ်ထွက်လာသော အသံဗလံများကို ကျော်လွန်ဖုံးလွှမ်းသွား တတ်သည်။ ယခုလို အချိန်တွင် ကျွန်တော်တို့ အသက်တောင် ရဲရဲမရှုရဲ၊ ကျွန်တော်တို့ အားလုံး လက်မောင်းမှ အကျီ င်္စကို ပင့်လိပ်တင်ထားပြီး သူမ၏ စုတ်တံဖျားတွင် ယီးလေးခိုကာ ကိုယ့်တာဝန်ကို ကိုယ်ကျေအောင်လုံးပန်းကြရသည်။ သူမ နှလုံးသားမှ စကားများ၊ အတွေးများနှင့် စိတ်ကူးပုံရိပ်များကို ဘာသာပြန် ကိုယ်စားပြု ဖော်ပြပေးခွင့်ရသည့်အတွက် ကျွန်တော်တို့အားလုံး ဂုဏ်ယူကျေနပ်နေတတ်သည်မှာ အသားတကျရှိနေပြီ။

သူမနှင့် တစ်ချိန်တစ်ရံက စကားစမြည်ပြောဖြစ်သည်။ သူမက ပြောသည် “နင်တို့တွေ ရှိသည်နှင့် ငါ စကြာဝဠာကြီးတစ်ခုလုံးကို ဘောင်ခတ်ပစ်လို့ရသည်” တဲ့။ ကျွန်တော်တို့ ခေါင်းတညိတ်ညိတ်နှင့် ကိုယ့်ကိုကိုယ် ဘ၀င်လေဟပ်၍ တစ်ယောက်တစ်ပေါက် စကားဆိုနေချိန်တွင် သူမက ထပ်စကားဆိုသည်။ “ဒီအတိုင်းတော့ မရဘူး၊ ငါ့နှလုံးသားနဲ့ အနုပညာတော့ လိုသေးတာပေါ့ဟာ” တဲ့။ ကျွန်တော်တို့ အားလုံးတိတ်ဆိတ်သွားကြသည်။ ဤ အချက်ကို ကျွန်တော်တို့ မသိ၊ နားမလည်ခဲ့ အရင်ကလဲ မသိ၊ အရင့်အရင်ကလည်း နားမလည်ခဲ့ပေ။ ယခု ကျွန်တော်တို့ အားလုံး သူမ၏ ရီဝေသော မျက်ဝန်းများကိုငေးမျှော်၍ ကြည့်နေမိကြသည်။ သူမ ထပ်စကားမဆိုတော့။ သူမမျက်လုံးများက အဝေးတစ်နေရာသို့ လှမ်းမျှော်ကြည့်နေသည်။ အမြဲတမ်း သူမ၏စိတ်ကို သိသည်ဟု ဂုဏ်ယူတတ်နေသော ကျွန်တော့တို့စိတ်များ ခွမ်းကနဲ ကျကွဲကုန်သည်။ အခွင့်အရေးတစ်ခု အနေဖြင့် ကံကြမ္မာက ကျွန်တော်တို့ဘက်ကို မျက်နှာသာပေးလာလိမ့်မည်ဟု ကျွန်တော်တို့ အသီးသီးယုံကြည်ထားကြသည်။ ထို့ကြောင့် ကျွန်တော်တို့ အားလုံး သူမ ပန်းချီဆွဲသော အချိန်များတွင် ကင်းဗတ်စပေါ် ကိုယ်စီကိုယ်ငှ နေရာယူကြ၍ ပုန်းလျိုးကွယ်လျိုးစွာ သူမ နှလုံးသားကို စောင့်ဖတ်တတ်လာကြသည်ပဲ ... ။ တကယ်တမ်းတော့ ...။

မိုးပျံပူပေါင်းများ ....

သူမနှင့် ကျွန်တော်တို့က စုံခဲလှသည်။ သို့သော် စုံလိုက်သည်နှင့် သူမက ကျွန်တော့ကို စူးစူးစိုက်စိုက်၊ ဂရုတစိုက်နှင့် ကြည့်တတ်သည်။ ကျွန်တော်တို့ကို ကျော်လွန်သွားသည့်တိုင် သူမက သမင်လည်ပြန်နှင့်လိုက်ကြည့်တတ်
သည်။ တစ်ခါတစ်ရံ သူမ နှင့် လမ်းမှာ စုံလျှင် သူမ ဟန်ပန်က အလုပ်များ၍ မအားလပ်သည့် ပုံစံနှင့် ခပ်သွက်သွက်သွားလာနေတတ်သည်။ ဘယ်လိုနည်းနှင့်မဆို သူမှနှင့် စုံလိုက်သည်နှင့် မာန်တကြွကြွနှင့် မိုးယံသို့ မျှော်ထိုးနေသော ကျွန်တော်တို့၏ ဟန်ပန်ကို သူမ လှည့်မကြည်ခဲ့ ဟူသည်မရှိ။ အမှတ်မထင် လှမ်းလှမ်းကြည့်တတ်သော သူမ၏ မျက်ဝန်းများနောက်ကွယ်တွင် အမြဲတမ်း အားကျတတ်သော ငွေ့သက်မှုတို့က ရီဝေေ၀ အမြဲဆိုင်းကာ ရှိနေတတ်ခဲ့သည်။ ကြာလာတော့ ကျွန်တော်တို့လည်း ဖတ်တတ်နေခဲ့ပြီ ... ။

သူမ အလုပ်ဆင်းလာသော တစ်နေ့တွင် ဖြစ်သည်။ သူမှနှင့် ဆုံမည်ဟု ကျွန်တော်တို့ မျှော်လင့်မထားခဲ့ပါ။ အဘယ်ကြောင့်ဆိုသော် ကျွန်တော်တို့ကို ရောင်းချသော လူကြီးက သူရောင်းချနေကျနေရာ လူစည်ကားသော နေရာတွင်မဟုတ်ပဲ၊ လမ်းတစ်လမ်း၏ ထောင့်ကွယ်ချိုးတစ်ခုတွင် ပုံမှန်မကျစွာ ရောင်းချနေခဲ့သည်မို့ပင်။ သို့သော် သူမ ထိုနေရာသို့ ရောက်လာခဲ့သည်။ အမှတ်မထင်စွာ ကျွန်တော်တို့နှင့် လာစုံသောကြောင့် သူမမျက်ဝန်းလေးများ ၀ိုင်းစက်သွားကာ မျက်နှာပေါ်တွင် ပျော်ရွှင်ကျေနပ်သည့် အမူအယာလေးများ ယှက်သမ်းသွားသည်။ ကျွန်တော်တို့ သူမကို မြင်သည်နှင့် အချင်းချင်း လက်တို့ကာ ပွက်လောရိုက်သွားခဲ့ကြသည်။ ထိုစဉ် ကလေးငယ်တစ်ယောက်က ကျွန်တော်တို့ထဲမှ တစ်ယောက်ကို ၀ယ်ယူနေသည်။ ထို အရောင်းအ၀ယ်ကို ကျွန်တော်တို့က အတိုင်းသားမြင်နေရသလို သူမကလဲ ရီဝေေ၀ မျက်လုံးအစုံဖြင့် ခပ်တွေတွေ ရပ်ကြည့်နေဆဲ... ။

ရုတ်ချည်းဆိုသလို ကလေးငယ်၏ လက်ထဲမှ အ၀ါရောင်မိုးပျံဖူးပေါင်းတစ်စင်း ကြိုးလွှတ်၍ ကောင်းကင်ပေါ်သို့ သွားသည်။ သူမ မျက်နှာကွက်ကနဲ ပျက်သွားသည်ကို မမျှော်လင့်စွာမြင်လိုက်ကြရသည်။ ထိုနေရာမှ ပြေးထွက်သွားသော သူမကို ကျွန်တော်တို့ အံသြတကြီး လှမ်းမျှော်ကြည့်နေမိကြသည်။ ကျွန်တော့်တို့ကို ချုပ်ကိုင်ထားသော မိုးပျံပူပေါင်းရောင်းသူ လူကြီးလက်မှ အတင်းရုန်းထွက်၍ ပြေးထွက်သွားသော သူမနောက်သို့ လိုက်ကြည့်ချင်စိတ်များ တဖွားဖွားနှင့် ကျွန်တော်တို့ အားလုံးအသံတိတ်ဆိတ်နေသည်။ “ဟေးးးး မင်းအပေါ်ရောက်သွားရင် သူမ နောက်ကို လိုက်ကြည့်လိုက်စမ်းပါကွာ၊ သူမ ရင်ထဲမှာ ဘာတွေ ရှိမလဲ” ဟု ကျွန်တော်တို့ ထဲမှ တစ်လုံးက မိုးပေါ်တက်သွားသော မိုးပျံပူပေါင်းထံသို့ လှမ်းအော်ပြောလိုက်သည် ... ။ အခွင့်အရေးတစ်ခု အနေဖြင့် ကံကြမ္မာက ကျွန်တော်တို့ဘက်ကို မျက်နှာသာပေးလာလိမ့်မည်ဟု ကျွန်တော်တို့ အသီးသီးယုံကြည်ထားကြသည်။ ထို့ကြောင့် ကျွန်တော်တို့ကို သူမ ကိုယ်တိုင်ကိုယ်ကျ ၀ယ်ယူမည့် အချိန်မတိုင်မှီ လက်ရှိအနေအထားမှ အားလုံး ရုန်းကြွရန် တိုင်ပင်ဆုံးဖြတ်လိုက်ကြသည်။ တကယ်တမ်းတော့ ... ။

နန်းညီ ...

စွဲလမ်းနှစ်သက်မှုများနှင့် သူ နေထိုင်ခဲ့သည်။ သူ စွဲလန်းနှစ်သက်သော အရာများက တစ်လောကလုံးရှိအရာများအားလုံး ဖြစ်နိုင်သလို၊ တစ်ခုမှလည်း မဟုတ်ပေ။ သက်ပြင်းတစ်ခုကို အသာချ၍ ခေါင်းကို အေးအေးထားကာ စဉ်းစားကြည့်သည်။ သူ ဘာတွေကို စွဲလန်းနှစ်သက်သနည်း။ စိတ်ကူး အာရုံတွင် မြင်နေရသည်က ဗလာ။ နောက် .... ။ အမြင်အာရုံထဲတွင် တရေးရေးမြင်လာသည်က ရောင်စုံမိုးပျံပူပေါင်းများ ဖြစ်လို့နေသည်။ ငုတ်လျိုးနိမ်ကျမှုကင်းစွာဖြင့် မာန်တင်းကာ လောကကြီးကို ခေါင်းမော်ကြည့်နေကြသော မိုးပျံပူပေါင်းများ။ ထိုမိုးပျံပူပေါင်းများပေါ်တွင် သူ နှစ်သက်သော အရောင်များ ... အို အရောင်တွေက စုံလိုက်တာနော် ... ။ မိုးပျံပူပေါင်းများနှင့် သွားရင်လာရင်းစုံမိလိုက်သည်နှင့် သူတို့နှင့် အမှတ်မထင်စွာ စုံစည်းမိသည်နှင့် ရင်တွေက အဖိုဖို လှုပ်ရှားလှိုက်ဖိုလို့ လာတတ်သည်။ အမှတ်မထင် မှတ်စုစာအုပ်ကို ဖတ်ကနဲ လှန်ကြည့်လိုက်မိသည်။ သူတို့နှင့် ပတ်သက်၍ စိတ္တဇဆန်စွာ ရင်ခုန်သံ ဆူညံပွက်ထခဲ့ဖူးသည်ပဲ ... ။

“ရောင်စုံမိုးပျံပူပေါင်းတွေ ကျွန်မတို့ဘေးပတ်လည်ကနေ ပျံတက်သွားကြသည်.. ချည်ထားသောကြိုးလေးတွေပြတ်ကာ ကောင်းကင်ပေါ်သို့ ဖရိုဖရဲပျံတက်သွားသော ပူပေါင်းလေးများကို ကျွန်မမော့ကြည့်လိုက်မိ၏.. သူတို့မှာ သွားရမည့် ဦးတည်ရာနေရာမရှိ.. ကောင်းကင်အမြင့်မှာ သူတို့ကို ဆီးကြိုဖမ်းယူမည့်သူမရှိ.. အထဲမှလေများကုန်သွားချိန်မှာ လျော့ရဲစွာ မလှပစွာမြေပြင်ပေါ်သို့ ပြန်ကျလာရမည့်အဖြစ်တွေပဲ.. မြေပြင်နှင့်ချည်ထားသောကြိုးပြတ်သွားသဖြင့် ကစဥ့်ကလျားလွင့်ပျံသွားရသည့် ပူပေါင်းလေးတွေအစား ကျွန်မရင်နာမိပါသည်..” (ကောင်းကင်ကြိုးမှ၊ နန်းညီ)

ကြည့်နေရင်းမှာပင် ကလေးငယ်၏ လက်ထဲမှ မိုးပျံပူပေါင်း အ၀ါရောင်တစ်လုံး စွေ့ကနဲ လေထက် ၀ဲတက်သွားသည်။ အမှတ်မထင် မြန်လာသော ရင်ခုန်သံများနှင့် ထိတ်ကနဲ ဖြစ်သွားသော စိတ်တို့က သူ့ကို လှုပ်နှိုးလိုက်သလို သိမ့်ကနဲ ဖြစ်သွားစေသည်။ တဖြည်းဖြည်း လေအလျဉ်တွင် ဝေ့ကာဝဲကာ ဖြင့် အထက်ကောင်းကင်သို့ တက်သွားသည့် မိုးပျံပူပေါင်း အ၀ါလေးကို ကြည့်ရင် သူ စိတ်အစုံတို့ ကြိုးစတွင် လိုက်ပါသွားကြသည်။ တဖြည်းဖြည်းလွင့်ဝဲတက်နေရင်း စိတ်အလျဉ်တို့က မြင့်သထက် မြင့်သထက် လွင့်လွင့်ရင်း။ ရုတ်ချည်း ဆိုသလို ပြေးထွက်လာမိသည်။ သူ မရပ်မနားပြေးထွက်လာခဲ့မိသည်။ ထို မိုးပျံပူပေါင်းလေး အစား သူ ရင်နာနေမိသည်လား ... ထပ်မတွေးဝံတော့။ ပြေးလွှားနေသည်ကို ရပ်တန့်၍ မိုးကောင်းကင်ပြင်ကို မော့ကြည့်လိုက်သည်။ အို ... ကြယ်စင်များက ဂရုတစိုက်ရှိလှစွာဖြင့် ကြည့်နေကြသည်ကို သူ အံအားသင့်စွာ မြင်လိုက်ရသည်။ သူတို့၏ အကြည့်တို့က မဟေဠိဆန်လွန်းနေသည်။ သူ ကြည့်နေဆဲမှာပင် ညနေ မှောင်စပျိုး ကောင်းကင်ယံသို့ ဖြူ၊ နီ၊ ပြာ၊ စိမ်း မိုးပျံပူပေါင်းများ အစုလိုက်အပြုံလိုက် လွင့်တက်လာကြသည်။ ထိုမိုးပျံပူပေါင်းများ၏ ထိပ်ဆုံးမတော့ အ၀ါရောင်မိုးပျံပူပေါင်း တစ်လုံးက ဦးဆောင်လျှက် ဝေဟင်ထက်သို့ ဖြည်းညင်းစွာ မြင့်တက်နေခဲ့သည်။

မြင်ကွင်းတစ်ခုထဲတွင် သူ စွဲလန်းသည့် ကြယ်စင်များ၊ သူချစ်သည့် အရောင်၊ သူစိတ်ကို စိတ္တဇဆန်စွာ ဖမ်းစားနေခဲ့သည် မိုးပျံပူပေါင်းများ .... ။

အို ....


ဤ အရာများက ... သူ့၏ အိပ်မက်များ၊ အမည်မသိသော ခံစားမှုတစ်ခုက ဘွားကနဲ နှလုံးသားအကြားမှ ပေါ်ထွက်လာသည်။ သူကိုယ်တိုင်လဲ မသိ အံသြခြင်းကြီးစွာဖြင့် ... လှိုက်လှိုက်လှဲလှဲ ခံစားနေရသည်။ ဒုတိယမ်ပိ မိုးကောင်းကင်ထက်ကိုမော့ကြည့်မိသည်။ ကြယ်စင်များ၊ အရောင်စုံများနှင့် မိုးပျံပူပေါင်းများက တစ်စုံတစ်ခုကို ထိရှိသိမြင်သွားကြသလို ၀မ်းသာအဲလဲ လက်ပြနှုတ်ဆက်နေကြသည်။ သူ လည်း အမှတ်မထင် လက်ပြနှုတ်ဆက်မိသည်။ သူတို့တွေက ဟိုးအဝေးမှာ၊ ဟိုးအဝေးကို ထွက်သွားနေကြသည်ပေမယ့်။ နှလုံးသား အတွင်းပိုင်းကို တိုးဝင်သထက် တိုးဝင်လာသလို သူ ခံစားနေရသည်။ မျက်ဝန်းထောင့်မှ ဖြတ်စီးသွားသော မျက်ရည်တစ်စအတွက် မည်သို့ အဓိပ္ပါယ်ဖွင့်ရမည်ဆိုသည်ကိုပင် သူ မသိနိုင်တော့။
ဒါပေမယ့် သေချာနေသည်တစ်ခုကို သူသိနေသည်။ ထိုခဏတွင်ဖြစ်သည် .... ။

ထိုခဏတွင် ကြယ်စင်များ၊ အရောင်များ၊ မိုးပျံပူပေါင်းများနှင့် နန်းညီသည် တစ်သားတည်းပူးပေါင်းသွားလေသည်။

ထိုခဏသည် ....သူ၏ အနုပညာ ဖြစ်၏ ။

(ခင်မင်လေးစားရသော ညီမငယ် နန်းညီရဲ့ ပိုစ့် ၁၀၀ ပြည့်မြောက် အထိမ်းအမှတ်အဖြစ် အမှတ်တရ မှတ်တမ်းပြု ရေးသားခံစားမိပါသည်၊ ညီမငယ် နန်းညီ ပိုစ့် ရာပြည့် အထိမ်းအမှတ်မှ ထောင်ပြည့်၊ သောင်းပြည့်၊ သိန်းပြည့်၊ သန်းပြည့်၊ အသက်ရှင် ရပ်တည်နေသရွေ့ ချစ်သော အနုပညာ ခံစားမှု ဖြင့် ရေးသားရပ်တည်နိုင်ပါစေကြောင်း ဆန္ဒမွန်ပြုလိုက်ရပါသည် )


.....................................................................................................


၉.. မိညီမနှင့်ကျွန်တော်
by Little Brook

ပို့စ်တစ်ရာမြောက်ကို အထိမ်းအမှတ်အဖြစ်ရေးပေးဖို့ ညီညီကပြောလာတော့ ကျွန်တော်ဘာရေးရမလဲ အရင်ဆုံးတွေးမိတယ် ။ ရေးစရာအမှတ်တရတွေကတော့ အများကြီးပေါ့ဗျာ..။ကျွန်တော့်အတွက် သူဘယ်အထိအရေးပါလဲ..သူကဘယ်လိုလူမျိုးလဲ...သူ့ကိုဘယ်လောက်သိနားလည်လဲ
ကိုယ့်ကိုယ်ကိုအရင်ဆုံးမေးကြည့်မိတဲ့ မေးခွန်းတွေပါ ။

ကျွန်တော့်ဘ၀မှာ အိပ်နေရာကနေ လန့်နိုးလာလောက်တဲ့အထိ ကြောက်လန့်မိတဲ့ အရာနှစ်ခုရှိပါတယ်။
အဲဒါ မေမေနဲ့ ညီညီ ကျွန့်တော့်ဘ၀ထဲက ထွက်သွားရင်ဆိုတဲ့ အတွေးပါ ။
အဲဒါအဖြေပါပဲ..........။

ညီညီဟာ ဘယ်လိုလူစားမျိုးလဲ....။ သူဟာ သာမန်လူမလေးတစ်ယောက်သာသာပါ။
သူဆိုးတာ၊ သူကောင်းတာ၊ သူမြင့်မြတ်တာ၊ သူကလိမ်ကျတာ...အားလုံးဟာ သာမန်ထက်ဘာမှပိုမထူးခြားပါဘူး။
သူက ကျွန်တော့်ညီမလေးဖြစ်နေတဲ့ အတွက်သာ ကျွန်တော့်အတွက် အားလုံးထက် ပိုထူးခြားနေခဲ့တာတော့ ရှိတာပေါ့ ။

သူ့ကိုဘယ်လောက်ထိနားလည်လဲဆိုရင် ဘယ်လောက်မှနားမလည်ပါဘူး။ သူလုပ်သမျှကို နားလည်ပေးရတာသာရှိတာပါ၊ အင်း...ရေးစရာက ဒီလောက်နဲ့တင်ကုန်နေပြီလေ.. ဒီအတိုင်းလေးပေးလိုက်လို့ကတော့ ကျွန်တော်အကိုက်ခံရဖို့က သိပ်သေချာတာပေါ့။

ကျွန်တော့်ဘ၀မှာ သူနဲ့ပတ်သက်လို့ သတိရစရာ အကောင်းဆုံးက သူ့ကို ကျွန်တော်ဖတ်ဖူးတဲ့ စာအုပ်တွေ၊ ကြည့်ဖူးတဲ့ ဇာတ်လမ်းတွေအကြောင်း ပြန်ပြောရတာ...ကျွန်တော်ဖြတ်သန်းခဲ့ဖူးတဲ့ ကလေးဘ၀အကြောင်း သူ့ကိုပြောပြရတာပါ ။ ကျွန်တော်ရယ် ၊ သူရယ် ၊ အိဖူးရယ် ... အိမ်ရှေ့ကွပ်ပြစ်ပေါ်အိပ် ကောင်းကင်က ကြယ်တွေမော့ကြည့် တခါတလေပုံပြောခိုင်း တခါတလေ စာအုပ်တွေ အကြောင်းပြော...
တော်တော်ကောင်းတဲ့ ဘ၀ပါ ။ စာအုပ်တွေထဲက ဇာတ်ကောင်နာမည်တွေနဲ့ သူ့ကိုခေါ်ပါတယ် ။
အဲဇာတ်လမ်းတွေထဲက စကားတွေကို ကျွန်တော်တို့ ပြောကြပါတယ် ။ ကစားနည်းလေးတစ်ခုပေါ့ဗျာ။ ဘယ်သူမှလည်း နားမလည်နိုင်တဲ့ ဘာသာစကားအသစ်ပေါ့။

ကျွန်တော့်ဘ၀မှာ သူနဲ့ပတ်သက်လို့ နောင်တရမိတာကတော့ သူ့ပန်းချီကားတွေကို အပြုသဘောနဲ့ မဝေဖန်ခဲ့မိတာပါ။ သူအဲ့ကတည်းက သူ့ပန်းချီကားတွေနဲ့ ပတ်သက်ပြီး မတိုင်ပင်တော့တာပါပဲ။ ကျွန်တော်ကလည်း စိတ်မကောင်းပေမယ့် ကျွန်တော်ကိုယ်တိုင်ကလည်း ခေါင်းကြောမာတော့ ဒီအတိုင်းပဲ ထားမိတယ်။ တစ်နေ့တော့ အဲ့ဒီချိုင့်ခွက်လေးကို ပြန်ဖြည့်ပါဦးမယ်။

သူစာတွေ ရေးနေတာဖတ၊် သူပန်းချီကားတွေ ဆွဲနေတာကြည၊့် သူဆိုနေတဲ့သီချင်းကို တခါတလေလိုက်ဖျက်ဆို၊ ဟဲဟဲ..တခါတလေ ကသေးတယ်ဗျ။ အင်း...သူ့ထမင်းချိုင့် ဆေးခိုင်းတာကတော့ မကောင်းဘူးပေါ့ဗျာ... သူဖျော်ပေးတဲ့ကော်ဖီ သောက်ရတာကတော့ ကောင်းပါတယ်.. ကဲ သူနဲ့ပတ်သက်တဲ့ အမှတ်တရ... ဒါတွေမဟုတ်ဘူးလားဗျာ။ အဲ... ဘလော့ဂ်တို့ အင်တာနက်တို့နဲ့ ကျွန်တော်နဲ့က ဝေးလွန်းတယ်
ကျွန်တော်က အဲဒါတွေကို သူ့ကြောင့်ရင်းနှီးလာခဲ့ရတာပါ။ သူချက်တင်ထိုင်တာကို ကျွန်တော်အသေမုန်းတယ်။
နောက်ဆုံးသူ့အလုပ်ရဲ့ ပျင်းရိငြီးငွေ့ဖွယ်အနေအထားကြောင့် သူ့ကိုအတိုက်အခံမလုပ်တော့တာ။ အခုတော့ ကျွန်တော်ပါအဲဒါတွေနဲ့...။

ကျွန်တော်သူ့ကို သတိပေးထားတာလေး တစ်ခုကတော့ စိတ်ပြေရာပြေကြောင်းဖန်တီးထားတဲ့ ကမ္ဘာအတုလေးထဲ ၀င်နေရင်းနေရင်း အနီးက တကယ့်အဖြစ်အပျက်တွေ လူတွေကိုမေ့သွားမှာကိုပါ။ သူမေ့သွားတိုင်း ကျွန်တော်က သတိပေးတယ်၊ ဆူတယ်။ မျက်နှာသေလေးနဲ့ နားထောင်..
ပြီးရင်လည်း ထပ်မှား... အဲလိုအမှားတွေကတော့ ဘယ်တော့မှလည်း ဆုံးမယ့်ပုံ မပေါ်ပါဘူးဗျာ။ ပြီးတော့လည်း ရီနေလိုက်ရတာပါပဲ။

အင်း နောက်ဆုံးအနေနဲ့သေချာတာက သူဟာမှားတတ်တဲ့၊ လူပီသတဲ့ လူမလေးတစ်ယောက်... ဒါပဲပေါ့ဗျာ
တခါနဲ့တခါ ဖွင့်ဖတ်လိုက်တိုင်း ဘယ်တော့မှမတူတဲ့ ဇာတ်လမ်းတွေ တွေ့နိုင်တဲ့ စာအုပ်လို ကောင်မလေး။

No comments:

your comment please

Powered by Blogger.