လူသားပုံပြင်

ညသည် တိတ်ဆိတ်နေသည်..
ကောင်လေးသည် ဂစ်တာကိုစပြီး တီးခတ်လိုက်၏.. “အိပ်မက်လေးမက်ရုံနဲ့ ငါကြေကွဲတတ်ပြီပဲ xxx အရာရာ အရင်အတိုင်း ငါလေ မမေ့နိုင်ဘူး”.. သူ့အသံသူ သဘောကျသွားသော ကောင်လေးသည် ကျေနပ်စွာပြုံးလိုက်သည်.. ဂစ်တာလေးကတော့ သိပ်စိတ်ပါပုံမရ.. ငိုက်မြည်းနေသလိုပင်.. စိတ်ပါတက်ကြွနေသော ကောင်လေး၏အသံနှင့် မလိုက်ဖက်လှပါ.. စိတ်ပျက်လက်ပျက် ဂစ်တာကို ဘေးချလိုက်သည်..

ညနက်နက်၏ လေအေးက သုတ်ကနဲတိုက်လာပြန်သည်။ လေက ညမွှေးပန်းတွေဆီက ရနံကိုခိုးလာ၏.. ခိုးလာတာသေချာသွားသည်မှာ ကောင်လေးနားအရောက်တွင် သူခိုးလာသော ရနံ့များကို အလန့်တကြားလွှတ်ချခဲ့ခြင်းကြောင့်ဖြစ်သည်.. ကောင်လေးနားမှာ ညမွှေးပန်းရနံ့တွေ ဖရိုဖရဲပျံ့ကျဲကျန်ခဲ့သည်.. ကောင်လေးက မကောက်.. စုသိမ်းလိုက်ဖို့လည်း စိတ်မဝင်စားလှပါ.. ဝရံတာထောင့်ရှိ စံပယ်ပန်းအိုးထဲမှ ပန်းများကတော့ ကစင့်ကလျားရောက်လာသည့် ညမွှေးပန်းများကို စကားတင်းဆိုနေကြသည်.. ညမွှေးပန်းနံ့ချိုချိုအီအီကြောင့် စံပယ်ပန်းများဆီက သင်းသင်းပျံ့ပျံ့ရနံ့ကို မရတော့တာတော့ အမှန်ပဲ.. ဒါပေမယ့်လည်း အလကားသက်သက် မနာလိုဖြစ်နေကြတာပါ.. စံပယ်ပန်းတစ်ပွင့်ကို ခူးခြွေကာ ဝရံတာ အပြင်ဘက် ခပ်ဝေးဝေးကို လွှဲ၍လွှတ်ပစ်လိုက်သည်..

ငှက်တစ်ကောင်က “ကစ်”ကနဲ အော်မြည်ကာ ကောင်လေးရှေ့ဝရံတာဆီမှ ဖြတ်ပျံသွား၏.. ငှက်ဆိုးလား.. ဖျတ်ကနဲ ကဗျာအပိုင်းအစတစ်ခုကို သတိရသွားမိသည်.. “အော်သံခြင်းတူတူ.. အချိန်ရယ်နေရာရယ်လွဲရင် အဓိပ္ပါယ်ကွဲတဲ့ လောကကြီးမှာ ကျွန်တော်ဟာ အဆိုးတွေချည်းပဲသယ်ဆောင်လာမယ့် ငှက်တစ်ကောင် မဟုတ်ပါဘူး မေမေ” တဲ့.. ကောင်လေးအတွေးများကို သိနေသလိုပင် ကြယ်ကလေးတွေက ပြုံးနေကြသည်.. ကြယ်တွေအများကြီးပဲ.. လမရှိသောည၏ ကြယ်များက တောက်ပဝင့်ကြွားလွန်းသည်.. ခုနှစ်စဉ်ကြယ်တန်းက ၇ နဲ့ သိပ်မတူလှပါဘူး ပြောကြလွန်းလို့ သူတို့ကိုယ်သူတို့ ပိုမိုကွေးညွတ်ရန်ကြိုးစားနေကြ၏.. ခွန်ဆန်လောနဲ့ နန်းဦးပြင်ကလည်း ကြားကတံပိုးလေးကိုကျော်ဖြတ်ပြီး ဆုံစည်းနိုင်ဖို့ ကြိုးစားဆဲ..

အားလုံးသူ့အလုပ်တွေနဲ့သူ ရှုပ်နေကြပါလား.. ကောင်လေး စဉ်းစားတွေဝေသွားသည်.. ငါရော ဘာလုပ်နေတာလဲ.. အဖြေရှာမရပါ.. အားကိုးတကြီးဖြင့် ဘေးမှာချထားသော ကော်ဖီခွက်ကလေးကို လှမ်းမေးလိုက်သည်.. `ငါဘာလုပ်နေတာလဲဟင်´.. ကော်ဖီခွက်ကလေးက မဖြေအား.. သူ့ထဲမှာရှိနေသော ကော်ဖီတွေ အေးမသွားအောင် မနည်းချော့မော့ ထိန်းသိမ်းနေပုံရသည်.. ကော်ဖီရည်များကလည်း မနေ.. ညလေအေးအေးအောက်မှာမို့ ပူနွေးခြင်းအခြေအနေကနေ အေးစက်ခြင်းအခြေအနေကို ရောက်အောင် အလုအယက်ကြိုးစားနေကြသည်.. မေးတာကိုမဖြေဘဲ အလုပ်ရှုပ်နေကြသောကြောင့် နည်းနည်းအမြင်ကပ်သွားသဖြင့် အေးစက်စပြုနေသည့် ကော်ဖီရည်များကို အလျင်အမြန်မျိုချပစ်လိုက်သည်.. ကော်ဖီများက ဝမ်းဗိုက်ထဲသို့ အလုအယက်ခုန်ဆင်းကြပြန်သည်.. ဒီကောင်တွေ ဘယ်နေရာမဆို အလုအယက်ပဲ လုပ်တတ်ကြတယ်ထင်တယ်.. `ကဲ ကော်ဖီတွေလည်းမရှိတော့ဘူး.. ဒီတော့ ငါမေးနေတာကို အခုဖြေတော့´.. ကော်ဖီခွက်ကလေးကို ခခယယတောင်းဆိုလိုက်သော်လည်း ခွက်ကလေးက အသက်မဲ့စွာငြိမ်သက်သွားသည်.. ကောင်လေး အူကြောင်ကြောင်ဖြစ်သွား၏.. စံပယ်ပင်များဆီမှ အသံကြားရပြန်သည်.. `ကော်ဖီမရှိမှတော့ ကော်ဖီခွက်ဆိုပြီးရှိပါဦးမလား.. သွားမေးနေလည်း ဟိုက ဘယ်လိုဖြေနိုင်မှာလဲ.. အလကား သိလည်းမသိဘူး´ ..

အော် ဒီလိုလား.. ကောင်လေးက ကော်ဖီခွက်ကလေးကို မကာ သေချာကြည့်လိုက်သည်.. ခုနက ကော်ဖီရည်များကို ချော့မော့ထိန်းသိမ်းနေသည့် မျက်နှာချိုချိုကော်ဖီခွက်လေးမှာ ခုတော့ မျက်နှာထားတည်တည်နှင့် မျက်စိများမှိတ်လျက်.. ကော်ဖီမထည့်ထားရင် ကော်ဖီခွက်ဆိုတာ မဖြစ်နိုင်တော့ဘူးပေါ့လေ.. ကော်ဖီကခွက်ထဲမှာနေတယ်.. ကော်ဖီခွက်က ကော်ဖီကိုထိန်းသိမ်းတယ်.. ကြယ်တွေကအလင်းပေးတယ်.. ပန်းတွေက အနံ့မွှေးတယ်.. လေက ပန်းရဲ့အနံ့ကိုသယ်ဆောင်တယ်.. ဂစ်တာက အသံမြည်တယ်.. ငါ့ဦးနှောက်က ကဗျာတွေကို မှတ်တယ်.. ငါ .. လူသားက ဘာလုပ်နေတာလဲ.. ဒုတိယအကြိမ်အဖြစ် ကောင်လေးက တွေးပြန်သည်..

အဖြေရှာမရဘဲ စိတ်ရှုပ်ထွေးလာသဖြင့် ကောင်လေးသည် အခန်းထဲသို့ ပြန်ဝင်ခဲ့၏.. အိပ်ရာပေါ်ပစ်လှဲချလိုက်ရင်း ဘာမှမတွေးဘဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်ဖို့ ကြိုးစားမိသည်.. အိပ်ရာတစ်ခု၏ တာဝန်ကို အစွမ်းကုန်ကျေပွန်သော ကောင်လေး၏အိပ်ရာလေးသည် နူးညံ့သောအိစက်ညက်ညောမှုနှင့် နွေးထွေးမှုကိုပေးပြန်၏.. ကောင်လေး၏ ဦးနှောက်များက မျက်လုံးများကို အနားယူရန်စေခိုင်းနေသည်.. မျက်ခွံများကလည်း လိုက်နာကြသည်.. စိတ်များကလည်း လိုက်နာကြသည်.. ခေါင်းထဲက အတွေးရှုပ်ရှုပ်များအားလုံးကိုမေ့ပြီး အိပ်ပျော်သွားဖို့ ကောင်လေး၏ ခန္ဓာကိုယ်ထဲမှ အရာများ ဟန်ချက်ညီညီ အလုပ်လုပ်ကြပြီး နောက်ဆုံးတွင် တာဝန်ကျေပွန်သော သက်ရှိသက်မဲ့ သဘာဝတရားများကြား လူသားတာဝန်ဘာဆိုသည်ကို နားမလည်သည့် လူသားတစ်ဦး အိပ်မောကျသွားပါတော့သည်..

No comments:

your comment please

Powered by Blogger.