အရှက်

“တစ်ယောက်ယောက် ပုခုံးကိုမှီပြီး ငိုပစ်ချင်နေတာ” လို့ နန်းကပြောသောအခါ.. မောင်က မေးပါသည်.. “တစ်ယောက်ပုခုံးကိုမှီပြီး နောက်တစ်ယောက်ကိုလွမ်းလို့ငိုချင်တယ်ပေါ့” တဲ့.. နန်းသိပ်အံ့သြသွားပါသည်.. ပြီးတော့ မျက်နှာကို ရေနွေးပူနဲ့ပက်လိုက်သလိုပင် ပူနွေးရှက်ရွံ့သွား၏.. နန်းဟာ အဲ့သည်လောက်တောင် အာရုံထွေပြားတတ်သူလား.. “ကမ္ဘာပေါ်မှာ ငါ့လောက် ယုံကြည်စရာမကောင်းတဲ့လူ မရှိတော့ဘူးထင်တယ်”ဟူသောအတွေးက နန်းကို ချက်ချင်းပင် ဖိစီးနှိပ်စက်ပါသည်..

မောင့်ကို ချက်ချင်းပဲ ဖြေရှင်းချက်ပြန်ပေးလိုက်သင့်တာလို့ နောက်ပြန်တွေးမိမှ နန်း နောင်တရနေပါသည်.. နန်းကအမြဲဒီလိုပဲ တွေဝေတတ်သူဖြစ်သည်.. အလုပ်ကိစ္စများ.. အခြားသော ပြဿနာရပ်များအတွက် ပြတ်သားသော.. သေချာခိုင်မာသော ဆုံးဖြတ်ချက်များကို ချနိုင်သော်လည်း ကိုယ်ပိုင်နှလုံးသားနှင့် ပတ်သက်လျှင် အလွန်မပြတ်မသား တွေဝေတတ်သူဖြစ်ပါသည်.. ဂျူး၏ “ကြာတော့သည်လည်းမောင့်စကား” စာအုပ်ကိုဖတ်ပြီး မျက်ရည်ကျသည်အထိ ငိုကြွေးရတတ်သူ နန်းသည် ထိုမျက်ရည်များ ဘာအတွက်ကြောင့် ကျရသည်ဟုလည်း နားလည်နိုင်ခဲ့သူမဟုတ်ပါ..

ထိုသို့သောစကားမျိုးကို မောင်ပြောထွက်လာအောင် နန်းဘက်က ဘာတွေများကျူးလွန်မိခဲ့လို့လဲဟု ပြန်စဉ်းစားကြည့်မိတော့.. နန်းရဲ့အပြစ်တွေက တော်တော်ကြီးမားတာပဲလို့ ပြန်မြင်လာပါသည်.. နန်းစိတ်ဓာတ်ကျ စိတ်ညစ်နေတိုင်း မောင်က ပျာပျာသလဲအားပေးတတ်တာ.. နန်းစိတ်ကျေနပ်အောင် စိတ်ပြေအောင် မောင်အမျိုးမျိုးကြိုးစားတတ်တာ.. နန်းကတော့ဖြင့် အဲဒါတွေကို အသိအမှတ်မပြုတတ်ခဲ့.. မောင့်ကြင်နာမှု ယုယမှုတွေကို တန်ဖိုးမထားခဲ့ပါလား.. မကြာခဏထွေပြား ယိုင်နဲ့သွားတတ်တဲ့ နန်းရဲ့အာရုံတွေကို မောင်က သည်းခံခွင့်လွှတ်ပေးခဲ့သည်.. မိမိရင်ခွင်ထဲမှာနေလျက် အခြားယောက်ျားလေးတစ်ယောက်ကို သတိရနေတတ်သည့် မိန်းမတစ်ယောက်အပေါ် မောင်ဘယ်လိုချစ်ခြင်းမျိုးနဲ့ ခွင့်လွှတ်နေခဲ့နိုင်သလဲ.. နန်းစဉ်းစားလို့မရနိုင်ခဲ့..

နန်းသည် တစ်ခုခုအပေါ် စိတ်ပျက်ငြီးငွေ့လွယ်သူ.. ကြောက်စရာကောင်းလောက်အောင် စိတ်အပြောင်းအလဲ မြန်သူဖြစ်သည်.. ပစ္စည်းတစ်ခုအပေါ်.. ကိစ္စတစ်ခုအပေါ်.. လူတစ်ဦးတစ်ယောက်အပေါ်.. ကြာရှည်အာရုံတည်တံ့မနေတတ်ဘဲ.. အလွယ်တကူ ငြီးငွေ့တတ်သူ.. ခုဒါ ခဏနေ ဟိုဟာ..
ယောက်ျားလေးများကိုလည်း ခဏနေသဘောကျလိုက် နောက်ခဏနေ မကြိုက်လိုက် ရှိပြန်တတ်သေးသည်.. “နန်းက သဘောကျတယ်ဆိုတာ.. သဘောကျရုံလေးကျတာပါ မောင်ရ.. ဟိုလိုစိတ်မျိုးတွေနဲ့ ကြိုက်တာ ချစ်တာ မဟုတ်ဘဲ.. ကိုယ့်အရုပ်လေးတွေကို သဘောကျတာမျိုး အဲလိုမျိုး..” အူလည်လည်စကားတွေဖြင့် မောင့်ကိုရှင်းပြတုန်းက မောင်ကပြုံးလို့သာနေခဲ့သည်.. ဒါလုပ်ရင်များပျော်မလား ဆိုသောမျှော်လင့်ချက်ဖြင့် စမ်းလုပ်လိုက် .. မျှော်လင့်ချက်မဖြစ်မြောက်သောအခါ စိတ်ဓာတ်ကျလိုက်.. နောက်တစ်ခု မျှော်လင့်လိုက်ဖြင့် နန်း၏ ပျော်ရွှင်မှုရှာပုံတော်များထဲမှာ မောင်ဘယ်လို ရှင်သန်နေထိုင်ခဲ့သလဲ.. ဒါမှမဟုတ် နန်းကိုယ်တိုင်တောင် မသိသော နန်းရဲ့စိတ်အပြောင်းအလဲများကို မောင်က ခန့်မှန်းတတ်နေပြီး မျှော်လင့်ချက်ပျောက်ဆုံးလဲပြိုတိုင်း ဖေးမပေးဖို့ အနားမှာရှိနေခဲ့တာလည်း ဖြစ်နိုင်ပါသည်..

ဒါပေမယ့်လည်း နန်းဘာပြောပြော.. တခြားယောက်ျားလေးများနဲ့သာ ယှဉ်တွဲပြီးတွေးတော့မှာလား.. စိတ်ဓာတ်ကျနေချိန်မှာ မောင့်ပုခုံးများကို တမ်းတစိတ်ဖြင့် ငိုကြွေးလိုသည်ကို တခြားတစ်ယောက်ကို လွမ်းလို့ငိုချင်တာလားလို့ မောင်မေးရက်ခဲ့သည်ပေါ့.. မောင်ဟာ ကျွန်မစိတ်ကို အမြဲတော့ မှန်ကန်အောင် မဖတ်နိုင်ဘူးလို့ သိလိုက်ရတာနဲ့အတူ.. ကျွန်မ မောင့်အပေါ်ဆက်ဆံခဲ့သည်များကိုလည်း နောင်တရကာ စိတ်ပူလောင်သွားပါသည်..

ပြီးတော့ နန်း၏မျက်နှာ ဖြန်းခနဲ ပူနွေးသွားသည်မှာ အရှက်ကြောင့်ဖြစ်ပါသည်..

10 comments:

  1. နန်းညီ
    လာဖတ်သွားတယ်
    စာကြောင်းတစ်ကြောင်းသဘောကျလို့
    ဘယ်ဟာလဲတော့ပြောတော့ဘူးနော်..း)

    ReplyDelete
  2. ဆက်ရန်ရှိတယ်မဟုတ်လားဟင်....။ အောက်မှာ ဘာမှေ၇းမထားလို့။
    **မိမိရင်ခွင်ထဲမှာနေလျက် အခြားယောက်ျားလေးတစ်ယောက်ကို သတိရနေတတ်သည့် မိန်းမတစ်ယောက် ** ဆိုလို့ နည်းနည်း ဖျားတွားတယ်.. စောင့်ဖတ်မယ်..။

    sin dan lar

    ReplyDelete
  3. တင်တင်ဇော်ကို အမှတ်ရသွားသည်။
    မကြာခဏ ကိုယ့်ကိုကိုယ် ဖြိုးနေရာက ဝင်နေကြည့်ဖူးလို့ပါ...

    ReplyDelete
  4.ဲဖြိုးက တင်တင်ဇော့် သူငယ်ချင်းပါ... ပြီးတော့စာကိုကြားထဲကဖျောက်ထားတဲ့ကောင် နန်းကလည်း တင်တင်ဇော်ထက်ပိုဆိုးတယ်လေ ...ဟိုကောင်လေးအချစ်တွေ နှမျောစရာ..

    ReplyDelete
  5. နန်းက မိန်းမတစ်ယောက်ရဲ့ ဖွင့်ဟ၀န်ခံချက်ထဲက မိန်းမလောက်အရှက်နည်းတာမျိုးမှမဟုတ်တာ။ ယောင်္ကျားနှစ်ယောက်အထူးသဖြင့် (ရည်စားနှစ်ယောက်ပြိုင်တူထားပြီး အဲဒီနှစ်ယောက်ကိုဆုံခိုင်တားမျိုးလေ...

    ReplyDelete
  6. နန်းရေ.... အရေးအသားလေးညက်လိုက်တာ.. တကယ်ကောင်း

    ReplyDelete
  7. အရေးအသားလေးတွေ ကောင်းတယ် ညီ
    ရေးတတ်ချင်လိုက်ပါဘိး)

    ReplyDelete
  8. အရေးအသားက တကယ့်ကိုပဲ ကောင်းတယ် နန်းညီရေ။

    ReplyDelete
  9. ခင်စမ်းဝင်း မဟုတ်ဖူးလားဟင်... ကြာတော့သည်လည်းဘွိုင်းက မေ့ပြီပေါ့... ဟော့ဟော့...။

    ReplyDelete
  10. နန်းညီရေ .. ရေးထားတာလေး သဘောကျတယ် ..း)

    ReplyDelete

your comment please

Powered by Blogger.