ဆုံနိုင်ခွင့်ကိုခံစားခြင်း

နှစ်ကိုယ်တူ ဝေးတဲ့အချစ်လေးများ..
မဖြေနိုင်အလွမ်းများ ငြိတွယ်ဆဲ
သိပ်မြတ်နိုးတဲ့ နှောင်ကြိုးလေးအတွက်
ဖြေသိမ့်စရာလည်း မတွေ့နိုင်
နွံအိပ်မက်ထဲ ကျွံနေဆဲပဲ
အကြင်နာစိတ်အတွက် မျက်ရည်ဝဲ
နွေကန္တာခရီး ဘယ်အထိဆက်ပြီး သွားရမှာလဲ
ကျွမ်းလုပြီအသည်း..

ဆုံနိုင်ခွင့်လေး တမ်းတမိတယ် ဘယ်တော့လဲ
ရင်မောစွာ အလွမ်းရက်ဆက်လို့ မဆုံးအောင်ပဲ
ဆန္ဒလေး သိမ်ငယ်..
တို့ဆုတောင်းလေးများ ဘယ်မှာပြည့်မလဲ
ရင်မောစွာ မင်းမေ့သွားမှာကိုစိုးတယ်..

အဲလက်စ်နဲ့ ထွန်းအိန္ဒြာဗိုလ်ဆိုထားတဲ့ သီချင်းလေးပါ.. နားထောင်ဖူးကြလားတော့ မသိဘူး.. ကြာပြီ.. နန်းညီတို့ ခပ်ငယ်ငယ်ကတည်းက နားထောင်ဖူးတာ.. သီချင်းရေးတဲ့သူကိုလည်း မသိဘူး.. အဲလက်စ်ကိုသိပ်မကြိုက်သလို ထွန်းအိန္ဒြာဗိုလ်အသံကိုလည်း မုန်းပါတယ်.. ဒါပေမယ့် ဒီသီချင်းလေးကိုတော့ ကြိုက်မိတယ်..

သိပ်ချစ်ကြတဲ့လူနှစ်ယောက် ဝေးနေကြရတဲ့အခါ.. တစ်ယောက်နဲ့တစ်ယောက် လွမ်းနေရတဲ့ ဝေဒနာကို တခြားဘယ်အရာကမှ အစားထိုးဖြေသိမ့်မပေးနိုင်ဘူးလေ.. ဘာလုပ်လုပ် ဘယ်သွားသွား ဘာစားစား ဘယ်သူပဲ အနားမှာရှိရှိ.. ဒါလေးကတော့ သူသိပ်ကြိုက်တာ.. ဒီနေရာလေးပေါ့ သူသွားချင်တယ်ပြောတာ.. ဒါမျိုးလုပ်ရင်တော့ သူကြိုက်ပါ့မလား.. ဒီကောင့်နေရာမှာ သူသာဆိုရင်.. အဲလိုပေါ့လေ.. ဘာလေးတွေးတွေး သူနဲ့ပဲအဆုံးသတ်သွားတတ်တာ..

ဒီသီချင်းမှာဆို "နွံအိပ်မက်ထဲ ကျွံနေဆဲပဲ" ဆိုတဲ့နေရာလေးကို အထူးပဲကြိုက်မိတယ်.. အိပ်မက်ကို နွံလို့ သူတင်စားထားတာက လှုပ်လေမြုပ်လေ.. ကြာလေနစ်လေဆိုတဲ့သဘောပဲ.. ဆိုတော့ကာ.. အိပ်မက်တွေ စိတ်ကူးတွေက သူ့ကိုပိုပြီး ကျွံစေတယ်.. မကောင်းဘူး ဆိုလိုတာလား.. တစ်ခါတလေမှာ အိပ်မက်တွေကြောင့် ပိုခံစားရစေတယ်.. ပိုပြီး နာကျင်ရစေတယ်.. မျှော်လင့်စိတ်ကူးထားပြီးမှ ဖြစ်မလာတဲ့လက်တွေ့ကြောင့် ငိုကြွေးကြရတယ်.. သူလျှောက်နေရတဲ့လမ်း.. သွားနေတဲ့ခရီးဟာ ပူလောင်လွန်းလို့ နွေကန္တာခရီးတဲ့.. အဲဒိနေရာမှာ အဲလက်စ်ရဲ့အသံကလည်း ကြေကြေကွဲကွဲ..

ထွန်းအိန္ဒြာဗိုလ်ရဲ့အပိုဒ်တွေကတော့ ရှင်းပါတယ်.. ရှင်းရှင်းလေးနဲ့ပဲ ရင်ကိုထိတယ်.. "ရင်မောစွာ အလွမ်းရက်ဆက်လို့မဆုံးအောင်ပဲ" လား.. "အလွမ်းရက်စက်လို့"လား.. ဘယ်တစ်ခုဖြစ်မလဲမသိပေမယ့်.. နှစ်ခုစလုံးကလှပါတယ်.. နေ့တိုင်းရက်တိုင်း အလွမ်းတွေဆက်နေတာ.. အဲသည့် အလွမ်းတွေက ရက်စက်လွန်းတာ.. သူ့ဆန္ဒတွေတောင် သိမ်ငယ်ရတဲ့အထိ.. "ဆန္ဒလေးသိမ်ငယ်"ဆိုတာလေးက ရှေ့က "နွံအိပ်မက်"ဆိုတာလေးကို ပြန်ပြီးလေးနက်သွားစေတယ်.. မ၀ံ့မရဲဖြစ်နေတာ.. လက်တွေ့ကမ္ဘာက ဆန္ဒတွေကို ဖိနှိပ်ထားတာ.. မဖြစ်နိုင်တဲ့ အိပ်မက်တွေနဲ့ ရူးသွပ်နာကျင်နေတာ..

ရင်မောစွာ မင်းမေ့သွားမှာကိုစိုးတယ်တဲ့.. စောင့်စားရလွန်းလို့ သိမ်ငယ်ရလွန်းလို့.. အိပ်မက်တွေက နွံတွေလိုပဲ လှုပ်လေမြုပ်လေဖြစ်စေလွန်းလို့ ရင်မောလွန်းပြီး မေ့ပစ်လိုက်မှာကို စိုးတယ်လို့ ပြောချင်တာထင်တယ်.. တစ်ခါတလေမှာ ကိုယ်ခံစားရတာတွေက မချိမဆန့်ဖြစ်လွန်းတော့ အချစ်ဆိုတာကြီးကို မလိုချင် မသိချင်တော့လောက်အောင် ဖြစ်တတ်တာ.. လူတိုင်းဖြစ်ဖူးကြမယ်ထင်ပါတယ်.. အဲဒိ ဒုက္ခတွေကို ကျော်ဖြတ်နိုင်တာ သည်းခံနိုင်တာ.. နည်းတဲ့ စိတ်ဓာတ်အင်အား မဟုတ်ဘူးလေ.. သည်းခံနိုင်ကြသူများကို လေးစားပါတယ်.. အားလည်းကျမိတယ်..

ပြီးတော့ ရင်မောပါတယ်..


5 comments:

  1. စောခူဆဲလ်လို့တော့ ထင်ပါသည်။သို့သော် မသေချာပါ။

    အဲ့ဒိနှစ်ယောက်လုံးကို မကြိုက်သော်လည်း အဲ့ဒိသီချင်းလေးကိုတော့ ကြိုက်ပါသည်။(တူနေလို့ လက်ဘက်ရည်တိုက်ဗျာ)

    ဒိထက်ပိုပြီး အကျယ်လေးချဲ့လိုက်ရင် ပိုလှသွားမလားလို့..
    (အကျင့်လေးပါနေလို့ ဆရာလုပ်ကြည့်တာပါ..။)

    အောက်ဆုံးက အပိတ်တော့ ကြိုက်တယ်၊လေးနက်ပါတယ်။

    ReplyDelete
  2. သီချင်းကိုလည်းကြိုက်ပါသည်။
    ဆိုထားတာ ထွန်းအိန္ဒြာဗိုလ် ကိုလည်း ကြိုက်ပါတယ်..(Agree to Disagree :P)
    အဲလက်စ်ကိုတော့ သာမန်ပါပဲ...
    နောက်ဆုံးအပိတ်မှာ ထွန်းအိန္ဒြာဗိုလ် ဆိုလိုက်တဲ့ ရင်မောစွာမင်းမေ့သွားမှာကိုစိုးတယ်..နောက်ဆုံးမှာ မင်းမေ့သွားမှာ ကိုဆိုးတယ်ဆိုတဲ့နေရာလေးက စိုးရိမ်စိတ်ကလေးနဲ့မောနေသလိုလေး...အရမ်းကြိုက်တဲ့သီချင်းပါ ညီမရေ..

    ReplyDelete
  3. အဲ.. မနန်းတစ်ယောက် အပြတ်ကိုကြေကွဲနေပါလားဟေ့..
    ထွန်းအိန္ဒြာဗိုလ်ကိုမုန်းတယ်ဆိုပဲ.. သားသားအကြိုက်ဆုံးကသူပဲဂျ..း(
    ချမလားတစ်ပွေချင်း.. ဟင့်..
    အဲ့သီချင်းစပေါ်စက သားလည်းငယ်ငယ်လေးပဲရှိတေးတာ..း) တူတူဘဲနော်

    ReplyDelete
  4. ဆုံနိုင်ခွင့်ကို ခံစားလို့ရတယ် ...
    အဲလက်စ်ကို ကြိုက်တယ် ဒါပေမယ့် အရင်က သူ့ သီချင်းတွေကိုပိုကြိုက်တယ် နောက်ပိုင်း သီချင်းတွေကို အဲလောက်မဟုတ်ဘူး ...
    အကိုကတော့ ထွန်းအိန္ဒြာဗိုလ်ကိုတော့ အရမ်းကြိုက်တယ်၊ အသံ၊ ဆိုပေါက်နဲ့ ပါဖောမန့် အပိုအလိုမရှိ ... ကြိုက်တယ် ... သူ့ သီချင်းတော်တော် များများက Heart ထိတယ်လေ ...
    အိပ်မက်ဆိုတာ နွံလို့ တင်စားထားတာလေးတော့ သိပ်လှတယ် ...
    တကယ်တော့ နွံဆိုတာတွေက တကယ့်မြေပြင်အစစ်လို့ ထင်မှတ်ရပေမယ့် သူထဲကျသွားတဲ့အခါ အစစ်မဟုတ်ပဲ လှုပ်လေ မြုတ်လေ မဟုတ်လား ...
    ချစ်သူနှစ်ဦးရဲ့ ဆုံနိုင်ခွင့် အိပ်မက်ဟာလည်း တကယ့်အစစ်အမှန်လို့ ထင်ရပေမယ့် တကယ်တော့ ကျွံဝင်နစ်မြုပ်စေမယ့် နွံတစ်ခုလိုပေါ့လေ ...

    ReplyDelete

your comment please

Powered by Blogger.