ကြယ်ပုံပြင်

ကျွန်မ အသက် ၁၁ နှစ်လောက်ကတည်းက ကြယ်ကလေးတစ်လုံးဖြစ်ခဲ့ပါသည်.. အမြဲ ဖြစ်နေခြင်းတော့မဟုတ်.. လူ့လောကကြီးထဲက အခက်အခဲတွေကို ရင်ဆိုင်ဖို့ နောက်တွန့်တိုင်း.. လောကကြီး၏ ရှုပ်ထွေးမှုတွေနဲ့ ကင်းဝေးလိုတိုင်း ကြယ်ကလေးအဖြစ်သို့ပြောင်းကာ ပုန်းခိုပျော်ရွှင်မြဲဖြစ်သည်.. ထိုစဉ်က လောကကြီးကို ပုန်းရှောင်ခြင်းဆိုသည်မှာ ကျက်မှတ်စရာစာအုပ်များ သင်ခန်းစာများမှ ထွက်ပြေးခြင်း သက်သက်မျှသာ ဖြစ်ပါသည်.. သို့သော် ယခု အသက်အရွယ်ကြီးလာလေ.. ပုန်းရှောင်ချင်သော အရာတွေက များလာလေ.. မကြာခဏ ကြယ်လေးအဖြစ်သို့ ကူးပြောင်းမိလေ ဖြစ်၏..

ကြယ်လေးအဖြစ် ရောက်သွားခြင်းအစမှာ မြန်မာ့ရိုးရာပုံပြင်များဆိုတဲ့ စာအုပ်တစ်အုပ် ဖတ်ရခြင်းက စပါသည်.. ထို စာအုပ်များထဲမှာ ပိုနေမြဲ ကျားနေမြဲ.. ကျီးဘုတ်ရိုသေ ဘုတ်ကျီးရိုသေ.. အတတ်ကျူးအရူးဖြစ် စသည့် စကားပုံ ပုံပြင်များအပြင်.. လူသန်ကြီး အင်ခွန်ဂျဝါ.. ရှင်မွေ့နွန်းနဲ့ မင်းနန္နာတို့အကြောင်း.. ကြယ်ကလေးတွေ ဖြစ်သွားကြသည့် ခွန်ဆန်လောနှင့် နန်းဦးပြင်တို့ အကြောင်းတွေ.. တော်တော်ကို စုံလင်ပါသည်.. အဲသည့်ထဲကမှ ပုံပြင်သက်သက်အနေဖြင့်မဟုတ်ဘဲ ကျွန်မပါ စွဲလမ်းရူးသွပ်စွာ ကြိုက်နှစ်သက်ခဲ့သည့် ပုံပြင်ကတော့ “ခွန်ဆန်လောနဲ့ နန်းဦးပြင်”အကြောင်းပါပဲ..

အဲသည့်ပုံပြင်ကို သိသူတွေက သိကြပါသည်.. မသိသူတွေဖတ်ဖို့ ကျွန်မရေးပြချင်ပါသည်..

ခွန်ဆန်လောက ချမ်းသာတဲ့ ကုန်သည်မျိုးရိုးကပေါက်ဖွားလာတဲ့ လူငယ်လေးတစ်ဦးပါ.. မိဘလုပ်ငန်းဖြစ်တဲ့ ကုန်သွယ်တဲ့အလုပ်ကို လုပ်ကိုင်နေတဲ့ တက်ကြွတဲ့လူငယ်လေးပေါ့.. တစ်နေ့မှာတော့ ကုန်သွယ်သွားရင်း မြို့တစ်မြို့ကိုဖြတ်သွားရတုန်း အိမ်တစ်အိမ်ရဲ့ ၀ရံတာလေးမှာ ရပ်နေတဲ့ နန်းဦးပြင်လေးကို တွေ့သွားခဲ့ပါသည်.. နန်းဦးပြင်ကတော့ ဆင်းရဲတဲ့မိဘတွေကို ပင်ပင်ပန်းပန်းပြုစုစောင့်ရှောက်နေတဲ့ မိန်းမပျိုလေးပါပဲ.. နောက်တော့ သူတို့ချစ်ကြိုက်သွားကြသည်.. ချစ်ကြိုက်ကြသွားပြီးနောက် အတူတူတစ်သက်မခွဲနေရဖို့နဲ့ အကယ်၍များ သေသွားခဲ့ရင်တောင် ကောင်းကင်မှာ ကြယ်လေးတွေအဖြစ်နဲ့ ပြန်ဆုံခွင့်ရပါစေလို့ အတူတူ ဆုတောင်းခဲ့ကြသေးသည်တဲ့.. သူတို့လက်ထပ်ကြဖို့ ပြင်ဆင်တော့ ခွန်ရဲ့မိဘများက (အထူးသဖြင့် သူ့မိခင်က) ဆင်းရဲသော နန်းဦးပြင်လေးနဲ့သဘောမတူပါ.. သို့သော် သူ့သားလေးက သိပ်ချစ်နေလေတော့ ခွဲလိုက်လျှင် သူ့သားကိုပါဆုံးရှုံးသွားမှာကို စိုးရိမ်ဟန်တူပါသည်.. သူတို့ကို ကြည်ဖြူလေဟန်ပင် လက်ထပ်ပေးလိုက်ကြ၏.. လက်ထပ်ပြီးနောက် အိမ်ထောင့်တာဝန်တစ်ရပ်အနေဖြင့်ဟု ဆိုကာ.. ခွန်ဆန်လောကို တစ်မြို့တကျေးကို ကုန်ရောင်းလွှတ်လိုက်ကြပါသည်.. ခွန်မရှိချိန်မှာတော့ နန်းဦးပြင်လေးကို အမျိုးမျိုးနှိပ်စက်ကာ အိမ်မှနှင်ထုတ်လိုက်ကြသည်.. နန်းက အိမ်ကထွက်သွားရပြီး လမ်းမှာပင် အပြင်းဖျားကာ သေဆုံးသွားပါသည်.. အဲသည့်ရွာက ရွာသားများကပင် နန်းကို မြေမြှုပ်သဂြိုဟ်လိုက်ကြ၏.. နန်းက သေသွားတော့ ကြယ်အနီလေး အဖြစ် ကောင်းကင်မှာ ပေါ်လာပါသည်..

ခွန်ဆန်လောပြန်ရောက်တော့ သူ့မိန်းမမရှိတော့တာသိရပြီး.. သူ့အမေက နှင်ထုတ်လိုက်တာလည်း သိလိုက်ရတော့ သူ့အမေကိုလည်း ပြစ်တင်ပြောဆိုပြီး နန်းကို လိုက်ရှာပါတော့သည်.. နောက်တော့ နန်းဦးပြင်သေသွားသော ရွာကလေးကိုသူရောက်သွား၏.. သူ့ချစ်သူ သေဆုံးရသည်ကို ကြည့်ပြီး ရင်ကွဲနာကျကာ သူလည်းသေသွားပါသည်.. နောက်တော့ ကြယ်အနီလေးရဲ့ မလှမ်းမကမ်းမှာ ကြယ်အပြာလေးအဖြစ် ရောက်ရှိသွား၏.. ရွာသားများကလည်း သိပ်ချစ်သောချစ်သူနှစ်ဦးမို့ မြေပုံကို ယှဉ်လျက်ပင် မြှုပ်နှံလိုက်ပါသည်.. သို့သော် ခွန်ဆန်လော၏ မိခင်ကလည်း သိပ်မကြာခင်မှာပင် ထိုရွာသို့ ရောက်လာပြီး ယှဉ်တွဲရှိနေသော မြေပုံနှစ်ခုကိုမြင်ပြီး.. နန်းဦးပြင်ကြောင့် သူသားသေဆုံးရသည်ဟု မကျေမနပ်ဖြစ်ကာ မြေပုံနှစ်ခုအလယ်တွင် အဆစ် ၃ ဆစ်ပါသော ၀ါးလုံးတစ်လုံးကို ချထားလိုက်၏.. အဲသည့် ၀ါးလုံးလေးက ခွန်နဲ့နန်းကြားမှာ သုံးလုံးတန်းကြယ်ကလေးအဖြစ် ပေါ်လာပါသည်.. ကောင်းကင်ကို ကြည့်လျှင် မောင်ရင်ဆိုင်းထမ်းဟုလည်း ခေါ်ကြသည့် ကြယ်သုံးလုံးတန်းလေး တစ်ဖက်တစ်ချက်စီမှာ ကြယ်အနီနဲ့ အပြာလေးကို မြင်ရမှာဖြစ်သည်..

အဲသည့်ပုံပြင်လေးကို ဖတ်ပြီးတော့ ခွန်နဲ့နန်းကို သနားသောစိတ်ဖြင့် ကျွန်မ နာကျင်ခဲ့ရသေးသည်.. သူ့အမေကြီးကလည်းနော်.. လူ့ဘ၀တင်မဟုတ်ဘဲ ကြယ်လေးတွေဘ၀မှာတောင် ပေးမဆုံချင်ဘူးလား.. မကြွေမလွင့် ဖြစ်တည်နေတဲ့ကြယ်ဘ၀မှာ မြင်လျက်နဲ့ ကြားကကြယ်တန်းလေးကြောင့် မဆုံစည်းကြရတဲ့ ချစ်သူနှစ်ဦး ရင်ထဲမှာ ဘယ်လိုများခံစားနေရမှာပါလဲ.. သူတို့ကို သနားလှသောကြောင့် နန်းဦးပြင်ဖြစ်သော ကြယ်အနီလေးရဲ့ အနီးဆုံးက ကြယ်လေးကို ကျွန်မအဖြစ် သတ်မှတ်လိုက်မိပါသည်.. နန်း ၀မ်းနည်းငိုကြွေးတိုင်း ကျွန်မအားပေးမည်.. နန်းတို့တွေ့ဆုံခွင့်ရဖို့ ကျွန်မ တတ်နိုင်သလောက်ကူညီမည် ဟူသော ကလေးစိတ်ကူးလေး ဖြစ်ခဲ့ပါသည်.. တစ်ချို့ကပြောကြသည်မဟုတ်လား တစ်နှစ်တခါ (မည်သည့်လပြည့်လည်းတော့မသိ).. အဲသည့်လပြည့်ညဆို ကြားက ၀ါးဆစ်ကြယ်လေး မှိန်ဖျော့ပျောက်ကွယ်သွားကာ သူတို့နှစ်ဦး တစ်ညတာ ဆုံခွင့်ရှိကြသည်တဲ့..

ညတိုင်းမဟုတ်ရင်တောင် တစ်ညခြား.. တစ်ပတ်ကို ၅ ရက်ခန့်တော့ ကြယ်လေးတွေကို ကျွန်မ မော့ကြည့်ဖြစ်သည်.. နန်းအနားက ကျွန်မကိုယ်ကျွန်မ ပြန်မြင်ရလျှင် စိတ်ချမ်းသာပါသည်.. မိုးတွင်းဘက်တွေ တိမ်ဖုံးနေတဲ့နေ့တွေ.. ကြယ်တွေကို ကျွန်မ မမြင်ရလျှင် စိတ်ထဲမှာ လစ်ဟာနေတတ်သည်.. ကျွန်မသူငယ်ချင်း နန်းဦးပြင်လေး ဘယ်နားမှာလဲ.. ကျွန်မကိုရော သူမြင်ရရဲ့လား.. တိမ်တွေကလည်းကွယ်.. ကျွန်မတို့ တစ်ယောက်နဲ့တစ်ယောက် မမြင်ရအောင် ကာဆီးထားရက်သလား.. နန်းမှာ သူငယ်ချင်းဆိုလို့ ကျွန်မပဲ ရှိရှာတာပါ.. ခွန်နဲ့နန်းကို မမြင်ရသောအခါ.. ကျွန်မကိုယ်ကျွန်မ ပြန်မမြင်ရသောအခါ မချင့်မရဲစိတ်ဖြင့် ကျွန်မအိပ်ရာဝင်ရပါသည်.. ကြယ်ကလေးတွေ ကောင်းကင်မှာ တောက်ပလင်းလက်နေသည်ကိုမြင်ရလျှင် ကျွန်မစိတ်ချမ်းသာပါသည်..

ဟိုးကောင်းကင် တစ်နေရာမှာ ကျွန်မလင်းလက်နေသည်.. ကျွန်မသူငယ်ချင်းအတွက် ကျွန်မဖြစ်တည်နေသည်.. ကျွန်မသူ့ကို အင်အားတွေ နှစ်သိမ့်မှုတွေပေးနေသည်.. ကမ္ဘာမြေပေါ်ကလူတွေကရော.. ကောင်းကင်ကို တစ်ခါတလေမော့ကြည့်မိသည့်အခါ.. လမင်းကြီးကသာလိုက်တာ ဟူသော မှတ်ချက်ဖြင့်သာ အကြည့်လွှဲ သွားတတ်ကြပါသလား..
လမင်းကြီးလောက် မလင်းသော်လည်း တမှိတ်မှိတ်လက်နေတဲ့ ကြယ်လေးတွေကြားမှာ ၀မ်းနည်းစရာပုံပြင်တွေ နာကျင်စရာတွေ တွယ်တာနှစ်သိမ့်မှုတွေ ရှိနေသည်ဆိုတာ သတိပြုမိကြပါရဲ့လား..
နန်းဦးပြင်ဘေးက ကြယ်လေးတစ်လုံးကို သတိပြုမိပြီး ပြုံးမိသွားသူ တစ်ဦးတလေများ ရှိနေပါလား....
ထိုကြယ်ကလေးကြောင့် အမောတွေပြေသွားကာ စိတ်ရှုပ်ထွေးမှုများမှ ခဏတာ ကင်းလွတ်သွားတတ်သူများ ရှိနေမလား..


ကျွန်မ သိချင်လှပါသည်..

11 comments:

  1. အေးဗျာ။ ကြယ်တွေမြင်ရတဲ့ ကောင်းကင်အောက်ကို ရောက်နေတဲ့အတွက် ၀မ်းသာပါတယ်။

    ReplyDelete
  2. တိုက်ဆိုင်နေတာလား မသိပါဘူး ... မနေ့ညက အကို့အိမ်ကို ပြန်လာတော့ အမှတ်မထင် ကောင်းကင်ပြင်ကို မော့ကြည့်မိတော့ အဲဒီ့ မောင်ရင်ဆိုင်းထမ်းကြယ်ကလေးကို သတိရပြီး ညီမငယ်အခု ပုံပြင်လေးမှာ ပါတဲ့ သိပ်ချစ်ကြတဲ့ မောင်နှံ့ ခွန်ဆန်လောနဲ့ နန်းဦးပြင်ကလေးကို သတိရမိခဲ့သေးတယ် ... သူတို့ကြားက ၀ါးဆစ်ကြယ်ကလေး သုံးလုံးကိုပါ မြင်မိတော့ အဲကြယ်လေးသုံးလုံးကို မဆီမဆိုင် မုန်းမိသေးတယ် ... ။

    အဲကြယ်ကလေးတွေ မြင်မိတိုင်းမှာ အချစ်စစ်မည်သည်မှာ ဖြောင့်ဖြူးခြင်းမရှိဆိုတဲ့ အသိကလေးက အမြဲတစ်စေ ခေါင်းထဲကို တိုးဝင်လာတတ်တယ်၊ အခု ဇာတ်လမ်းလေးကိုလည်း အကိုတို့ ဆယ်တန်းကျောင်းသား ဘ၀ အင်္ဂလိပ်စာသင်ရိုး Selected Myanmar tales မှာ သင်ကြားဖူးလို့ သိခဲ့ရတာပါ။ အဲလို စသိပြီးကတည်းက အကို့စိတ်မှာ ချစ်သူတွေအကြားမှာ အဲလို နာကျင်ခံစားရမယ့် ဝေးကွာခြင်းမျိုးနဲ့ မကြုံမဆုံပါစေနဲ့လို့ ဆုတောင်းတတ်ခဲ့တယ် ... ။

    ကောင်းကင်မှာ ကြယ်တွေ စုံလင်နေတိုင်း အဲဒီ့ကြယ်စုကလေးများ ရှိလေမလားလို့ လိုက်လိုက်ကြည့်မိတတ်ပြီး မတွေ့ရင် သူတို့အဝေးတစ်နေရာမှာ ဆုံဆည်းနေပါစေလို့ ဆုတောင်းတတ်ခဲ့တယ်၊ တွေ့ခဲ့ရင်တော့ သူတို့ အတွက်ညတိုင်းဟာ ဆုံဆည်းမယ့် လပြည့်ညတွေ ဖြစ်ပါစေလို့ ဆန္ဒပြုမိခဲ့တယ်။ အဲကြယ်ကလေးတွေကို ကြယ်ကလေးတွေ အဖြစ်ဘယ်တော့မှ မမြင်မိခဲ့ပဲ ... သိပ်ချစ်ခဲ့ကြတဲ့ ချစ်သူ ဇနီးမောင်နှံရဲ့ ၀ိညာဉ်တွေအဖြစ်ပဲ မြင်နေမိတာကတော့ ထူးခြားမှုပါပဲ .. တကယ်ပဲ သူတို့ ၀ိညာဉ်တွေ သက်ရောက်နေတာလား ... ။

    ကြယ်တွေနဲ့ ပတ်သက်လို့ သိနေတာ တစ်ခုက ကြယ်တွေဟာ အဝေးတစ်နေရာက လာကြရတဲ့ သူတို့ အလင်းရောင်ဟာ တည်ငြိမ်နေခဲ့တာ၊ ဒါပေမယ့် ကမ္ဘာ့လေထုရဲ့ လှုပ်ရှားမှုကြောင့် သူတို့ အလင်းတွေဟာ ယိုင်ပြီး လှုပ်ရှားပြီး အခု မြင်နေကြရသလို မှိတ်တုတ်မှိတ်တုတ်နဲ့ ဖြစ်နေကြရတယ်တဲ့ ညီမငယ် ... အဲလိုဆို အကိုတွေးမိရဲ့ .... ကမ္ဘာပေါ်မှာ လူသားတိုင်းရဲ့ အချစ်စိတ်ဟာ ကြယ်ကလေးတွေလို တည်ငြိမ်နေတတ်ခဲ့ပေမယ့် ဂုဏ်တွေ၊ ပကာသနတွေ၊ ပတ်ဝန်းကျင်တွေနဲ့ အသိုင်းအ၀ိုင်းတွေကြောင့် မတည်မငြိမ်နဲက မှိတ်တုတ်မှိတ်တုတ်နဲ့ လှုပ်ရှားနေကြရတာပါပဲ ဖြစ်မယ်လို့ .... ။

    ကြယ်ကလေး နန်းညီ ပျော်ရွှင်ပါစေ ... ။

    ReplyDelete
  3. ကြယ်ကလေးရေးတဲ့ကြယ်ပုံပြင်လေးကိုဖတ်သွားတယ်။စာရေးကောင်းတယ်။

    ReplyDelete
  4. အဲဒီပုံပြင်လေးကို အစ်မလည်းသိတယ်ညီရေ့ .. ညီခုလိုရေးလိုက်တော့လည်း တမျိုးကောင်းတာပဲ။ ငါ့ညီမ တော်တော်စာရေးကောင်းတယ် :)

    ReplyDelete
  5. ရေးဖြစ်သွားပြီပေါ့..:)

    ReplyDelete
  6. ပုံပြောကောင်းတယ်။

    ReplyDelete
  7. ဒါကြောင့် ကြယ်တွေကို အရမ်းချစ်နေတာကိုး
    ၀၀၁ကတော့ မချစ်ဘူးဟေ့
    အရမ်းမုန်းတယ် အဲ့ကြယ်တွေကို

    ReplyDelete
  8. မောင်ရင်ဆိုင်းထမ်းကြယ်လေးတွေကို လိုက်ရှာမိတာတော့အမှန်ပဲ .. ခရီးသွားတဲ့ညလိုမျိုး .. အိမ်မှာ မီးပျက်တဲ့ညလိုမျိုး ..ကောင်းကင်လိုကြည့်လိုက်လို့ မောင်ရင်ဆိုင်းထမ်းကြယ်လေးမြင်မိရင် တစ်နေရာစီဖြစ်နေပေမယ့် ကောင်းကင်တစ်ခုအောက်ထဲမှာ ကြယ်လေးတွေကို မြင်နိုင်တယ်ဆိုတဲ့စိတ်နဲ့ အဝေးကြီးမဟုတ်ပါလားလို့တွေးမိတယ် .. ပုံပြောကောင်းတဲ့ နန်းညီလေးရေး)

    ReplyDelete
  9. ခုမှပဲဒီမောင်ရင်ဆိုင်းထမ်းကြယ်လေးအကြောင်းကို အသေးစိတ်သိရတော့တယ် သနားပါတယ်နော် ကြားကကြယ်သုံးသုံးက ဒါဆိုသူတို့၂ယောက်ကို ခွဲထားတာပေါ.
    ကျေးဇူးပဲနော် သိခွင့်ရလို့

    ReplyDelete
  10. ကြယ်လေး လိုက်ရှာကြည့်ဦးမယ်။

    ReplyDelete
  11. ကြယ်ကိုရှာတော့ ရှာနေတာပဲ
    မမြင်ရဘူး အရမ်းလင်းလွန်းနေလို့

    ReplyDelete

your comment please

Powered by Blogger.