ပန်းပွင့်ပုံပြင် ၂

မဂ္ဂဇင်းထဲမှာ ပါတဲ့ အေးချမ်းအိမ်သူရဲ့စာလေးပါ.. အေးချမ်းအိမ်သူကို အမြဲဖတ်ဖြစ်ပေမယ့် ဒီတစ်ပုဒ်လောက် ဘယ်ဟာကမှ ထိထိမိမိမရှိဘူးလိုပဲ.. ပန်းပွင့်ပုံပြင်ကိုရေးပြီး သိပ်မကြာခင်မှာ ဖတ်ဖြစ်တာမို့လားတော့မသိဘူးပေါ့နော်.. ဘာပဲဖြစ်ဖြစ်.. ပန်းပွင့်ပုံပြင် ၂ အဖြစ် ခံစားနိုင်အောင် ပြန်တင်ပေးလိုက်တာပါ.. သူ့မူလ နာမည်ကတော့ လိပ်ပြာလေးအတွက် ပန်းတစ်ပွင့်ရဲ့ ချစ်ခြင်းကုဋေပါတဲ့..
နန်းညီကတော့ အတော်လေးကြိုက်တယ်.. ဖတ်ကြည့်ကြပါဦး..

___________________________________________________________________________

မောင်......
ရောင်စုံပန်းပွင့်လေးတွေကို ချစ်တတ်ပါသလား။
ရောင်စုံပန်းပွင့်လေးတွေအလယ်မှာ အဖြူရောင် ပန်းတစ်ပွင့်လည်း ရှိနေတတ်ပါတယ်။
ဖြူစင်အေးမြသောအချစ်ဖြင့် ဖြစ်တည်သော ပန်းပွင့်လေးတစ်ပွင့်ကို ချစ်သူသိပါရဲ့လား။
ပန်းပွင့်လေးဆီက နူးညံ့တဲ့ ၀တ်မှုံလေးက ချစ်သူအတွက် ဖြူစင်သော နှလုံးသားပါပဲ။

အဲဒိနှလုံးသားလေးထဲက အချစ်ရနံ့ကို တိတ်တခိုးရှိုက်နမ်းလိုက်တာ ဘယ်သူလဲ။
ပန်းပွင့်လေးရဲ့ ချစ်သူဖြစ်နိုင်ပါသလား။
ဒါဆိုရင် ပန်းပွင့်ရောင်စုံလေးတွေနဲ့ ပျော်မွေ့တတ်တဲ့လိပ်ပြာလေးက ပန်းပွင့်လေးရဲ့ ချစ်သူပေါ့နော်။

လိပ်ပြာလေးရဲ့တောင်ပံခတ်သံက နူးညံ့လွန်းပါတယ်။
နှလုံးသားဆီ လွင့်စဉ်လာမယ့် မုန်းတီးခြင်းတွေ ကင်းစင်ပါရစေ။

ပန်းပွင့်လေးရဲ့ နှလုံးသားမှာ ခြေရာမထင်အောင် ခိုနားသွားတတ်တာ လိပ်ပြာလေးရဲ့ လှည့်စားတတ်မှုပါပဲ။
လိပ်ပြာလေးရဲ့ ခြေအစုံမှာ ကပ်ငြိသွားတဲ့ ချစ်ခြင်းမေတ္တာတွေကို ဘယ်အထိသယ်ပိုးသွားမှာလဲ။
ကမ္ဘာကြီးရဲ့ တစ်ဖက်ခြမ်းကိုလား။
ငြိမ်းချမ်းခြင်း တမ်းတမှု ကမ္ဘာတစ်ဖက်ဆီပို့ပေးလိုက်ပါ။
အီကွေတာမျဉ်းရဲ့ မြောက်ဘက်ပိုင်းက လောင်မြိုက်သော ငြိမ်းချမ်းတဲ့ ကမ္ဘာရွာတွေဆီ သယ်ပိုးသွားလိုက်ပါ။

တောင်ပံကြားမှာ ခိုကပ်နေတဲ့ ကျွန်မရဲ့ အချစ်တွေလည်း ပါပါစေ။ ပန်းပွင့်လေးရဲ့ ငိုရှိုက်သံကို ဥပေက္ခာတရားနဲ့ ကြည့်ရှုဆင်ခြင်နေတတ်ပါသလား။
လိပ်ပြာလေးအတွက် အလွမ်းများစွာကိုလည်း ပန်းပွင့်လေးရဲ့ ရင်ခွင်မှာ သိုဝှက်သိမ်းဆည်းထားလိုက်ပါမယ်။
ပန်းပွင့်လေးဆီက စုပ်ယူနမ်းရှိုက်သွားတဲ့ ငြိမ်းချမ်းခြင်း၊ အေးမြခြင်း၊ မေတ္တာတရားတွေလည်း ဖြန့်ဝေပေးခဲ့ပါ။
ငတ်မွတ်ခြင်း ဘေးဒုက္ခသည်တွေအတွက် ပန်းပွင့်လေးရဲ့ စေတနာဝတ်ရည်လေးတွေ ပို့ပေးပါရစေ။

လိပ်ပြာလေးက သယ်ဆောင်ပေးပါနော်။

နူးညံ့သိမ်မွေ့သော နေရောင်ခြည် နုနုထွေးထွေးအောက်မှာ ပန်းကလေးတွေ သစ်လွင်လန်းဆန်းနေပါတယ်။
ခပ်ပြင်းပြင်းရှရှ သောကအပူတွေကို ပန်းပွင့်လေးအတွက် လိပ်ပြာလေးက ကာကွယ်လို့ပေးပါဦး။
မျိုးဖြန့်ကူးလူးစေတဲ့ လေပြည်အေးလေးကော လိုအပ်ပါသလား။
လေပြည်အေးလေးတွေထဲမှာ ဖြူစင်ရိုးသားမှုတွေ သယ်လာပေးပါ။
လိပ်ပြာလေးရဲ့ ခြေအစုံမှာ သစ္စာဝတ်မှုံတို့ ကပ်ငြိပါလိမ့်မယ်။
ဒါ ပန်းပွင့်လေးဆီက ဖြူစင်ခြင်း ပြယုဂ်တစ်ခုပါပဲ။

ပန်းပွင့်လေးအတွက် ပိုင်ဆိုင်မှုတစ်ခုကို လိပ်ပြာလေးထံမှ တောင်းယူပါရစေ။
ချစ်သူရဲ့ တည်ကြည်ဖြောင့်မတ်စွာ ချစ်ခွင့်တစ်ခုပဲ လိုအပ်နေပါတယ်။
တောင်ပံတပ်ထားတဲ့ ချစ်သူရဲ့ နှလုံးသားလေးကို ရပ်ထားလိုက်ပါ။
ပန်းပွင့်လေးတစ်ပွင့်ရဲ့ မူပိုင်အဖြစ် လိပ်ပြာလေးကို ကျွန်မပိုက်ထွေးယုယပါရစေ။

သစ္စာမဲ့တဲ့ မြားချက်ပေါင်းများစွာကို ခွင့်လွှတ်ခြင်းပွင့်ဖတ်တွေနဲ့ ကာကွယ်ထားပါ့မယ်။
ပန်းပွင့်လေးရဲ့စိမ်းမြနေတဲ့ ဖြောင့်မတ်ခြင်း ရိုးတံနဲ့ ဘ၀တစ်ခုလုံးကို တည့်မတ်အောင် ထိန်းသိမ်းထားပါမယ်။
လိပ်ပြာလေးရဲ့ လိမ်ညာကောက်ကျစ်ခြင်း တောင်ပံခတ်သံနဲ့ ပန်းပွင့်လေးရဲ့ ယုံကြည်မြတ်နိုးမှုတွေကို မဖျက်ဆီးလိုက်ပါနဲ့။

မျှော်လင့်ခြင်းများစွာနဲ့ မိုးကောင်းကင်ဆီ မျက်နှာမော့ထားတဲ့ ပန်းပွင့်လေးရဲ့ လှပခြင်းတွေကို ဖေးကူလို့ပေးပါ။
စီရီနူးညံ့သောအချစ်တို့ဖြင့် စုစည်းသော ပန်းပွင့်လေးတွေကို ကြင်နာယုယစွာ နမ်းရှိုက်လှည့်ပါ။
သိမ်းဆည်းထားသော နှလုံးသားမှာ ချစ်သူလိပ်ပြာလေးအတွက် အချစ်တွေရှိနေပါတယ်။
ချစ်သူအတွက် ရည်ရွယ်သိုဝှက်ထားတဲ့အချစ်။
ချစ်သူအတွက် တွယ်တာမက်မောတဲ့အချစ်။
လိပ်ပြာလေးအတွက် ကျွန်မရဲ့အချစ်။
ပန်းပွင့်လေးရဲ့ စစ်မှန်တဲ့အချစ်။

ဟုတ်ကဲ့.. မောင်.. ကုဋေကုဋာသော အချစ်တို့ဖြင့် ချစ်သူလိပ်ပြာလေး မောင့်ကို ကျွန်မဆက်လက်ချစ်ပါရစေ။

3 comments:

  1. မိုက်တယ်ဗျို့။ ကဗျာဆန်လွန်းတယ်။း)

    ReplyDelete
  2. ဘယ်နှစ်ခေါက်မှန်းမသိအောင် ဖတ်မိပေမဲ့
    ခံစားချက်ကို ပြောပြဖို့ စကားလုံးရှာမရဘူး။
    လိပ်ပြာမှာ ရောင်စုံပန်းပွင့်တွေ အများကြီးရှိတယ်ဆိုတာ
    ပန်းပွင့်လေး အမြင်ရော မဖြစ်နိုင်ဘူးလား။
    လိပ်ပြာလေးဖက်က ၀င်တွေးပေးတာနော်

    ReplyDelete
  3. ကဗျာလေးတစ်ပုဒ်လို လှတုန်းပဲ ... ။

    ReplyDelete

your comment please

Powered by Blogger.