အ၀ါရောင်

ဒီနေ့ကျွန်မ စက်ဘီးစီးဖြစ်သည်။ လူသူရှင်းလင်းနေသော ဘောလုံးကွင်းဘေး ပတ်လမ်းလေးအတိုင်း .. ၄ ပတ် ၅ ပတ် ၆ ပတ် ..။ သစ်ပင်အုံ့အုံ့နဲ့ လမ်းလှလှလေးရယ်၊ တိတ်ဆိတ်မှိုင်းရီတဲ့ ညနေရယ်၊ ဆွဲညှို့တတ်တဲ့ တိမ်ထုတွေရယ်ကြောင့် ကျွန်မစိတ်တွေ မျောလွင့်ရီဝေလာရသည်။ သစ်ပင်တွေ ခေါင်းပေါ်မှာ အုပ်ဆိုင်းနေရာက ဘွားကနဲ တိမ်တွေကို မြင်လိုက်ရတဲ့အရသာကို ကျွန်မ မက်မောတိမ်းမူးနေခဲ့တာ။ ဟော ဟိုမှာ .. တိမ်တွေ၊ တရွေ့ရွေ့နဲ့ မျောနေလိုက်ကြတာ။ ပေါ့ပေါ့ပါးပါးနဲ့ပဲ သွားချင်ရာ သွားနေလိုက်ကြတာနော်။

စက်ဘီးကို ခဏရပ်ပြီး ကွန်ကရစ်လမ်းဘေးလေးမှာ ကျွန်မခဏထိုင်လိုက်သည်။ နင်းနေတုန်းက မသိသာပေမယ့် ကျွန်မတော်တော်မောဟိုက်နေပြီ။ အင်းလေ .. ဘယ်နှခါမှန်းမသိ စိတ်မှတ်မဲ့နဲ့ ကျွန်မစက်ဘီးကို ပတ်စီးနေမိတာ။ နားကြပ်မှ ကြားနေရတဲ့သီချင်းက ကျွန်မအလွန်ကြိုက်တဲ့ သီချင်း။ “ကံကြမ္မာရဲ့ မီးတောက် ၀ိုင်းလို့ရူး .. သောကများထဲ လျှောက်ခဲ့ရူး .. အနိုင်လိုချင်ခဲ့တဲ့ အရှုံးနဲ့ရူး.. ..” ။ အယ်နောင်း၏အသံက စွဲမက်ဖွယ်ကြေကြေကွဲကွဲ။ ကျွန်မ သူ့အသံကို သိပ်ချစ်တာပဲ။ စကားသံဝဲ၀ဲတွေကို ကျွန်မသိပ်သဘောကျသည်လေ။

ပြာရီမှိုင်းညို့တဲ့ ညနေခင်းမှာ ကျွန်မရဲ့စက်ဘီးအ၀ါရောင်လေးက ထင်းလင်းလှပနေသည်။ အ၀ါရောင်ကို ရွေးခဲ့မိခြင်းအတွက် ကျွန်မကိုယ်ကျွန်မ ကျေနပ်သွားပါသည်။ ခုလိုညနေမျိုးမှာ ဒီစက်ဘီးအ၀ါလေးကိုစီးရတာ ကဗျာဆန်တာပေါ့ဟု ခပ်ကြောင်ကြောင်တွေးလိုက်မိ၏။ လွန်ခဲ့တဲ့ ၂ နှစ်က စက်ဘီးလေး၏ ချိန်းဖုံးနေရာမှာ IC အဖွဲ့၏ တံဆိပ်စတစ်ကာကို ကပ်ထားခဲ့ဖူးသည်။ ကျွန်မ၏ ပထမဆုံးချစ်သူက ကပ်ပေးခဲ့တာဟု မှတ်မိနေသေးသည်။ သူရော ကျွန်မပါ ကြိုက်နှစ်သက်သော အဖွဲ့လည်းဖြစ်၊ မူရင်းခွေဝယ်မှ ရသောစတစ်ကာလေးလည်းဖြစ်သဖြင့် ထိုစတစ်ကာလေးကပ်ရခြင်းကို ကျွန်မအတော်ပင် ကျေနပ်ခဲ့သေးသည်ပဲ။ နောက်တော့လည်း စတစ်ကာလေးက ဟိုကွာ ဒီကွာနှင့်မို့အရုပ်ဆိုးလာသည်။ IC ချစ်သူနဲ့လည်း အခန့်မသင့်မှုတွေ မတိုက်ဆိုင်မှုတွေ အများကြီးနဲ့ လမ်းခွဲခဲ့ရ၏။ နောက်တစ်နှစ်မှာ စက်ဘီးတစ်စီးလုံးကို ဆေးပြန်မှုတ်ဖို့လုပ်တော့ ကျွန်မ၏ ဒုတိယချစ်သူက ကူညီပေးခဲ့သည်။ သူ့ခမျာ စတစ်ကာနေရာက ကော်ရာအစွန်းအထင်းတွေကို အတော်ပင် တိုက်ချွတ်ဆေးကြောပစ်ခဲ့ရရှာသည်။ သူအလုပ်ပိုသွားရတာကိုကြည့်ရင်း ဒီလိုခွာရခက်မှန်းသိရင် မကပ်ခဲ့ပါဘူးဟု ကျွန်မနောင်တရခဲ့မိသေး၏။ စက်ဘီးကိုပန်းရောင်လေး ပြောင်းရင်လှမှာပဲ ဟု သူကပြောခဲ့သေးသော်လည်း ကျွန်မလက်မခံခဲ့။ ဟင့်အင်း -- အ၀ါပဲထားပါ။ ကျွန်မအ၀ါရောင်ပဲကြိုက်တယ်။ ဆေးရောင်မှိန်သွားတိုင်း အသစ်ထပ်ထပ် မှုတ်ပေမယ့် အရောင်ကိုတော့ ကျွန်မဘယ်တော့မှ မပြောင်းခဲ့။ အ၀ါကိုပဲ အမြဲရွေးချယ်ခဲ့သည်။

ခုလိုအချိန်မျိုးကျမှ ကျွန်မအရောင်ရွေးတာသိပ်မှန်တာပဲဟု ကိုယ့်ကိုကိုယ်ချီးမွမ်းမိပါသည်။ ပန်းရောင်ကြိုက်သော သူတစ်ယောက် အခုဘယ်ကိုရောက်နေလဲ။ လူတော်တော်များများက စက်ဘီးအ၀ါကို အရောင်ပြောင်းဖို့အကြံပေးကြသည်။ အ၀ါဆိုတာ အတ္တရဲ့ကိုယ်စားပြုအရောင်၊ မနာလိုခြင်းကို ဖော်ပြတဲ့အရောင်မို့လို့ မကြိုက်ကြတာများလား။ “နင်လိုမိန်းမကတော့ လူနဲ့လိုက်ပါတယ်..ကြိုက်တော့လည်းအ၀ါ”တဲ့။ အဲဒိစကားသံတွေနဲ့ အဲဒိအမြင်တွေနဲ့ ကျွန်မစက်ဘီးကို ဟိုအရုပ်၊ ဒီအရုပ်၊ ဟိုစာတန်း၊ ဒီစာတန်းတွေ ကပ်ဖို့ ပြောကြပေမယ့် အ၀ါကို သီးသန့်ရှိစေချင်တာအပြင် ခွာရခက်တဲ့အရာတွေကို ကျွန်မမုန်းတာကြောင့် စက်ဘီးလေးကို ဒီအတိုင်း အ၀ါသန့်သန့်လေးသာ ထားဖြစ်ခဲ့ပါသည်။

ညနေက တော်တော်မှောင်လာပြီ။ မေမေစိတ်ပူနေမလားမသိ။ အိမ်ပြန်သင့်ပြီဟု ထင်တာပဲ။ စိတ်က ပြန်သင့်ပြီဟု တွေးနေသော်လည်း ကျွန်မ ထိုင်ရာက မထမိပါ။ တိမ်တွေအောက်မှာ၊ ညနေရဲ့လေပြေကြားမှာ၊ တခြားဘာသံမှ မရှိဘဲ အယ်နောင်းရဲ့အသံတစ်ခုပဲကြားနေရတာကို ကျွန်မနှစ်သက်နေပြီလေ။ သူ့အသံက ကျွန်မကို ဘယ်အချိန်ဖြစ်ဖြစ် ညှို့ယူနိုင်စွမ်းပါသည်။

“ဟေ့ -ကောင်မလေး .. ဘာလုပ်နေတာလဲ .. မှောင်နေပြီလေ”

ကျွန်မသူငယ်ချင်းကောင်လေးနှစ်ယောက် စက်ဘီးတစ်စီးနဲ့ အနားကိုရောက်လာကြ၏။ သိပ်မဝေးတော့သော ကျွန်မအိမ်ကိုပြန်ပို့ပေးမယ်ဟု ပြောတော့ ကျွန်မအလွယ်တကူခေါင်းညိတ်ခဲ့ပါသည်။ စိတ်တွေလွင့်မျောနေတာကို ခုမြန်မြန်ဖြတ်ပြီး ပြန်မှပါပဲ။ မဟုတ်ရင် တော်တော်နဲ့ အိမ်ပြန်ရောက်မှာမဟုတ်။

“နင် ငါ့နောက်ကလိုက်စီးပါလား .. နင့်ဘီးကို ဒီကောင်နင်းလိမ့်မယ်လေ..လမ်းမှာ ငါနင့်ကိုပြောစရာလည်းရှိလို့ပါဟ”

သူဘာတွေပြောမလဲ ကျွန်မသိနေသဖြင့် မလိုက်ချင်ပါ။ သို့သော် ထိုသို့ငြင်းလိုက်ရုံဖြင့်လည်း ပြီးမှာမဟုတ်သဖြင့် ရှည်ရှည်ဝေးဝေးပြောမနေဘဲ သူပြောတဲ့ အတိုင်းသာလုပ်ခဲ့သည်။ စိတ်ကတော့ တိမ်တွေလိုသာ လွင့်မျောသွားချင်နေတာ။ “အနိုင်လိုချင်ခဲ့တဲ့ အရှုံးနဲ့ရူး” ဆိုတဲ့ သီချင်းသံမှာပဲ နစ်မြုပ်နေချင်တာ။ တစ်ခါကတော့ ကျွန်မတကယ်ကို ရူးခဲ့ဖူးပါသည်။ ကိုယ့်အတွက်သာ ကိုယ်သိတတ်ပြီး အမြဲတမ်းနိုင်ချင်နေခဲ့တာ။ နိုင်ဖို့အတွက်ဆို ညာတာ လိမ်တာ လှည့်ဖျားတာတွေ ဘာမဆို လုပ်ဖို့ ကျွန်မ၀န်မလေးခဲ့။

“နင် ငါ့ကိုအဖြေပေးတော့လေ .. ဒီလောက်အချိန်ဆွဲရရင်တောရောပေါ့ဟာ”

တွေ့လား။ ဒီစကားတွေက စလာပြန်ပြီ။ အရင်လိုသာဆို ဒီလိုစကားတွေကို ကျေနပ်နေတတ်ပြီး ဒီလိုလူတွေ အနားမှာအမြဲရှိနေဖို့ ကျွန်မလိမ်ညာမိဦးမည်ထင်ပါသည်။ အခုတော့ အနိုင်လိုချင်တာတွေများလွန်းပြီး ရူးခဲ့ပြီးပြီမို့ ဒီထက်ပိုပြီးမရူးချင်တော့ပါ။ ကျွန်မကြောင့် သူများကိုလည်း မရူးစေချင်တော့ပါ။ အ၀ါရောင်ကို ဆက်ပြီးမကြိုက်တော့ဘူးလို့ ကျွန်မဆုံးဖြတ်လိုက်ပါပြီ။ ကျွန်မကြောင့် အ၀ါရောင်ကို လူတွေမကောင်းမြင်မှာကိုလည်း ကျွန်မမလိုချင်တော့ပါ။

“ဟင့်အင်း.. ငါနင့်ကိုမချစ်ဘူး ဇော် ”
“ဟာ..နန်း”
“ငါ့ကို ဆက်ပြီးပြောမနေနဲ့တော့..နောက်လည်းမပြောနဲ့တော့”
“ဒါပေမယ့် အကြောင်းပြချက်လေးတော့ ပြောပါဦး..ငါဒီလောက်မျှော်လင့်ပြီး စောင့်ခဲ့ပြီးမှ .. ”

ကျွန်မအိမ်ကိုရောက်ပြီ။ နောက်နားခပ်ခွာခွာကနေ စက်ဘီးနဲ့လိုက်လာတဲ့ ဇော့်သူငယ်ချင်းလည်းအနားကိုရောက်လာပြီ။ ကျွန်မစက်ဘီးလေးကို သူ့လက်ထဲကနေ ပြောင်းယူလိုက်သည်။ ဆောက်တည်ရာမရ ယောင်ချာချာမျက်ဝန်းတွေနဲ့ကြည့်နေတဲ့ ဇော့်ကိုတော့ ခိုင်လုံသောအကြောင်းပြချက်တစ်ခု ကျွန်မပေးလိုက်နိုင်ပါသည်။ အနည်းဆုံးတော့ ကျွန်မအတွက်ပေါ့လေ .. အဲဒိအကြောင်းပြချက်က ခိုင်လုံပါသည်။

“ငါနင့်ကိုမချစ်ဘူးဇော် .. ဘာလို့လဲဆိုတော့ နင့်စက်ဘီးက အပြာရောင်လေးလေ”

4 comments:

  1. ဇာတ်လမ်းလေးက တိုရှင်းပြီး အရေးအသားလေးက ကောင်းတော့ ဖတ်ရတာ အရသာရှိတယ်ဗျာ ... နောက်ဆုံး
    ပေးလိုက်တဲ့ အကြောင်းပြချက်လေးက မထင်မှတ်စရာပဲ ..
    နန်းညီရဲ့ စိတ်ကူးအရမ်းကောင်းတယ် ..ချီးကျုးပါတယ်

    ReplyDelete
  2. အ၀ါရောင်က မနာလိုတာကို ဖော်ပြတဲ့အရောင်ဆိုတာ ကြားဖူးတယ်...
    ဟုတ်မဟုတ်တော့ မသိ...
    အ၀ါကြိုက်တာချင်းတော့ တူနေပြီနော့... :D

    ReplyDelete
  3. ဇာတ်လမ်းလေးကမိုက်တယ်... အရေးအသားကောင်းတာကိုး......
    :D

    ReplyDelete
  4. ဒီဝတ္ထုလေးကိုတော့ အရမ်းသဘောကျပြီး နှစ်သက်သွားတယ်၊ အရေးအသားက ဖွင့်ဆိုရှင်းပြရေးထားထက် စိတ်အလျဉ်ကို ရေးသားခြင်းမှာ သိပ်ကို ကောင်းနေပါကလား၊ ၀ါရင့်စာရေးဆရာတစ်ယောင်ကရေးတဲ့ သိပ်အဆင့်အတန်းမြင့်တဲ့ ၀တ္ထုတစ်ပုဒ်ကို ဖတ်နေရသလို ခံစားမိတယ်။ အခုလို ၀တ္ထုမျိုးလေး များများရေးဖို့ တိုက်တွန်းပါရစေ။ အားပေးနေမယ် ...။

    ReplyDelete

your comment please

Powered by Blogger.