ပန်းချီကားတွေကြည့်တတ်ချင်ရင် ..
ဒဿနဆိုင်ရာ ကြီးမားတဲ့ရည်ရွယ်ချက်မပါရင် အနုပညာဟာ ဂုဏ်သိက္ခာ ချို့တဲ့တယ် ..တဲ့
ကမ္ဘာကျော် ဆာရီယယ်လစ်ဇင်(surrealism) ပန်းချီဆရာ မာရှယ်ဒူးချမ့် (Marcel Duchamp) ကပြောခဲ့ဖူးတယ် .. အနုပညာကို (ပန်းချီကိုပေါ့လေ) အနည်းအပါး တီးမိခေါက်မိတဲ့သူဆိုရင်တော့ ဒီစကားကို ရေးတေးတေးနားလည်မလားပဲ .. ဒီလိုလေ .. သူပြောချင်တာက .. အနုပညာတစ်ခုကို ဖန်တီးတော့မယ်ဆိုရင် ရည်ရွယ်ချက်တစ်ခုပါရမယ်တဲ့ .. အဲဒါဘာကိုပြောလဲ နားလည်ဖို့က form and content ဆိုတာကိုနားလည်မှရတော့မယ် .. ဘာတွေလဲဟ ..ရှုပ်ကုန်ပြီလား ..ရှင်းပြမယ်လေ .. ဒီပို့စ်က ပန်းချီကားတစ်ကားကို သေသေချာချာ နားလည်ပါးလည်ကြည့်တတ်ပြီး သူများကို ပြန်ဆရာလုပ်တတ်အောင်လို့ တတ်သလောက် မှတ်သလောက် ကျောင်းမှာ သင်ထားသမျှစာတွေကို ခေါင်းထဲကပြန်ထုတ်ပြီး ရွှီးပြ ..အဲလေ .. ရှင်းပြပေးနေတာ ..ကဲ - စရှင်းပြီနော် ..
( အခုကစပြီး အနုပညာဆိုတဲ့ဥစ္စာကို ပန်းချီကို နမူနာထားပြီးပြောသွားပါ့မယ်) ..ဒီတော့ ပန်းချီကားတစ်ချပ်ကိုရေးဆွဲတော့မယ်ဆိုရင်ပေါ့ .. သူ့မှာ အဓိကအကြောင်းရင်း ၂ ခုပါဝင်သွားပါပြီ ...
တစ်ခုက Form လို့ခေါ်တဲ့ ပုံသဏ္ဍာန်ပါ .. သူကရှင်းပါတယ် .. ရေးဆွဲထားတဲ့ လက်ရာ..ပန်းချီကားထားသိုပုံ .. အရောင် .. သုံးစွဲထားတဲ့ ရေဆေး ..ဆီဆေး ..အခရိုင်းလစ် ..ပတ်စတယ် ..စသဖြင့်ပေါ့လေ .. ပန်းချီရေးဆွဲသူရဲ့ ၀ါ အနုအရင့် ..အလေ့အကျင့် .. အဲဒါတွေအပေါ်မှာ မူတည်ပြီး မတူညီကြပါဘူး .. အလေ့အကျင့်များတဲ့သူ ၀ါရင့်သူ ပါရမီရှိတဲ့သူက ပိုကောင်းတတ်တာ သဘာဝကျတာပေါ့ .. (နန်းညီတို့များဆွဲလိုက်ရင် ဖြစ်ချင်တာမဖြစ် ..မဖြစ်ချင်တာတွေ ဖြစ်ဖြစ်သွားတတ်တာ ..အဲဒိတော့လည်း ပြောလိုက်တာပေါ့ .. “ဒါမျိုးရအောင် မနည်းဆွဲထားရတာ ..ဘာမှတ်လဲ ..တေတွားမယ် ..ဟွန်း” ပေါ့ )
နောက်တစ်ခုက Content လို့ခေါ်တဲ့ အတွင်းသဘောပါ ... ပန်းချီရေးဆွဲတဲ့သူက ဘာကိုပြောချင်တာလဲ .. ဒီပန်းချီကားကတဆင့် ကြည့်သူကိုပေးချင်တဲ့ သတင်း၊ ခံစားမှုက ဘာလဲ .. ပန်းချီကားကိုကြည့်ပြီး ဘ၀တစ်ခုကို နားလည်စေချင်တာလား .. ပန်းချီကားကိုကြည့်ပြီး “အေးလိုက်တာ ..ပူလိုက်တာ ..သာယာလိုက်တာ” စတဲ့ ခံစားမှုတွေကို ခံစားစေချင်တာလား .. ပန်းချီကားကိုကြည့်ပြီး ရေးဆွဲသူရဲ့စိတ်ထဲကို ၀င်ကြည့်လိုက်ရသလို ခံစားဖော်ပြချင်တာလား .. စသဖြင့်ပေါ့ ..အဲလိုအချက်မျိုးတွေကို Content လို့ယူဆသတ်မှတ်ပါတယ် .. ပန်းချီကားတစ်ချပ်ရဲ့ အတွင်းသရုပ်ပေါ့လေ ..
ပန်းချီလောကမှာ အမြဲ အငြင်းပွားရလေ့ရှိတာက အဲဒိ ပုံသဏ္ဍာန်နဲ့ အတွင်းသရုပ်ကိတ်စနပဲ .. ပုံသဏ္ဍာန်ကပိုအရေးကြီးတယ် ..အတွင်းသရုပ်ကပိုအရေးကြီးတယ် ..အဲလို အဲလိုတွေပေါ့ .. တကယ်တော့ .. ၂ ခုလုံးအရေးကြီးပါတယ် .. ကိုယ်က မြင်ကွင်းတစ်ခုကိုကြည့်ပြီး ဒီလိုခံစားတယ် .. ဒါကို ပန်းချီကားရေးပြီး တခြားသူတွေကို ပြောပြချင်တယ်.. ဒါပေမယ့် ကိုယ်ပြောချင်တာပေါ်လွင်အောင် မဆွဲတတ်ဘူးဆိုရင် .. ကြည့်သူကလည်း ဘာကိုခံစားရမယ်မှန်းသိတော့မှာ မဟုတ်ပါဘူး .. (ပြောချင်တာတခြား နားလည်သွားတာကတခြားဖြစ်တတ်လွန်းလို့ ..)
ဒါပေမယ့် .. ပုံသဏ္ဍာန် Form ကိုပဲ ဦးစားသိပ်ပေးလွန်းပြန်ရင်လည်း ..ပန်းချီလို့မခေါ်နိုင်တော့ပြန်ပါဘူး .. မြင်ကွင်းတစ်ခု (ဥပမာ .. ပန်းခြံလေးတစ်ခု) .. ပန်းတွေမြင်တယ် ..ဆွဲတယ်. .လူမြင်တယ် ဆွဲတယ်. .တံတား ..ဆွဲတယ် .. ကလေးတွေ ..ဆွဲ .. သစ်ပင် ဆွဲ .ဆွဲ ဆွဲ .. မြင်သမျှလျှောက်ဆွဲနေမယ် ..မြင်တဲ့အတိုင်း တစ်ထပ်တည်း ..အရောင် .အရိပ် .. ၏ သည် မရွေးဆွဲနေမယ်ဆိုရင် .. ဘာလုပ်မလဲ ဓာတ်ပုံပဲရိုက်လိုက်တော့မှာပေါ့ .. ကိုယ်ပေးချင်တဲ့ အကြောင်းအရာကို ပေါ်လွင်လာအောင် .. ကိုယ့်အတွေး စိတ်ကူးနဲ့ လျှော့သင့်တာလျှော့ ..ထည့်သင့်တာထည့် လုပ်ရပါတယ် .. အရောင်ပြောင်းသင့်ရင် ပြောင်းပေးရပါတယ် ... ဒီလိုမျိုး ပန်းချီဆရာရဲ့ ခံစားချက် .. အတွေး..စိတ်ကူးတွေပါမှ ဒါကို ပန်းချီ ၊ အနုပညာလို့ခေါ်ပါတယ် ..မဟုတ်ရင် ပုံတူကူးတယ်လို့ သတ်မှတ်ပါတယ် ..
ပန်းချီဆရာတွေက စာဖတ်ရပါတယ် ..တွေးရပါတယ် ..ခံစားတတ်ရပါတယ် .. အဲဒိလို ဖတ်မှ တွေးမှ ခံစားမှ မြင်တတ်မှ ..ဒဿနသဘောတွေ သိလာမယ် .. ပန်းချီကားကို ဘယ်လိုပုံစံနဲ့ ရေးလိုက်ရင် ကြည့်သူကတော့ ဘယ်လိုဘာသာပြန်နိုင်မှာပဲ ဆိုတာမျိုးတွေသိလာပါတယ် ... ဒါက အရေးကြီးပါတယ် .. ပုံကိုတူအောင်ရေးတတ်ရုံနဲ့ အရောင်တွေမှန်မှန်ကန်ကန်သုံးတတ်ရုံနဲ့ ပန်းချီဆရာ မဖြစ်နိုင်ပါဘူး .. ပုံကူးသမားပဲဖြစ်မှာပါ .. ဒူးချမ့်ကလည်း ဒါကိုပဲ ရည်ရွယ်ပြီးပြောတာပါပဲ .. ဒဿနဆိုင်ရာကြီးမားတဲ့ ရည်ရွယ်ချက် ဆိုတာက ခုနကပြောခဲ့တဲ့ အတွင်းသရုပ်..(ခံစားချက်တွေ အတွေးတွေ) ဒါတွေကိုဆိုလိုတာပါ .. ဒါတွေမပါရင် အနုပညာဟာ ပုံတူကူးခြင်းဖြစ်သွားတာမို့ အနုပညာရဲ့ဂုဏ်သိက္ခာ ချို့တဲ့သွားပါတယ် ..တဲ့ .. သူကတော့ ဒီလိုဆိုလိုပါတယ် .. တကယ်ကိုမှန်တဲ့စကားပါပဲ ..

ကျွန်တော်လဲပန်းချီကိုတော်တော်စိတ်ဝင်စားတာ..
ReplyDeleteအနုပညာဆို အကုန်စိတ်ဝင်စားတယ်.. အားပေးပါတယ်