ကောင်းကင်ကြိုး

ကျွန်မ မြူများကျနေသော ပွဲဈေးတန်းတစ်ခုထဲရောက်နေသည်.. ဆိုင်းသံ.. လူသံ.. စက်ဘီးခေါင်းလောင်းသံတွေ.. ဆီညှော်အနံ့တွေ.. ယမ်းနံ့တွေ.. စံပယ်ပန်းနံ့တွေ.. အရောင်စုံအရိပ်တွေ ကျွန်မနားမှာ ရှုပ်ရှက်ခတ်လို့နေတာပဲ.. မူးချာလည်ပြီး တစ်ယောက်ထဲ လျှောက်သွားနေတုန်း ရုတ်တရက် ကို့ ကို လှမ်းမြင်လိုက်တော့ ကျွန်မ ပျော်သွားလိုက်တာ.. သူက မိုးပျံပူပေါင်းရောင်းတဲ့ အသည်ကြီးနားမှာ ရပ်နေသည်.. စက်ဘီးတစ်ခုကို ကျောပေးကာ မှီပြီးရပ်နေပုံက ထုံးစံအတိုင်း ခပ်နွဲ့နွဲ့ပါပဲ.. သူက ဘယ်တော့မှ မတ်မတ်ဆန့်ဆန့်မနေတတ်ပါ.. လက်ပြင်ကိုကိုင်းပြီး ပျော့တိပျော့ဖတ်လမ်းလျှောက်တတ်သည်.. ရှည်လျားသွယ်ပျောင်းသော ကိုယ်ခန္ဓာက ဘယ်လိုလမ်းလျှောက်လျှောက် လှနေသည်ပင်..

“ကို”
သူ့ကို ခေါ်ရင်း အနားကိုလျှောက်သွားလိုက်သည်.. သူမှီပြီးရပ်နေတာက မိုးပျံပူပေါင်းသည်ကြီးရဲ့ စက်ဘီးဖြစ်ရမည်ဟု ကျွန်မတွေးလိုက်မိ၏.. ဘာလို့လဲဆိုတော့ စက်ဘီးနောက်ထိုင်ခုံတန်းမှာ မိုးပျံပူပေါင်း ရောင်စုံလေးများကို ချိတ်ထားလို့ပေါ့..

သူက ကျွန်မကို ဘာစကားမှမပြောပါ.. ခပ်စိုက်စိုက်ပဲ ကြည့်နေသည်..

သူ့မျက်လုံးများက အစိမ်းရောင်တလက်လက်.. ဘာဖြစ်တာလဲ.. ကျွန်မ ဘာမှားသွားလို့လဲ..
ကျွန်မက အစိမ်းရောင်ကို မုန်းပါသည်.. အစိမ်းက ပညာရေးရဲ့အရောင် .. ကျန်းမာရေးရဲ့အရောင်.. လွှမ်းမိုးသောအရောင်.. ဒါတွေအပြင် စိမ်းကားမုန်းတီးခြင်း.. အေးစက်ခြင်းလည်းဖြစ်သေးသည်လေ.. စာကျက်ရတာမုန်းသောကျွန်မ.. ငယ်စဉ်က ချူချာသဖြင့် ဆေးရုံဆေးခန်းမကြာခဏရောက်တတ်သော ကျွန်မသည်.. အစိမ်းကို မုန်းတာအပြင် ကြောက်တာပါ ရောနေသေးသည်..

“ကို”
ကျွန်မနောက်တစ်ကြိမ်ထပ်ခေါ်မိပြန်သည်.. ထိုအခါ သူက ကျွန်မကို မမြင်ချင်တော့သလိုပင် မျက်စိကိုမှေးမှိတ်လိုက်ကာ တစ်ဖက်သို့လှည့်သွားပါသည်.. ရုတ်တရက် ပတ်ဝန်းကျင်တစ်ခုလုံး မှောင်သွားသည်.. ထိုအခါမှ ကျွန်မသတိထားမိပါသည်.. စောစောက လင်းနေတာက သူ့မျက်လုံးက အစိမ်းရောင်များကြောင့်ပဲ.. ဒုက္ခပါလား.. ပတ်ဝန်းကျင်ကိုတောင် အရောင်ဟပ်စေလောက်အောင် သူ့မျက်လုံးတွေ တောက်ပနေခဲ့တယ်.. ပြီးတော့ အရောင်က အစိမ်းရောင်.. သူ့ရဲ့အမုန်းစိတ်တွေဘယ်လောက်တောင် ကြီးမားနေသလဲ.. ပြီးတော့ ဘယ်သူ့ကိုရည်ရွယ်တဲ့ အမုန်းများလဲ..

ဘာစကားမှ မပြောတော့ပဲ ကျွန်မသူ့ရှေ့မှာရပ်နေပါသည်.. သူ့ရှူထုတ်လိုက်သော လေငွေ့ကလေးများကို ကျွန်မခံစားလို့ရနေ၏.. သူကရော .. ရှူသွင်းလိုက်သော လေတိုင်းမှာ ပါသွားမယ့် ကျွန်မရဲ့ အငွေ့အသက်တွေကို ခံစားရှာဖွေနေလား..
၁ မိနစ်.. ၂ မိနစ်.. မိနစ် ၂၀ .. ၁ နာရီ... ၂ နာရီ .. .. .. ။

ပတ်ဝန်းကျင်မှကြားနေရတဲ့ အသံတွေအားလုံးတိတ်ဆိတ်ကုန်ပြီ.. ခုနက ရှုပ်ရှက်ခတ်နေသော ညှော်နံ့တွေလည်း မရှိတော့.. မိုးပျံပူပေါင်းသည်ကြီးက ဆိုင်ကိုသိမ်းပြီး လက်ကျန်ပူပေါင်းများကို စက်ဘီးခုံမှဖြုတ်ယူနေသည်.. သူကတော့ မျက်လုံးကိုမှိတ် မျက်နှာကိုလွှဲလျက် ကျွန်မရှေ့မှာရပ်နေတုန်းပဲ.. လက်နှစ်ဘက်ကို ဘောင်းဘီအိတ်ကပ်တွေထဲထည့်ကာ စက်ဘီးကိုမှီပြီး ရပ်နေဆဲ..

“ကို”
သူ့ကို ကျွန်မအဲသည်လိုခေါ်တိုင်း သူ့မျက်နှာမှာ အပြုံးဖြစ်ပေါ်တတ်သည်.. သူက ပြုံးရင် သိပ်ချစ်ဖို့ကောင်းပါသည်.. မြတ်နိုးကြင်နာမှုမှလွဲ၍ တခြားဘာအဓိပ္ပါယ်မှမပါသည့် နွေးထွေးသောအပြုံး.. အဲဒီ့အပြုံးသည် ကျွန်မတစ်ယောက်ထဲအတွက် သီးသန့်လည်းဖြစ်သေးသည်.. သို့သော်အခုတော့.. အဲသည့်စကား ၃ ခွန်းရှိနေသည့်တိုင် သူ မပြုံးလာသေးပါ.. ပတ်ဝန်းကျင်မှာ လူသူမရှိတော့သောအခါ အအေးဓာတ်က ပိုကဲလာသလိုပဲ.. အအေးသက်သာလို သက်သာငြား ပုခုံးနှစ်ဖက်ကိုကျုံ့လိုက်ကာအသက်ပြင်းပြင်း တစ်ချက်ရှူလိုက်မိပါသည်.. ကျွန်မ သိပ်ချမ်းနေပြီ .. ပြန်ကြရအောင်..

“ကို”
ခေါ်ရင်း သူ့လက်ကို ကျွန်မလှမ်းထိကိုင်လိုက်သည်..
သူက ကျွန်မလက်ကို ပုတ်ထုတ်လိုက်ပါသည်...
ရုတ်တရက်.. ..
ရောင်စုံမိုးပျံပူပေါင်းတွေ ကျွန်မတို့ဘေးပတ်လည်ကနေ ပျံတက်သွားကြသည်.. ချည်ထားသောကြိုးလေးတွေပြတ်ကာ ကောင်းကင်ပေါ်သို့ ဖရိုဖရဲပျံတက်သွားသော ပူပေါင်းလေးများကို ကျွန်မမော့ကြည့်လိုက်မိ၏.. သူတို့မှာ သွားရမည့် ဦးတည်ရာနေရာမရှိ.. ကောင်းကင်အမြင့်မှာ သူတို့ကို ဆီးကြိုဖမ်းယူမည့်သူမရှိ.. အထဲမှလေများကုန်သွားချိန်မှာ လျော့ရဲစွာ မလှပစွာမြေပြင်ပေါ်သို့ ပြန်ကျလာရမည့်အဖြစ်တွေပဲ.. မြေပြင်နှင့်ချည်ထားသောကြိုးပြတ်သွားသဖြင့် ကစဥ့်ကလျားလွင့်ပျံသွားရသည့် ပူပေါင်းလေးတွေအစား ကျွန်မရင်နာမိပါသည်..

လက်မှတဆစ်ဆစ်နာလာသဖြင့် ကျွန်မလက်ကို ကျွန်မ ငုံ့ကြည့်လိုက်မိသည်.. လက်ဖနောင့်နေရာမှာ အသားပွန်းပဲ့ကာ သွေးတွေထွက်နေပါသည်.. ဘယ်လိုဖြစ်လို့ ကျွန်မမြေကြီးပေါ်မှာ လဲနေရတာလဲ.. သူလက်ကိုပုတ်ထုတ်လိုက်တဲ့အရှိန်က အဲသည့်လောက်ပြင်းသလား.. ကျွန်မလဲကျသွားပြီး လက်မှာဒဏ်ရာရတဲ့အထိလေ.. သူက ကျွန်မကို ဘယ်တုန်းကမှ ဒီလိုကြမ်းကြမ်းတမ်းတမ်း မဆက်ဆံဖူးပါဘူး..

မယုံကြည်နိုင်စွာ သူ့ကိုမော့ကြည့်လိုက်တော့ အစိမ်းရောင်တောက်ပနေသော မျက်ဝန်းတစ်စုံကို ကျွန်မရင်ဆိုင်ရပြန်သည်.. မျက်လုံးများကို မှိတ်လိုက်မိ၏.. ကျွန်မကို အဲလိုမကြည့်ပါနဲ့.. ကို ဘာဖြစ်နေတာလဲ.. ဘာလို့ ကျွန်မကို ဒီလိုဆက်ဆံရတာလဲ..

“နောက်တစ်ပတ်မှာ မင်းသွားတော့မယ်လို့ မင်းအမေကပြောတယ်”

ပထမဆုံးအကြိမ်သူ့ဆီမှ စကားသံကိုကြားရသည်.. ကျွန်မက သူ့မျက်လုံးတွေကိုကြောက်သဖြင့် မော့မကြည့်ပါ.. နောက်တစ်ပတ်မှာ နိုင်ငံရပ်ခြားသို့ ကျွန်မအပြီးအပိုင်ထွက်သွားတော့မည်.. သူမပါသော.. သူလိုက်လို့မဖြစ်နိုင်သော.. သူမလိုက်ချင်သော ခရီးရှည်ကြီးတစ်ခုကို ကျွန်မသွားတော့မည်.. အဲဒါကို ဖွင့်မပြောရက်သဖြင့် အချိန်တွေဆွဲနေခဲ့တာ.. အဲဒါကိုပြောဖို့ကို ကျွန်မရှောင်ရှားနေမိတာ.. ပညာရပ်တွေ ခေတ်မီတိုးတက်မှုတွေ .. မြင့်မားသော လူနေမှုအဆင့်အတန်းတွေကို ကျွန်မက မက်မောသလောက်.. သူကတော့ အေးဆေးငြိမ်ဆိတ်မှု ရှေးကျမှုတို့ကို မစွန့်ဖယ်နိုင်သူဖြစ်သည်.. အပြိုင်အဆိုင် စိန်ခေါ်မှုတွေကို ကျွန်မ စိတ်လှုပ်ရှားတက်ကြွသလောက် သူကတော့ ရောင့်ရဲကျေနပ်စွာ နေထိုင်ချင်သူဖြစ်သည်.. ဒါကြောင့်လည်း ကျွန်မဘ၀ရဲ့လမ်းတွေမှာ သူ့ကို အပါခေါ်လို့မရနိုင် မဖြစ်နိုင်.. အဲဒါကို သူသိအောင်လည်း မပြောရက်နိုင်..
ကျွန်မတို့ ၂ ယောက်က အကြီးအကျယ်ကွာခြားလွန်းပါသည်..

“မင်းကို ကိုယ်အကြိမ်ကြိမ်တားခဲ့တာတောင် မင်းနားမထောင်ဘူးနော်.. ကိုယ့်ထက် မင်းရဲ့ပညာရပ်တွေ.. မင်းရဲ့အရည်အသွေးတွေကို ပိုတန်ဖိုးထားပါတယ်ဆိုတာ သက်သေပြလိုက်တာပဲပေါ့”
“ကျွန်မ ကို့ကို ချစ်ပါတယ်”
“တော်စမ်းပါကွာ”

သူ့ကိုမော့ကြည့်လိုက်မိသည်.. သူ့မျက်လုံးစိမ်းစိမ်းလေးတွေဆီမှာ တလက်လက်တောက်နေသော မျက်ရည်များကို မြင်လိုက်ရတော့ ကျွန်မအသံတိတ်ရှိုက်လိုက်မိပြန်ပါသည်.. ကျွန်မ ကို့ကို သိပ်ချစ်ပါတယ် ကိုရယ်.. ဒါပေမယ့် ကျွန်မဘ၀ရဲ့ အကြီးမားဆုံး.. ကျွန်မတစ်သက်လုံး မျှော်လင့်ခဲ့ရတဲ့ ဒီအခွင့်အရေးကလည်း သိပ်အရေးကြီးနေတယ်ဆိုတာ ကိုနားလည်အောင် ကျွန်မဘယ်လိုရှင်းပြရပါ့မလဲ..

ထို့နောက်..
သူထွက်သွားပါသည်.. နှင်းများစိုစွတ်နေသော မြေပြင်မှာ လဲကျကျန်ခဲ့တာက သူမြတ်နိုးယုယခဲ့ဖူးတဲ့ မိန်းမမဟုတ်သလိုပဲ.. အစိမ်းရောင်အရိပ်ကလေး တလွင့်လွင့်ဝေးကာ ပျောက်ကွယ်သွားတာကို ကျွန်မလိုက်ကြည့်နေမိ၏.. ထို့နောက် အားတင်းကာ ကျွန်မထရပ်လိုက်ပါသည်..

ချည်ထားသောကြိုးပြတ်သွားသဖြင့် ကျယ်ပြန့်သောကောင်းကင်ပြင်ကြီးထဲသို့ ကစဥ့်ကလျားပျံတက်သွားရသော မိုးပျံပူပေါင်းလေးများအစား ကျွန်မရင်နာခဲ့ဖူးပါသည်.. သူတို့မှာ သွားရမည့် ဦးတည်ရာနေရာမရှိ.. ကောင်းကင်အမြင့်မှာ သူတို့ကို ဆီးကြိုဖမ်းယူမည့်သူမရှိ..
ဒါပေမယ့်လည်းပေါ့လေ..
အနည်းဆုံးတော့..
သူတို့အမြင့်ကို ရောက်သွားသေးတယ်မဟုတ်လား.. .. ။

13 comments:

  1. ပန်းချီအနုပညာကို ၀ါသနာပါသူတစ်ယောက်မှန်း သိပ်သိသာစေတဲ့ အရောင်တွေအကြောင်း ကတော့ ၀တ္ထုလေးတွေတိုင်းမှာ ပါတတ်တာကို ချစ်စရာ သွားတွေ့ရတယ်။ အယူအဆတွေန့ အမြင်တွေ ကြောင့် ခံယူချက်တွေ၊ ရည်မှန်းချက်တွေ မတူကွဲပြားရတာလေးကို လှစ်ခနဲ မြင်ရတယ်၊ နောက် ... ဝေးကွာခြင်းတွေရဲ့ မြစ်ဖျားနဲ့ အကြောင်းတရားတွေ၊ နောက် ... လှမ်းမြင်နေရတာက အခုလိုကိစ္စတွေကြားမှာ စီးဝင်နေတဲ့ အနုညံ့ဆုံးပဋိပက္ခတွေ ... ။
    အဆုံးသတ်မှာ ပေးသွားတဲ့ ဥပမာလေးနဲ့ အဓိပ္ပါယ်လေး သိပ်လှတယ်၊ တော်တော် သဘောကျသွားမိတယ်။ ညက်တဲ့အရေးအသားနဲ့ ပစ်မှတ်ကို ဒိုင်းကနဲပစ်နိုင်စွမ်းတဲ့ အိုင်ဒီယာရှိတယ်။ ကောင်းမွန်တဲ့ ၀တ္ထုတိုကလေးပါပဲ။ ဆက်ပြီးရေးပါဦး ... အားပေးနေတယ် ... ။

    ReplyDelete
  2. ကောင်းတယ်လို့ကလွဲပြီး ဘာမှ မပြောတတ်တော့ပါ..။

    ReplyDelete
  3. ညီရေ အရေးအသားတွေကတော့ အကို ဘယ်လိုလိုက်ရမှန်းတောင်မသိတော့ဘူး။
    အကိုအိမ်မက်ရှင် ပြောသလို ညီက ပန်းချီပညာရှင်ဆိုတော့
    အရောင်တွေနဲ့ နှိုင်းယှဉ် ပြတတ်တယ်နော်။
    ညီ ဆုံးဖြတ်ချက်ချပြီးသားဆိုရင်တော့ ရှေ့ဆက်သာသွားပါ။
    အမြင့်ရောက်ရောက်၊ ပြန်ကျကျ ဘေးမှာ အမြဲ ကြိုဆိုနေမဲ့ မောင်နှမတွေရှိပါတယ်။ ပေးထားတဲ့ ဥပမာလေးတွေ
    အရမ်းလှတော့ ဘယ်လိုပြောရမလဲ တောင်မသိတော့ဘူး။
    တော်တာ အကို့ ညီမဖြစ်လို့ပဲနေမှာ ဟီး ၀င် ကြွားသွားတယ်။

    ReplyDelete
  4. သိပ်ကောင်းတဲ့ ၀တ္ထုလေးပဲ ညီမရေ...။
    အစ်မမှာ ဖတ်ရင်းဝမ်းလဲသာ၊၀မ်းလဲနည်း ဘာဖြစ်လာမှန်းကိုမသိဘူး။
    တကယ်ကောင်းပါတယ်ညီညီရေ..။

    အားပေးခင်မင်လျက်

    ReplyDelete
  5. စာကောင်းလေး တစ်ပုဒ်ပါ

    ReplyDelete
  6. ဟီ.. ပျော်လိုက်တာ. .. ဒီပို့စ်ကို စိတ်ကူးထဲမှာ ရေးနေတာ အကြာကြီးရှိပြီ.. တကယ်ချရေးတော့ သိပ်မကြာဘူး.. ကောင်းပါ့မလားလို့ ထင်နေတာ.. အားပေးကြတာ ကျေးစ် .. :)

    ReplyDelete
  7. ညီ....
    အရေးအသား အရမ်းညက်တယ်...
    ဟိုးးး အမြင့်ကြီးပေါ်တက်ပြီး တစ်ချိန်မှာ သူပြန်ကျလာဦးမှာပါညီရယ်..

    ချစ်တဲ့..
    ဦးနော်၊ တီငယ်၊ ကလေးလေ?

    ReplyDelete
  8. ကောင်းတယ် မနန်းရေ။း)

    ReplyDelete
  9. ၀တ္ထုကတင်တဲ့နေ့ကတည်းကဖတ်ပြီးသွားပြီ...
    ရေးတတ်လိုက်တာ...လို့ပြောမလို့
    တော်ကြာနဂိုတည်းကရေးတတ်တာလို့စိတ်ထဲတွေးနေမှာစိုးတာနဲ့း)
    မရေးခဲ့တာ..
    ခု စီဘောက်စက စာတွေ့မှ လာကွန်မင့်ထားခဲ့တာ...

    ReplyDelete
  10. ညီရေ..အစ်မ ညီပို့စ်လေးကို ဖတ်ပြီး အတိတ်ကို ပြန်သတိရမိတယ်..အစ်မကို ထားခဲ့တယ်လို့ စွတ်စွဲပြီး ကိုယ်တိုင်က စုံရပ်နေခဲ့တဲ့သူကိုပေါ့..:(

    ReplyDelete
  11. ကောင်းတယ်ညီရေ ဖတ်ရတာ
    စာရေးကောင်းလိုက်တာဗျာ
    အားကျမိပါရဲ့ စိတ်ကူးလေးကို

    ReplyDelete

your comment please

Powered by Blogger.