ကမ္ဘာကျော်မအူချာ

အိမ်မှာ ကလေးထိန်းတဲ့ ညီမလေးနာမည်က နန်းနွယ်တဲ့.. ခုတော့ ကမ္ဘာကျော်နန်းနွယ် ကရင်နှစ်ကူး ရွာပြန်သွားတာ ဒီနေ့နဲ့ဆို ၁၂ ရက်ရှိပြီ.. သူ့ကို တစ်နှစ်တခါ အဲလိုပဲ လစာပြည့်နဲ့ ခွင့်ရက်ပေးတယ်.. မနှစ်ကတော့ ကလေးက ငယ်သေးတော့ နည်းနည်း ထိန်းရသက်သာတယ်ပြောရမယ်.. ဒီနှစ်ကတော့ သူစသွားတဲ့ နောက်ရက်မှာတင် ခေါင်းတိုက်အန် ဆေးရုံရောက် ပြန်လာ ထမင်းမစား နေလို့မကောင်းစိတ်မကြည်တော့ ဂျီကျ တချိန်လုံးရန်ဖြစ် တအိမ်လုံးလည်း ပွထ.. ကိုယ့်အမေလည်း နေ့တိုင်း ကလေးတစ်ကောင်နဲ့ ပင်ပန်း ကိုယ်တိုင်လည်း အိပ်ရေးတွေပျက်.. ကိုရဲလည်း အလုပ်တွေ မပြီး.. အတော် ကသောင်းကနင်းတွေဖြစ်ကုန်တာ..

နန်းနွယ်က ကိုယ်ကလေးမမွေးခင် ၁ ပတ်အတိမှာ အိမ်ရောက်လာတာ.. ကလေးမွေးတော့ သူ့လက်ပေါ်မှာတင်ပဲ မွေးခါစနီတာရဲလေး ကြီးလာတာဆိုတော့ ကလေးကို အရမ်းချစ်ရှာတယ်.. လူပုံစံကလည်း ချစ်စရာလေး ဖြူဖြူသန့်သန့်လေး.. အသက် ၂၀.. ဒါပေမယ့် ကလေးလိုပုံစံလေးပဲ.. ရိုးလည်းရိုးသားတယ်.. ဘုရားတရားလည်း တော်တော်ယုံကြည်တဲ့ ကောင်မလေး.. ထမင်းဟင်းတော့ မချက်တတ်ဘူး မီးဖိုချောင်အလုပ်ကို သူက စိတ်ကိုမဝင်စားတာ.. ပြီးတော့ ကလေးထုံးစံအတိုင်း တီဗီမက်တာတို့ အပျင်းတစ်တာတို့တော့ ရှိတာပေါ့လေ.. အလုပ်လုပ်တာလည်း အရမ်းနှေးတယ်.. ဒါပေမယ့် မလိမ်ဘူး ရိုးသားတယ် ကလေးကို စိတ်ရှည်တယ် အနွံတာခံတယ်.. သပ်ရပ်သန့်ရှင်းတယ်.. ဒါတွေနဲ့တင် ကျန်တဲ့ အပြစ်တွေကို ခွင့်လွှတ်ရတာပဲ.. အိမ်သားတစ်ယောက်လိုပေါ့.. အပြစ်ဘယ်လိုရှိရှိ ကိုယ့်အိမ်သားအဖြစ်နဲ့ ချစ်ခင်သည်းခံရတာပဲ မဟုတ်လား..


သူက မနက်ဆို အစောထ အိမ်သန့်ရှင်းရေးလုပ်. သားသားနိုးတာနဲ့ သားသားဝေယျာဝစ္စတွေ လုပ်.. သားသားနဲ့ ဆော့.. အဝတ်မီးပူတိုက်.. ဒါလောက်ပါပဲ.. အဓိက ကလေးထိန်းဖို့နဲ့ အိမ်သန့်ရှင်းရေးပေါ့.. တစ်ခါတလေ ဟိုနားဒီနားလိုတာ ခိုင်းတယ်ပေါ့.. ဒါလောက်ပဲဆိုတာတောင် တစ်နေကုန် ကလေးထိန်းရတာဆိုတာ တကယ်မလွယ်ပါဘူး.. ကလေးအိပ်ချိန် နေ့ခင်းလေးတွေလောက်တော့ သူ တီဗီကြည့်လို့ရတယ်.. ကိုရဲမရှိဘူးဆိုရင် သူက ဗမာကားကြည့်တယ်.. ကိုယ်ကလည်း တခါတလေ ကြည့်ပစေဆိုပြီး သိပ်ဆိုးဝါးတဲ့ ကားမျိုးမဟုတ်ရင် မတားတော့ဘူး ပေးကြည့်လိုက်တယ်.. ကိုရဲရှိရင်တော့ အိမ်မှာ ဗမာကားလုံးဝမကြည့်ရဘူး.. အမှန်တော့ ကိုယ်လည်း ငယ်ငယ်ကတည်းက ဗမာကားလုံးဝမကြည့်ခဲ့တဲ့လူပါ.. တော်တော်နာမည်ကြီးပြီး ကောင်းတဲ့ကားတွေလောက်ပဲ ကြည့်ဖူးတာ.. ကိုယ်က ကာတွန်းကားပဲကြည့်တာများတယ်..

တစ်ခါတလေ နန်းနွယ်ပြောတဲ့ လုပ်တဲ့ ပေါက်ကရတွေက ရီရတယ်.. စတုဒီသာမုန့်ဟင်းခါး ကျွေးတာကို.. စတုဒီသာစားမယ် မုန့်ဟင်းခါးမစားဘူးလို့ပြောတာ မျိုးတွေပေါ့.. ၃၀ ရက်နေ့ ပြန်လာမယ်တော့ ပြောတယ်.. ဘယ်အချိန်ရောက်မလဲမသိ.. ဖုန်းတော့ ၁ ရက်ခြားလောက် ဆက်တယ်.. သူ့ကို ဖုန်းရောဟန်းဆက်ပါ ပေးလွှတ်လိုက်တာ.. သူမရှိတုန်း သားသားဆေးရုံတက်ရတယ်ဆိုတာသိတော့ ဟောတော့ ဆိုပြီး စိတ်မကောင်းဖြစ်နေတယ်.. သားသားကလည်း မနက်အစောတွေဆို မမ မမ ဆိုပြီး ရှာတယ်.. ခေါ်.. ဆိုပြီး ခေါ်ခိုင်းနေတယ်..

သူများအိမ်မှာအိမ်အကူ လုပ်ရတဲ့ ကလေးတွေရဲ့ အနာဂတ်ကို တွေးကြည့်ရင် သူတို့ဘဝက သနားဖို့ကောင်းတယ်.. နန်းနွယ်ဆို အသက် ၁၅ နှစ်လောက်ကတည်းက ရန်ကုန်အိမ်တွေမှာ အလုပ်လာလုပ်ရတယ်.. ဈေးရောင်းတဲ့အိမ်တစ်အိမ် ရောက်ဖူးသတဲ့.. မကောင်းဘူးတဲ့.. ထမင်းလည်းဝအောင် မစားရဘူးတဲ့.. ၁ ပတ်လောက်ပဲနေပြီး လာပြန်ခေါ်ဖို့ သူ့အဖေကို ပြောရတယ်တဲ့.. သူ့မိဘတွေကလည်း လစာများတာ မများတာထက် သူတို့သမီး ကောင်းကောင်းစိတ်ချမ်းသာသာ နေရဖို့ကို ပိုဦးစားပေးတဲ့ မိဘမျိုးတွေပဲ ရိုးသားကြတယ်.. ဟိုလို လိမ်စားနေတာမျိုး မဟုတ်ဘူး.. နန်းနွယ်က အကြီးဆုံးသမီး အိမ်မှာ ညီမ ၃ ယောက်နဲ့ မောင်အငယ်ဆုံးလေး ၁ ယောက်ကျန်တယ်..

ကိုယ်စိတ်ကူးထားတာကတော့ သားသား ကျောင်းတက်တဲ့ အရွယ်ရောက်ရင် သူ့ကိုလည်း သားသားကျေင်းချိန်အတွင်းမှာ အိမ်နားနီးနီး သင်တန်းတခုခု တက်ခိုင်းမယ်.. ဘာဝါသနာပါလဲမေးတော့ စက်ချုပ်မယ်တဲ့.. အိုခေ.. စက်ချုပ်သင်တန်း ထားပေး.. သားသားကြီးလို့ သူ့ကို မလိုတော့ရင် သူ့ရွာပြန် (ရွာမှာတော့ စက်ချုပ်စားလို့ မရဘူး အနီးဆုံး မြောင်းမြမြို့မှာ လုပ်ရမယ်လို့ပြောတယ်).. မြောင်းမြမှာ အကျီချုပ်ဆိုင် ဖွင့်စားပေါ့.. အဲ့အချိန်ဆို အသက်လည်း ၃၀ နားနီး.. ကိုယ့်ဘာကိုယ်လည်း ထိန်းတတ်တဲ့အရွယ်ရောက်ပြီ.. အတတ်ပညာတစ်ခုလည်းရှိပြီ.. ယောက်ျားယူချင်လည်း ကောင်းကောင်းကန်းကန်းရွေးယူလို့ မီသေးတယ်ပေါ့.. သူ့ကိုတော့ ပြောထားတယ်.. ငါအဲလိုစိတ်ကူးထားတယ်.. ဒီအိမ်မှာ နင့်ကိုလည်း တသက်လုံး မခိုင်းချင်ဘူး တခြားအိမ်လည်း သွားမလုပ်နေနဲ့တော့.. အသက်ကြီးတဲ့ထိ သူများအိမ်မှာလုပ်နေရင် ကြီးလာတော့ ဘယ်လိုလုပ်မလဲလို့.. ဒီတော့ ပညာတစ်ခုသင်ပြီး ပိုက်ဆံရှာနိုင်အောင် နေထိုင်လို့ရအောင် လုပ်ဖို့ပြောထားတယ်.. လိမ်လိမ်မာမာနေရင် လိုအပ်တဲ့အရင်းအနှီးထုတ်ပေးမယ်လို့.. လောလောဆယ်တော့ သားသားကို အင်္ဂလိပ်စာလုံးလေးတွေ သင်ရင်း သူ့ကိုပါ ထည့်ထည့် သင်ရတယ်..

ဘာရယ်မဟုတ်ဘူး.. သားသား မနက်က မမ မမ နဲ့အော်နေလို့ စဉ်းစားရင်း တောင်စဉ်ရေမရ တွေးမိတာလေးတွေ.. ပြီးတော့ ဒီနှစ်သူတို့ရဲ့ ကရင်နှစ်ကူးနေ့လေ.. မယ်ညစ်ကျယ်ရဲ့ မအူချာလွမ်းချင်းလို့လည်း ပြောလို့ရတာပေါ့..

#ဦးဂွမယ်ညစ်ပုံပြင်များ (၁၁) #FamilyLeak

No comments:

your comment please

Powered by Blogger.