သရဲရိုက်တဲ့ ဓာတ်ပုံ

ဘာကြောင့်မှန်းတော့မသိဘူး.. ဒါပေမဲ့ စာပြန်ရေးမယ် ဘာအကြောင်းတွေရေးရမလဲလို့ မေးလိုက်တော့ တော်တော်များများက သရဲအကြောင်းရေးပါလို့ ပြောတယ်.. စဉ်းစားမရတာက နန်းညီက သရဲအကြောင်း ခနခနပြောတတ် ရေးတတ်သူလည်းမဟုတ်ဘဲနဲ့နော်.. ဒါပေမဲ့ သရဲက မြင်တော့မြင်ဖူးတယ်.. ဒီမှာရေးထားတယ်..

နောက်တခုကကျတော့ သိပ်တော့မသေချာဘူး.. ဒါပေမယ့် ထူးဆန်းတာပေါ့.. မကြာသေးခင်တုန်းကမှ နန်းညီတို့ ရုံးပြောင်းတုန်းကဖြစ်တာတွေ.. ရုံးအသစ်ပြောင်းပြီး သိပ်မကြာခင်မှာပဲ.. မနက်ခင်းကြီး တခြားဘယ်သူမှ မရောက်သေးခင် ရုံးက PP တယောက်ထဲ ရောက်နေတယ်.. သူ့စားပွဲမှာ သူထိုင်ပြီး အလုပ်လုပ်နေရင်း တံခါးကနေ လူဝင်လာတာကို ရိပ်ခနဲ မြင်လိုက်ရတော့ သူလည်း အာရုံမထားနေဘူးပေါ့.. သူထင်တာက ZZ လာတယ်လို့ ထင်လိုက်တာ.. ဒါပေမယ့် တော်တော်ကြာတဲ့အထိ အလုပ်ခန်းထဲ မရောက်လာတော့မှ သူလည်း ရုံးထဲ လိုက်ကြည့်တော့ ဘယ်သူမှ မရှိဘူး.. ဘယ်သူမှလည်း မရောက်သေးဘူး မဝင်လာဘူးပေါ့နော်.. ဒါပေမဲ့ အဲ့ဒါကိုလည်း သူပြန်ပြောပြပေမယ့် မျက်စိမှားတယ်ပဲ အားလုံးကထင်ပြီး  မေ့မေ့ပျောက်ပျောက်ပဲ ထားလိုက်တာပေါ့..

နောက်တော့ကျ အဲလိုပဲ ရုံးခန်းထဲ ထိုင်နေရင်း နန်းညီကိုယ်တိုင်.. တံခါးပေါက်အပြင်မှာ လူရပ်နေတာ မြင်လိုက်ရတယ်.. နန်းညီတို့ ရုံးခန်းတံခါးက မှန်ကာထားတာ ဒါပေမယ့် အကြည်မဟုတ်ဘူး အနောက်လေ.. မှန်အနောက် ခပ်ဝါးဝါးဟာမျိုးကာထားတာ.. အဲ့နေ့က စားပွဲမှာ အလုပ်လုပ်နေရင်း နောက်ကျောကပ်လျက်က W ကို စကားပြောမလို့ အလှည့်မှာ မျက်နှာက တံခါးဘက်ခနကြည့်မိသွားတုန်း လူရပ်နေတာမြင်လိုက်တာ.. အဲ့ဒါနဲ့ ဘယ်သူလဲဟ ဆိုပြီး သေချာပြန်လှည့်ကြည့်လိုက်တော့ကျတော့ မရှိတော့ဘူး... ပြောမိသေးတယ် "ငါ လူမြင်လိုက်တယ်" ဆိုပြီး.. အဲ့ဒါ ရုံးက တခြားလူတွေ ထကြည့်ကြသေးတယ်.. တံခါးအပြင်မှာရော စင်္ကြန်လမ်းမှာရော ဘယ်သူမှ မရှိဘူး..

ကိုယ်ပဲ ကြောင်တောင်တောင်ဖြစ်တာလားဟ ဆိုပြီး မသင်္ကာဖြစ်နေရင်း တစ်ပတ်လောက်ကြာတော့ တစ်ခါ.. နန်းညီရော ZZ ရော တံခါးမှာ ဟိုတခါကလိုပဲ လူရပ်နေတဲ့ အရိပ်မြင်ပြန်ရော.. ဒီတခါတော့ ၂ ယောက်မြင်တာဆိုတော့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်မိပြီး "လူ လူ"လို့ ပြောတော့ ရုံးကလူတွေ တံခါးထဖွင့်ကြည့်ကြတာ အဲလိုပဲ ဘယ်သူမှ မရှိဘူး.. တစ်ခုခုတော့ တစ်ခုခုပဲဆိုပြီး ဆွမ်းကပ်မလားဘာလားညာလားတွေ ပြောတုန်းရှိသေး.. တရက်ကျော်လောက်ကျတော့ နန်းညီက ဖုန်းကို စားပွဲပေါ်တင်ထားတာ.. ဖုန်းက screen lock ဖြစ်နေတဲ့အချိန်.. မပွင့်နေဘူး.. လူကကျတော့ တဖက်လှည့် စကားပြောနေတာ.. ပြောနေတုန်း ကင်မရာ shutter သံကြားလိုက်တော့ နောက်ဘက်မှာ ထိုင်နေတဲ့ ZZ ကများ ကိုယ်တွေ စကားပြောနေတာကို ရိုက်လိုက်တာလားလို့ လှည့်ကြည့်လိုက်ချိန်.. Zz ကလည်း "အစ်မတို့ သမီးကို ဓာတ်ပုံရိုက်လိုက်တာလား"တဲ့.. ဟုတ်ပါဘူးပေါ့ မရိုက်ပါဘူးပေါ့.. အဲ့မှာ ဘာမှန်းမသိ ဘယ်ဖုန်းကမြည်တာမှန်းမသိလို့ ကိုယ့်ဖုန်းကိုယ်တွေ စစ်ကြတော့.. ဘယ်.. နန်းညီဖုန်းကနေ ရိုက်ထားတာ.. ဖုန်းက ပက်လက်တင်ထားတာဆိုတော့ အပေါ်မျက်နှာပြင်က မျက်နှာကျက်ကိုတည့်နေတာပေါ့နော်.. အဲ့မှာ camera roll ထဲ ဝင်ကြည့်တော့လည်း တွေ့သဗျာ.. ရုံးခန်း မျက်နှာကြက်ပုံကြီး.. (ဖုန်း front camera ကနေ ရိုက်လိုက်သလိုမျိုး).. ဖုန်းပက်လက်နဲ့ဆိုတော့ အဲ့အပေါ် မျက်နှာကြက်ကို ရိုက်ထားတာကြီး ဖုန်းထဲ ပေါ်နေတာ..






အကုန်လုံး ပြူးကြောင်ကြောင်တွေဖြစ် လန့်ဖျပ်ပြီး ဘာလုပ်ရမှန်းလည်းမသိဘူး.. အဲ့ကတည်းက ရုံးမှာ ဘုန်းကြီးဆွမ်းကပ်မယ်ဆိုပြီး ပြောကြတာ.. ခုထိလည်း မကပ်ဖြစ်သေးပါဘူး.. ဘာမှလည်း ထပ်တော့မဖြစ်ဘူး.. ဒါပေမယ့် ဒီဖုန်းကနေ ပုံရိုက်လိုက်တာကြီးကတော့ ဖုန်းကပဲ ကြောင်တာလား.. ကြောင်တယ်ပြောရအောင်ကလည်း တခါမှ မဖြစ်ဖူးဘူး အဲလိုမျိုး.. ဖုန်းကို screen lock ဖြစ်ပြီး တင်ထားတာကဖြင့် ကြာပြီ တော်တော်ကြာမှ သူ့ဘာသူ ဂျလပ်ဆိုပြီး ပုံထရိုက်တာဆိုတော့.. ပြောရလည်းအခက်.. တွေးရလည်းအခက်.. အမှတ်တရဆိုပြီး အဲ့ဓာတ်ပုံလေး မဖျက်ဘဲ ထားတယ်.. ခု စာရေးဖြစ်တော့ တွဲတင်လိုက်ပါတယ်.. သရဲက သူ့ဘာသူ selfie ရိုက်လိုက်တာလည်းဖြစ်ချင်ဖြစ်မှာပေါ့.. ကံကောင်းစေတဲ့အဆောင်အဖြစ် ဆောင်ချင်ဆောင်ထားကြနော်..




1 comment:

  1. ပုံတောင် သေချာ မကြည့်ရဲ... မရဲတရဲကြည့်ပြီး scroll မြန်မြန်ချသွားတယ်... နန်းညီပဲ သေချာရှာကြည့်... ဆယ်လဖီကို...

    ReplyDelete

your comment please

Powered by Blogger.