ကိုယ်ဝန်ဆောင်မေမေတို့အတွက် (တတိယကိုယ်ဝန်ကာလ)

မင်္ဂလာပါ မေမေလောင်းလျာတို့ရေ..

ဒီလပိုင်းအတွင်း ကိုယ်ဝန်က လရင့်လာတာနဲ့.. မီးဖွားခွင့်အတွက် ခွင့်ယူတော့မှာဆိုတော့ အလုပ်တွေ လက်စသတ်နေတာနဲ့ အရမ်းကို ရှုပ်နေပြီး ရေးနေကျ ကိုယ်ဝန်ဆောင်မေမေတို့အတွက် ပို့စ်တွေလည်း မရေးဖြစ်ဘူးဖြစ်သွားတယ်.. 

ခုဆိုရင် နန်းညီက ကိုယ်ဝန် ၃၂ ပတ်ထဲမှာပါ.. ဒါဟာ ကိုယ်ဝန်ရဲ့ တတိယကာလ Third Trimester ထဲမှာ ရောက်နေပြီပေါ့.. ၂၈ ပတ်ကနေစပြီး ၄၀ ပတ်ထိကို တတိယကာလလို့ သတ်မှတ်ထားတာကိုး.. တတိယကာလကို ပြန်ရောက်လာတော့ ပထမကာလတုန်းက မူးဝေတာ၊ အားနည်းတာ၊ အော့အန်တာတွေ ရှိခဲ့ဖူးသူတွေဆိုရင် အဲ့ဒါတွေကို တကျော့ပြန်ခံစားရတတ်တဲ့ အချိန်ပါပဲ.. 

ဒီအချိန်မှာ ဗိုက်ထဲက ကလေးလေးကလည်း စပြီး ခေါင်းစိုက်နေပါပြီ.. ဗိုက်အနေအထားက ပိုပြီး ကြီးထွားနေမယ့်အပြင် အောက်ဘက်ကိုလည်း ခပ်လျှောလျှောပုံစံ စဖြစ်လာတော့မှာပါ.. ကလေးလေးက ကိုယ်လက်အင်္ဂါစုံစုံလင်လင်နဲ့ ကြီးထွားနေပါပြီ.. ပုံမှန်လူတွေလိုပဲ သမ်းမယ်.. အညောင်းဆန့်မယ်.. ကန်မယ်.. အလင်းရောင်ရှိတဲ့နေရာ ခေါင်းလိုက်လှည့်မယ် စသဖြင့် ဗိုက်ထဲမှာ ငြိမ်ငြိမ်မနေတော့ဘဲ လှုပ်စိရွစိလေးတွေဖြစ်နေလို့ မေမေတို့ ဖေဖေတို့ကလည်း အပြင်ကနေ ကလေးလှုပ်တိုင်း လိုက်ပြီး ပျော်ရွှင်ကြည်နူးနေရမှာပဲနော်.. နန်းညီကတော့ တစ်ခါတလေ အထဲကနေ ကန်လွန်းလို့ လှမ်းတောင်စွာမိတယ်.. တချို့ညတွေကျတော့လည်း သူ့အတွက် သီးသန့်စုထားတဲ့ Belly Song လေးတွေ ဖွင့်ထားပေးရင် ငြိမ်နေသလိုလိုတော့ ရှိသား.. 


ဒီအချိန်မှာ ကလေးလေးက ဗိုက်ထဲမှာ နေရာယူလွန်းတော့ အစာအိမ်က အရင်ကလို လွတ်လွတ်လပ်လပ်မရှိတော့ဘဲ နည်းနည်း သေးချပ်ညှပ်နေတာမျိုးရှိနေတာမို့ အစားကို မစားချင်လည်း ဂရုတစိုက်စားပေးဖို့တော့လိုပါလိမ့်မယ်.. အားရှိမယ့်ဟာတွေတင်မဟုတ်ဘဲ ကိုယ်ခံတွင်းလိုက်မယ့် အာသီသရှိရာအစားတွေကိုလည်း သင့်တင့်သလောက်တော့ စားပေးရင် ပိုကောင်းမှာပါ.. အစားကို နည်းနည်းလေးစားလိုက် ခနနေ ပြန်ဆာလိုက် ဖြစ်နေတာမျိုးကို စိတ်ရှည်လက်ရှည် ဗိုက်သာဖြည့်ပါတော့.. နန်းညီဆိုရင်လည်း ညသန်းခေါင်တွေ ထ ထ ပြီး ဆာတတ်လွန်းလို့ ဘီစကစ်အထုပ်ကလေးတွေတို့ ငှက်ပျောသီးတို့ကို မပြတ်ဆောင်ထားနေရပြီ..

မျက်နှာတွေ လက်နဲ့ခြေတွေ နည်းနည်းအမ်းနေတာမျိုး ရှိရင် ဒါဟာ ဒီအချိန်မှာ ပုံမှန်ပါပဲ.. အဆစ်မြစ်တွေ အရမ်းကိုက်တာတို့ ဆိုးဆိုးဝါးဝါး မူးဝေတာ အောင့်တာတွေရှိရင်တော့ ကိုယ်ဝန်အဆိပ်တက်တာများဖြစ်မလားလို့ ဆရာဝန်တွေနဲ့ စစ်ဆေးကြည့်ဦးနော်.. ညဘက်အိပ်ရတာတွေလည်း သက်တောင့်သက်သာမရှိတော့ဘူးမဟုတ်လား.. မကြာခဏ ဆီးထ သွားနေရလို့ အိပ်ပျက်တာက တမျိုး.. တစောင်းချည်းပဲ နေရပြီး ဗိုက်ကိုလည်း မဖိမိရဘူးဆိုတော့ ဗိုက်အောက်မှာ ခေါင်းအုံးခုရတာက တမျိုးနဲ့ ရှုပ်ရှက်ကို ခတ်နေမှာပါပဲ.. ဒီအချိန်မှာ ကိုယ့်အဖော် အမျိုးသားက နားလည်မှုရှိဖို့နဲ့ အလိုက်သိတတ်ဖို့က တော်တော်လေး အရေးကြီးပါတယ်.. ကိုယ်က တလှုပ်လှုပ်နဲ့မို့ သူပါကောင်းကောင်းအိပ်လို့မရ.. သူပါစိတ်တို ကိုယ်ကလည်း အိပ်ရေးတွေမဝဘဲစိတ်တို ဆိုရင်တော့ မဖြစ်သေးဘူး.. 

ဘယ်ဆရာဝန်နဲ့ ဘယ်ဆေးရုံမှာ ဘယ်လိုမွေးမယ်ဆိုတာတွေ စဉ်းစားစီစဉ်ပြီးပြီဆိုရင် ဆရာဝန် ဆေးရုံတွေရဲ့ ဖုန်းနံပါတ်တွေကို အိမ်မှာရှိတဲ့ လူတွေရဲ့ ဖုန်းတွေမှာ ထည့်ထားဖို့လည်း မမေ့ပါနဲ့ဦး.. ကိုယ်ဝန် ၃၆ ပတ်လောက်မှာ (ဒီထက်စောလည်းကောင်းတယ်) ဆေးရုံသွားမယ့် ခြင်းတောင်းကို တစ်ခါထဲ အဆင်သင့်ပြင်ဆင်ထားပြီး ကိုယ့်အမျိုးသားကိုဖြစ်ဖြစ် ဆေးရုံလိုက်မယ့် အဖော်ကိုဖြစ်ဖြစ် ဒီခြင်းတောင်းကို တပါထဲ ယူဖို့ သတိပေးထားပါ.. ခြင်းတောင်းထဲမှာလည်း ဆေးရုံအတွက် လိုအပ်မယ့် ကိုယ့်ပစ္စည်းတွေ၊ ကလေးပစ္စည်းတွေအပြင် ကိုယ့်ရဲ့ ဆေးမှတ်တမ်းတွေကိုလည်း မမေ့ပါစေနဲ့.. ကိုယ်အိပ်နေကျ ခေါင်းအုံးကို သယ်သွားဖို့လည်း တော်တော်များများက အကြံပေးကြပါတယ်.. ဆေးရုံမှာ ကိုယ်သက်တောင့်သက်သာရှိအောင် ဘေးနားက ထားဖို့ ဖက်ဖို့ ခုဖို့ ခေါင်းအုံးလုံလောက်မယ်လို့မပြောနိုင်တော့ ကိုယ်အိပ်နေကျခေါင်းအုံးလေး သယ်သွားလိုက်တာက အဆင်အပြေဆုံးပဲလေ.. ဒါတွေကို ကြိုပြင်ဆင်ထားမှ ဆေးရုံသွားခါနီး ပျားယီးပျာယာအချိန်မှာ ဘာတစ်ခုမှ မေ့မကျန်ခဲ့မှာ.. (အထူးသဖြင့် ရိုးရိုးမွေးမယ့် မေမေတွေပေါ့).. 

အလုပ်တွေလုပ်နေဆဲ မေမေတွေလည်း ဒီအချိန်မှာတော့ သတိထားပြီး အလုပ်တွေကို လျှော့ချသင့်ပါပြီနော်.. သူများကိုသာပြောနေတာ နန်းညီတော့ဖြင့် ခုထိ အလုပ်များပြီး ပတ်ချာရမ်းနေတုန်းပါပဲ.. ကွန်ပျူတာ စာအရိုက်များရင် လက်ဆစ်ကလေးတွေ နာတာတို့၊ တနေကုန် အာရုံစူးစိုက်ပြီး ကွန်ပျူတာ အကြည့်များနေရင် ညကျ ခေါင်းကိုက်တာတို့ ဖြစ်တတ်ပါတယ်.. ၃၅ ပတ်ကျော်ရင်တော့ လုံးဝ အနားယူပြီး အိမ်မှာပဲ နေတော့မယ်လို့ စီစဉ်ထားတာပဲ.. မီးဖွားခွင့်ယူပြီး အိမ်မှာ နားနေ နေတဲ့ မေမေလောင်းလျာတွေလည်း နေ့ခင်းနေ့လည်မှာ တစ်ရေးအိပ်တဲ့ အကျင့်ကလေးကို မွေးထားပါနော်.. အသက်ရှူလေ့ကျင့်ခန်းကိုလည်း မှန်မှန်လုပ်ပေးနိုင်ရင် ပိုကောင်းပါမယ်.. 

အလုပ်များ စာလည်းသိပ်မရိုက်နိုင်တော့ သေချာမရေးနိုင်တော့ဘဲ တတိယကာလအဖြစ် ခုလိုပေါင်းရေးလိုက်တာ စိတ်မရှိကြပါနဲ့! မေမေတွေအားလုံး ကျန်းမာကြပါစေ…

No comments:

your comment please

Powered by Blogger.