နေသာသော နေ့တစ်နေ့တွင် မင်္ဂလာဆောင်ခြင်း ၃

(၃) Parents & Engage

ချစ်သူ ၂ ယောက် ဘ၀တစ်ခုကို အတူလက်တွဲတော့မယ်ဆိုရင် မိဘ အသိုင်းအ၀ိုင်းက အရေးကြီးလာပါပြီ.. မိဘက သဘောမတူလို့ အချစ်ရေးမှာ အဆင်မပြေဖြစ်ကြရတဲ့ စုံတွဲတွေ အများကြီးပဲ မြင်ဖူးတာကိုး.. ဒါပေမယ့် ဒီတစ်ခုမှာလည်း ကိုယ်တို့ ကံကောင်းကြတယ်.. ကိုယ့်မိဘတွေက ကိုယ့်ချစ်သူကို လက်ခံကြည်ဖြူကြသလိုပဲ သူ့မိဘတွေကလည်း ကိုယ့်ကိုချစ်ခင်ကြတယ်.. အစပိုင်းမှာ ညှိရတာတွေ ပြောဆိုရတာတွေတော့ နည်းနည်းရှိတာပေါ့လေ.. ဒါကတော့ ရှိတာပေါ့.. လူနှစ်ယောက် ချစ်ခင်စုံမက်ကြပြီး ဘ၀သစ်တစ်ခုကို ထူထောင်တော့မယ်ဆိုတဲ့အချိန်မှာ သူတို့ ၂ ယောက်ထဲ မဟုတ်တော့ဘဲ မိသားစုတွေ အသိုင်းအ၀ိုင်းတွေချင်းပါ ဆက်စပ်လာတော့မှာကိုး..


လက်ထပ်ခွင့်တောင်းပြီး နှစ်နဲ့ချီ ကြာပြီးမှ လက်ထပ်မယ့်ကိစ္စကို စပြီး အကောင်ထည်ဖော်ဖြစ်ကြတယ်.. ဘာလို့လဲဆိုတော့ ကိုယ်တို့မှာ အချိန်ယူ ပြင်ဆင်ရတဲ့ အပိုင်းတွေ အများကြီးမို့ပါ.. ၂ ယောက်စလုံးက ချမ်းသာပြည့်စုံတဲ့မိဘတွေကနေ မွေးလာတာ မဟုတ်တဲ့အတွက် ကိုယ်တို့ နေဖို့အိမ်၊ မင်္ဂလာဆောင်မယ့် ကုန်ကျစရိတ်၊ ရှေ့ဆက်မယ့် ၂ ယောက်ပေါင်း ဘ၀အတွက်ပါ အရမ်းကို စဉ်းစားပြင်ဆင်ခဲ့ရတယ်.. အဲလိုနဲ့ ၂၀၁၄ မှာတော့ မင်္ဂလာပွဲ လုပ်ကြမယ်လို့ နှစ်ယောက်သား ဆုံးဖြတ်ပြီးချိန်ကြတော့ မိဘချင်းတွေ့တဲ့ အစီအစဉ်ကို လုပ်ခဲ့ကြပါတယ်..

ပထမဆုံးမိဘတွေ စတွေ့တာက ဒီတိုင်း ပေါ့ပေါ့ပါးပါးပဲ.. မြို့ထဲက စားသောက်ဆိုင်တစ်ခုမှာ ဆုံကြတာ.. မိတ်ဆက်ကြ စကားပြောကြ ရယ်မောကြနဲ့ ရင်းရင်းနှီးနှီး ပေါ့ပေါ့ပါးပါးပဲ.. သမီးတွေကို သိပ်ချစ်ပြီး နှမျောတတ်တဲ့ ကိုယ့်အဖေက အသက်ပါပါမှ ရယ်နိုင်ပါ့မလား အဆင်ပြေပြေမှ စကားပြောပါ့မလားလို့ ကြိုတွေးပူထားပေမယ့် တကယ်တမ်း တွေ့ကြတော့ ကိုရဲအောင်သူအဖေနဲ့ စကားပြောလို့ အဆင်ပြေနေပြီး တဟားဟားတွေရယ်နေတာတွေ့တော့မှ ကိုယ်ပြုံးနိုင်တော့တယ်..

အစကတော့ စေ့စပ်ပွဲမလုပ်ဘူးလို့ ပြောထားပေမယ့် နောက်ကျတော့ မြန်မာ့ရိုးရာအတိုင်း သတို့သမီးအိမ်ကို သတို့သားမိဘက လာပြီး သမီးတောင်း လုပ်တဲ့ပွဲလေး လုပ်ချင်လာတာနဲ့ ၂၀၁၃ နိုဝင်ဘာ ၂၄ မှာ လုပ်ဖြစ်ခဲ့ပါတယ်.. အမှန်က သီတင်းကျွတ်တာနဲ့ အဲ့ဒါကို လုပ်မယ်လို့ အစက ပြောထားခဲ့ကြတာ.. ဒါပေမယ့် ကိုရဲအောင်သူက မအားလိုက် ကိုယ်က ခရီးသွားလိုက်၊ သူက ခရီးသွားလိုက် ကိုယ်က မအားလိုက်၊ ကိုယ်တို့ ၂ ယောက်စလုံးက အားတော့ လူကြီးတွေက အဆင်မပြေလိုက်နဲ့ ရက်တွေ ရွေ့ ရွေ့လာရင်း နိုဝင်ဘာ ၂၄ မှာ ဖြစ်သွားတယ်.. အလုပ်များတဲ့ သတို့သား သတို့သမီးတွေကို တစ်ခါထဲ ပြောချင်တာက ကိုယ်တိုင်က အလုပ်များနေတာဖြစ်တဲ့အတွက် ဒီလိုမျိုး ကိုယ်မှန်းထားတဲ့ ရက်မှာ မဖြစ်လာတာတွေ လုပ်ချင်တာတွေ မလုပ်လိုက်ရတာတွေ ရှိရင် စိတ်ထဲမှာ သိပ်ထားမနေဘဲ ဖြစ်လာသမျှကို ပျော်ပျော် ပြုံးပြုံးလေး လက်ခံထားဖို့ပါ.. စိတ်ချမ်းသာဖို့က အဓိကပဲ မဟုတ်ဘူးလားနော်..

ကိုယ်တို့ရဲ့ သမီးတောင်းပွဲက အူကြောင်ကြောင်နည်းနည်းနိုင်ပြီး ရယ်လည်းရယ်ရတယ်.. အမှန်က မြန်မာ့ရိုးရာမှာ သမီးတောင်းတယ်ဆိုတာက သတို့သားဘက်က အုန်းပွဲ ငှက်ပျောပွဲနဲ့ လာရတာ.. သတို့သားက သယ်လာပြီးရင် သတို့သမီးဘက်က ငယ်လင်ငယ်မယား စုံတွဲတစ်တွဲလက်ကို ပွဲကိုအပ်ရတယ်.. ပွဲကိုအပ်လိုက်ပြီး သမီးကိုတောင်းပါတယ်ဆိုမှ သတို့သမီးက အိမ်တွင်းခန်းကနေ ရှေ့ထွက်ရတာ.. ပြီးရင် ဟိုဘက်က လူကြီးတစ်ယောက် ဒီဘက်က လူကြီးတစ်ယောက်က ဆုံးမစကားတို့ မိတ်ဆက်စကားတို့ ပြောရတယ်.. ပြီးရင် အဲ့နေ့မှာပဲ လူကြီးတွေ မင်္ဂလာဆောင်အတွက် ညှိကြနှိုင်းကြ ပစ္စည်းတင်ကြ.. စသဖြင့်ပေါ့လေ..အဲလိုလုပ်ရတယ်.. သို့မဟုတ်လို့ စေ့စပ်ပွဲလိုလုပ်မယ်ဆိုရင်တော့ ပွဲမလိုဘူး.. ဒါပေမယ့် စေ့စပ်လက်စွပ်နဲ့ လုပ်ရတာ..

ဒါပေမယ့် ကိုယ်တို့ပွဲကကျတော့.. ကိုရဲအောင်သူကလည်း အုန်းပွဲမယူလာဘူး.. လိုလားလို့ သူက မေးတုန်းက ကိုယ်ကလည်းမသိတော့ မလိုပါဘူးလို့ ဖြေခဲ့တာ.. စေ့စပ်လက်စွပ်လည်း မလုပ်ထားကြဘူး.. သတို့သမီးလောင်းလျာ ကိုယ်ကလည်း ကိုရဲအောင်သူနဲ့ သူ့ဘက်က မိဘတွေ လူကြီးတွေ ရောက်လာကြတော့ အိမ်ခန်းထဲ မနေမိဘဲ အိမ်ရှေ့ကနေ ပြုံးပြုံးကြီး ထွက်ကြိုမိသွားတယ် (သိမှမသိဘဲ).. လူကြီးချင်းကလည်း မိတ်ဆက်စရာမလိုဘူး ရင်းနှီးပြီးသားကြီး.. မင်္ဂလာဆောင်အတွက် ရက်ရွေးတာတို့ဘာတို့ကလည်း အတိကျရွေးလို့မရသေးဘူး.. ဆောင်မယ့် အဓိက လူ ၂ ယောက်အားလား မအားလားက မသေချာသေးလို့.. ပြီးတော့ ပစ္စည်းတင်တဲ့ ကိစ္စတွေလည်းကိုယ်တို့တွေမှာ မရှိဘူး..

ဆိုတော့.. သူတို့တွေရောက်လာတယ်.. ကိုယ်တို့ဘက်ကလည်း မိဘနဲ့ တခြားလူကြီးတွေရှိတယ်.. အချင်းချင်းတွေ မိတ်ဆက်ကြပြီး စကားတွေ တမုန့်စားကြ ရယ်မောကြနဲ့.. ဒီကြားထဲ ကိုယ့်အိမ်က ကျဉ်းကျဉ်းလေးမို့ ဘယ်သူ့ကိုမှ မဖိတ်ထားဘူး ဆိုတာတောင် ဘယ်လိုမှ တားလို့မရတဲ့ သူငယ်ချင်းအရင်းခေါက်ခေါက်တွေက ရောက်လာကြလို့ အိမ်ထဲမှာကလည်း လူတွေ အပြည့်ပဲ.. ဒါပေမယ့် သူငယ်ချင်းတွေရှိတာ အဆင်ပြေသွားတယ်.. မုန့်ပွဲပြင်တာတွေ မုန့်ချတာတွေ ဘာတစ်ခုမှ ကိုယ့်အမေ လှည့်ကြည့်ဖို့မလိုတော့ဘူး.. အဲ့အတွက်လည်း မထိုက်၊ ရတနာ၊ ညီရှား၊ အိဖူး၊ မိလှိုင်၊ ဇေယျာစု၊ ဂျွန် တို့ကို ကျေးဇူးတင်ပါတယ်..

အဲလိုနဲ့ အဲ့နေ့က စကားပြောကြ ရယ်ကြ မုန့်စားကြပြီး လူကြီးတွေပြန်သွားကြတယ်.. ရက်ကို ကိုယ်တို့ ၂ ယောက်သဘောနဲ့ ရွေးထားတဲ့ ရက်ကို လုပ်မယ်ဆိုပြီး ဖေဖော်ဝါရီ ၁၆ ရက်ဆိုပြီး သတ်မှတ်ပြီး ပြန်သွားကြတာပဲ.. ဒါပေမယ့် နောက်ရက်ကြမှ ကိုရဲအောင်သူရဲ့ အိမ်က ဖုန်းဆက်လာတယ်.. အဲ့ဒိနေ့က ပြဿဒါးနေ့ကြီးတဲ့ မလုပ်နဲ့တဲ့ ရက်ပြောင်းပါတဲ့..

အမှန်ဆို လူကြီးချင်းတွေ့တဲ့ ပွဲမှာကတည်းက ရက်အတည်ရွေးရမှာ ဖြစ်ပေမယ့် flexible သိပ်ဖြစ်တဲ့ ကိုယ်တို့တွေလည်း တစ်ခါပြန်ပြီး ရက်ကိုရွေးကြပြန်ပါတယ်..

+ + + + + + + + + + + + + + + + + + + + + + + + + + + + + +
အပိုင်း (၄) Date & Venue ဆက်ရန်>>
<< အပိုင်း(၁) Healthy Relationship
<< အပိုင်း(၂) Propose

2 comments:

  1. မြန်မြန်ဆက်ရေးပါဗျိုးးးးး

    ReplyDelete
  2. looking forward to read part 4... :)

    ReplyDelete

your comment please

Powered by Blogger.